ဓမ္မနှင့်ပတ်သတ်ပြီး ဘာမှမသိသေးဘဲ မိမိကိုယ်ကို
ရုပ်ဝါဒသမားဟု ခံယူထားသော လူသားထဲတွင် ကျွန်တော်ပါဝင်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိအားကောင်းသူလည်း
ဖြစ်ပါသည်။ ရတနာသုံးပါး အကြောင်း အခြားသူများ ပြောဆိုဆွေးနွေးနေလျှင် သူတို့ပြောဆိုနေသည့်
ဦးတည်ချက်ကို ကတ်ဖဲ့လုပ်ပြီး ငြင်းခုံရခြင်းကိုလည်း အလွန် ၀ါသနာပါပါသည်။
ဤဆောင်းပါးကို ရေးသားရခြင်းမှာ ကျွန်တော့်လိုလူစားများ အချိန်မီ စဉ်းစား ချင့်ချိန်
တွေးတောပြုပြင်နိုင်ကြစေရန် ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ခန့်က ဖြစ်ပါသည်။
ဦးအေးမြင့်ဆိုသည့် မိတ်ဆွေကြီးက ဖျာပုံမြို့၊လိပ်ဥကုန်း ဘုရားအနီး ဓမ္မရိပ်သာတစ်ခုတွင်
တရားစခန်းတစ်ခုရှိကြောင်း၊ ကျွန်တော့်လို လူစားမျိုးသည် ထိုရိပ်သာတွင် တရားအားထုတ်ကြည့်သင့်ကြောင်း၊
ကမ္မဋ္ဌာန်းပေးဆရာတော်ကြီးသည် အလွန်ထက်မြတ်ထူးခြားကြောင်း လာပြောပါသည်။
"ဘယ်လိုထူးခြားသလဲ" ဟုမေးသောအခါ
"ခင်ဗျားကိုယ်တိုင် ၀င်ကြည့်မှသိမှာပေါ့" ဟု ပြန်ပြောပါသည်။ သူ၏လေသံတွင်
ကျွန်တော်၏ဘာသာရေး အတွေးအခေါ်များကို စိန်ခေါ်သည့်အသံ ပါနေပါသည်။
သူအကြောင်းမဲ့လာပြောနေခြင်းတော့
မဟုတ်နိုင်ဟု စိတ်ထဲတွင် သိလိုက်သည်နှင့် တရားရိပ်သာသို့ ကိုယ်တိုင်သွား၍
ဆရာတော်ကို စုံစမ်းသည့်သဘောနှင့် ဖူးတွေ့ခဲ့ပါသည်။
ဆရာတော်ကိုဖူးတွေ့ခွင့်ရသောအချိန်သည်
ညနေခင်းအချိန်ဖြစ်ပါသည်။ ပြင်ပမှလာသည့်ဧည့်သည်များကို ဖူးမျှော်ခံနေသည့်အချိန်ဖြစ်သဖြင့်
ဆရာတော်အရှေ့တွင် ပရိသတ်ရှင်းသည်အထိ တံခါးဝမှာ အတော်ကြာကြာ မတ်တပ်ရပ်ပြီးစောင့်နေခဲ့ပါသည်။
ကတ်တီးကတ်ဖဲ့ လုပ်တတ်သော
ညာဉ်ရှိသည့်အတိုင်း ထိုသို့စောင့်နေရင်းဖြင့် ဆရာတော်ကို စိတ်ထဲမှာ ဤသို့ လျှောက်ထားခဲ့ပါသည်။
မိမိလျှောက်ထားသည့်အတိုင်း ဖြစ်လာနိုင်မည် မဟုတ်ပါဟုလည်း ကြိုပြီး တွက်ဆထားပါသည်။
"လောကတွင် သီလ၊ သမာဓိ၊
ပညာပြည့်စုံသူများရှိသည်" ဟု စာပေများတွင် ဖတ်ဖူးသည်။ ဤမြင်တွေ့နေရသော ဆရာတော်သည်
ထိုသို့သောပုဂိုလ်ဖြစ်နေလျှင် ယခုစိတ်ဖြင့် လျှောက်ထား အပ်သောစကားများကို သိရှိနိုင်ပါစေသတည်း။
"ငါသည် အကုသိုလ်ဟု
အများက သတ်မှတ်ထားသောအလုပ်များကို အမှန်တကယ်အားဖြင့် အပြစ်မရှိနိုင်ဟု မိမိဥာဏ်ဖြင့်
ဆုံးဖြတ်ကာ မကြောက်မရွံ့ ကျူးလွန်ခဲ့ဖူး၏။ အကယ်၍ ထိုအမှုများသည် အပြစ်သာရှိခဲ့လျှင်
ကျူးလွန်ခဲ့သော ငါ၏ဦးခေါင်းထဲ၌ အကုသိုလ်အညစ်အကြေးများဖြင့် ပြည့်နှက်နေမည် အမှန်ဖြစ်၏။
ဤကဲ့သို့ စွန်းထင်းပေကျံနေသော အညစ်အကြေးများကို လျော့ပါးသွားစေရန် ဖယ်ရှားပေးသည့်အနေဖြင့်
ငါ၏ဦးခေါင်းကို ဤရဟန်းတော်သည် သူ၏ခြေထောက်အစုံဖြင့် ပွတ်သပ်ဖယ်ရှားပေးစေပါသတည်း။"
မှတ်ချက်။ (ထိုစဉ်က ဦးနှောက်နှင့် နှလုံးသားတို့၏သဘော သဘာဝကို ယခုလောက်နားမလည် သေးသဖြင့်
ဦးနှောက်တည်ရှိသော ဦးခေါင်းထဲ၌ အကုသိုလ်တွေ စုဝေးနေမည်ဟု ယူဆထားခဲ့ပြီး စမ်းသပ်မှုတစ်ခု
ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။)
အထက်ဖော်ပြပါ လျှောက်ထားချက်များကို
ဆရာတော်အား စူးစူးစိုက်စိုက်ကြည့်၍ စိတ်ထဲမှ သုံးကြိမ်သုံးခါ လျှောက်ထားလိုက်ပါသည်။
လျှောက်ထားပြီးချိန်တွင် ပရိသတ်ရှင်းသွားပြီဖြစ်သဖြင့် ဆရာတော်ရှေ့သို့ သွားကာ
ကျုံ့ကျုံ့ထိုင်ပြီး ဦးချလိုက်ပါသည်။
ဆရာတော်က ကြိမ်အပြည့်ထိုးထားသော
ရှေးဟောင်းလက်တင် ပက်လက်ကုလားထိုင်ကြီး တစ်ခုပေါ်တွင် ထိုင်နေခြင်း ဖြစ်ပါသည်။ တစ်ကြိမ်၊
နှစ်ကြိမ် ဘာမျှမထူးခြားသေးပါ။ သုံးကြိမ်မြောက် ဦးချပြီးသော အခါတွင်ကား ဦးခေါင်းကို
ပြန်ထောင်၍ မရတော့ပါ။ နူးညံ့လေးပင်သော အရာတစ်ခုက ခေါင်းကို ဆတ်ကနဲ့ ဖိထားလိုက်သလို
ခံစားရပါသည်။
ထို့နောက် ဦးခေါင်းတစ်ခုလုံးကို
နေရာလပ် မကျန်အောင် အချိန်ကြာမြင့်စွာ လှည့်ပတ်ပွတ်သပ်နေသည့် အထိအတွေ့ကို ခံစားရပါသည်။
သို့ရာတွင် ထိုအတွေ့အထိသည် လွန်စွာနူးညံ့ပျော့ပြောင်းလှသဖြင့် ခြေထောက်ဖြင့် ပွတ်သပ်နေခြင်းမဟုတ်နိုင်။
လက်ဖြင့် ပွတ်သပ် နေခြင်းသာဖြစ်ရမည်ဟု သံသယအတွေးများ ၀င်ရောက်လာခဲ့ပြီး "တစ်ခုခုတော့
လွဲနေပြီး" ဟု တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ဆရာတော်သည် သူ၏ခြေဖ၀ါးအစုံးကို ကျွန်တော်၏
နားထင်နှစ်ဖက်ဘေးသို့ ဖျန်းခနဲ ချပြလိုက်ပါသည်။
မင်းခေါင်းကို ပွတ်သပ်နေတာ
လက်မဟုတ်ဘူး၊ ခြေထောက်တွေပဲကွ ဟု ဆရာတော်နှုတ်က ဖွင့်မပြောသော်လည်း ကျွန်တော်နားကကြားလိုက်ပါသည်။
တစ်သက်လုံးမဖြစ်ဖူးသော ထိတ်လန့်မှု၊ မဖြစ်ဖူး သောနောင်တ၊ မဖော်ပြတတ်သော ဝေဒနာတို့သည်
မျက်ရည်များအဖြစ်ပြောင်းလဲကာ မျက်လုံးအိမ်နှစ်ဖက်မှ ဒလဟောစီးကျလာသည်။ တပည့်တော်အား
ကယ်တော်မူပါ ဟူသော မျက်လုံးများဖြင့် ဆရာတော်၏ မျက်နှာကို အားကိုးတကြီးဖြင့်
မော့ပြီးဖူးလိုက်ပါသည်။
"ဒကာကြီးနာမည် ဘယ်လိုခေါ်သလဲ"
"ဦးဖုန်းမြင့်ပါဘုရား"
"ဦးဖုန်းမြင့်က ချိန်သီးလို
လူစားမျိုးပဲ"
ဆရာတော်၏စကားကို ကြားလိုက်သောအချိန်တွင်
အလွန်အားကောင်းသော မီးမောင်းကြီး ဖြင့် မျက်စိကို ထိုးလိုက်သလို လင်းခနဲ ခံစားလိုက်ရပြီး
ကြက်သီးများ တဖြန်းဖြန်းထလာပါသည်။ မျက်ရည်များလဲ စီးကျနေဆဲဖြစ်ပါသည်။
"ဘုန်းကြီးပြောတာ
သဘောပေါက်သလား"
"သဘောပေါက်ပါတယ်ဘုရား"
"သဘောပေါက်ရင်
ဒကာကြီး ပြန်တော့။ ချမ်းသာပါစေ... ချမ်းသာပါစေ..."
ဤနေရာတွင် ဆရာတော်နှင့်ကျွန်တော်
အပြန်အလှန် ပြောဆိုနေကြသည့် စကားများကို ဘေးလူတွင် နားလည်မည်မထင်ပါ။ ဆရာတော်၏ မေတ္တာဓါတ်ကြောင့်
ကျွန်တော်နားလည်လိုက်သည်က ဒကာကြီးဟာ ချိန်သီးလို အစွန်းတရားနှစ်ပါးရဲ့ အဆုံးအထိ တလှည့်စီ
ပြေးလွှားနေတဲ့လူစားမျိုးပဲ ဟူ၍ ဖြစ်ပါသည်။
ကျွန်တော်ကြားဖူးသမျှ ဆုံးမစကားများတွင်
အတိုင်းမသိ ကျယ်ဝန်းသော အတိုဆုံး ဆုံးမစကားများ ဖြစ်ပါသည်။
ဆရာတော်ရှေ့မှောက်မှ ထွက်ခွါခဲ့ပြီး
နောက်ထပ်ဖွင့်မည့် တရားပတ်တွင် တရားအားထုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ တစ်သက်လုံးမလုပ်ဖူးသော
ကုသိုလ်အလုပ်ကို လုပ်တော့မည်ဟု သိရသဖြင့် ဇနီးသည်က ၀မ်းသာအားရဖြင့် ရိပ်သာဝင်ရန်
အိပ်ရာလိပ်များ အထုပ်အပိုးများကို အစောကြီး ကတည်းက ကြိုတင်ပြင်ဆင် ပေးပါသည်။
သူကိုယ်တိုင်က မိုးကုတ်ရိပ်သာတွင် မကြာခဏ တရားစခန်းဝင်နေသူ ဖြစ်ပါသည်။
ဘာသာရေးနှင့်ပတ်သက်ပြီး
ရှေးက ကျွန်တော်ပြောဆို သုံးနှုန်းခဲ့သော စကားများသည် များစွာအစွန်း ထွက်သဖြင့် ရှင်နဲ့ပေါင်းရတာ
ကျုပ်တော့ တဖြည်းဖြည်းနဲ့ ကြောက်တောင်လာပြီ ဟု ဇနီးသည်က မကြာခဏပြောခဲ့ဖူးရာ ယခုကဲ့သို့
ရိပ်သာဝင် တရားအားထုပ်မည်ဟု သိရသောအခါ သူဘယ်မျှ စိတ်ချမ်းသာနေမည်ကို ကျွန်တော်ခန့်မှန်းမိပါသည်။
ထိုအချိန်ကာလများက ကျွန်တော်၏ကျန်းမာရေးသည်
အလွန်ကောင်းနေပါသည်။ ခေါင်းခဲ ဖျားနာ ဘာမျှ မဖြစ်ခဲ့ပါ။ သို့သော် ရိပ်သာဝင်မည့်နှစ်ရက်အလိုတွင်
ဘာကြောင့်မှန်းမသိ အပြင်းဖျားပါတော့သည်။ ရိပ်သာမ၀င်နိုင်မည်ကို စိုးရိမ်သဖြင့် ဆရာဝန်ထံ
ချက်ချင်းပြေးကာ ဆေးကုသမှု ခံယူပါသည်။ ဆရာဝန်သည် ရင်းနှီးပြီးသား မြို့တွင်နာမည်ကြီး
ဆရာဝန် တစ်ဦးဖြစ်ပါသည်။
“ဆရာ ကျွန်တော် ဖျားနေလို့”
“ဖျားရင် ဆေးထိုးပေါ့ဗျာ”
ဟု ပြုံးစစနှင့် ပြန်ပြောပါသည်။
“ဆရာနောက်မနေနဲ့၊ မနက်ဖြန်
ကျွန်တော် ခုနစ်ရက်တရားစခန်းဝင်ဖို့ စာရင်းပေးထားတယ်။ အဲဒါမ၀င် နိုင်မှာစိုးလို့”
သူမျက်နှာ နည်းနည်းတည်သွားပြီး ကုတင်ပေါ်တွင်
လှဲစေကာ သေသေချာချာ စမ်းသပ်ပါသည်။ ထိုဆရာဝန်သည် သံဃာတော်များ၊ ကိုရင်လေးများ၊
သီလရှင်ဆရာကြီး ဆရာလေးများ ဆေးကုလာလျှင် အခမဲ့ကုသိုလ်ဖြစ် ဆေးကုသပေးနေသူ တစ်ဦးဖြစ်ပါသည်။
“ထူးထူးခြားခြားဖြစ်တဲ့ ရောဂါလက္ခဏာတော့ မတွေ့ဘူးဗျ၊
သိပ်လည်းစိတ်ပူမနေပါနဲ့၊ တရားစခန်း ၀င်မှာဆိုတော့ မြန်မြန်ပျောက်အောင် ညနေကို တစ်ခါလာခဲ့ဦး၊
အခုဆေးထိုးပေးလိုက်မယ်။”
သူမှာသည့်အတိုင်း ညနေပိုင်းမှာ
ဆေးတစ်ခါ သွားထိုးခဲ့ပါသည်။ ကိုယ်ပူတော့ ကျမသွားပါ။ နောက်တစ်နေ့ မနက်တွင် ကတုန်ကယင်ဖြစ်ပြီး
ပိုဆိုးလာပါသည်။ ဆရာ့ထံ ထပ်သွား၍ ဆေးထိုးရပြန်ပါသည်။ ဆရာလည်း ကျွန်တော့ကို ကြည့်၍ ခေါင်းနည်းနည်းခဲသွားပုံ
ရပါသည်။
“ပေးလိုက်တဲ့ဆေးတွေရော
စားရဲ့လား”
“စားပါတယ်ဆရာ”
“တရားဝင်ရမှာ ဒီညနေနော်”
“ဟုတ်ပါတယ်ဆရာ”
“အခြေအနေ ကြည့်သွားပေါ့ဗျာ၊
စားဆေးတွေကိုတော့ ခုနစ်ရက်စာ ထည့်ပေးလိုက်မယ်” ဟု ဆရာက မတင်မကျ ပြောပါသည်။
ထိုနေ့ တစ်နေ့လုံး
နုံးချိနေပါသည်။ “ ထင်ရာတွေလုပ်တော့ ဒေါင်ဒေါင်မြည်၊ ကောင်းတာလုပ်မည်
ကြံတော့မှ ဖျားရသလား” တွေးမိကာ မိမိကိုယ်ကို များစွာမကျေမနပ် ဖြစ်ရပါသည်။ သည်လိုနှင့်
ရိပ်သာသွားဖို့ ညနေပိုင်းအချိန်ကို ရောက်လာပါသည်။
လောက၌ အနှောက်အဖျက်တရားတွေ
ရှိတတ်သည်။ ထိုမမြင်ရသော အဖျက်အနှောက် တရားတွေက အမှန်တရားတစ်ခုကို မသိမြင်နိုင်စေရန်
မိမိအား ဟန့်တားနေကြပြီလားဟု သံသယဖြစ်မိလိုက်သည်။
ထိုသို့ တွေးလိုက်မိသည်နှင့်
အချိန်သိပ်ဆိုင်းမနေဘဲ အိမ်ရှေ့ခြံဝင်းသို့ ထွက်ကာ “ငါတရားဝင်မှာမို့ နှောက်ယှက်နေတာဆိုရင်
ဂရုမစိုက်ဘူးကွ၊ မင်းတို့ ဘာကောင်တွေလဲ ငါ့ကိုသေအောင်လုပ်နိုင်ရင် လုပ်လိုက်၊
ငါကတော့ ရိပ်သာကို ရောက်အောင် သွားမှာပဲ” ဟု ပါးစပ်က အသံထွက်ပြီး မမြင်ရသော
ရန်သူများကို စိန်ခေါ်လိုက်ပါသည်။
ဇနီးသည်က “ဒီလောက် နေမကောင်းဖြစ်နေရင်
ရိပ်သာမ၀င်ပါနဲ့တော့၊ ၀င်လို့လဲ ရမှာမဟုတ်ပါဘူး” ဟု ပြောကာ တားပါသည်။ တားနေသည့်ကြားကပင်
ဆိုက်ကားကို အိမ်ရှေ့ အရောက်သွားခေါ်စေပြီး ဆိုက်ကားပေါ်သို့ ဒယိမ်းဒယိုင်တက်ကာ
ရိပ်သာသို့ ဇွတ်ထွက် ခဲ့ပါတော့သည်။
ဆရာတော်ကျောင်းဝင်းအတွင်းသို့
ရောက်သောအခါ လူက လန်းဆန်းကြည်လင် ပေါ့ပါးသွားပါသည်။ မိမိနေထိုင်ရမည့်အဆောင်တွင် အိပ်ယာလိပ်များ၊
အ၀တ်အစားများကို နေရာချပြီးသောအခါတွင် အဖျားရောဂါ လုံးဝပျောက်ကင်းနေပြီဆိုတာကို ကိုယ်တိုင်ခံစား
သိရှိလိုက်ပါသည်။ ယခုကဲ့သို့ ချက်ချင်းနေပြန်ကောင်းသော ရောဂါမျိုးကို ကျွန်တော်
တစ်ခါမျှ မကြုံခဲ့ဖူးပါ။
ဆရာဝန်က ခုနစ်ရက်စာပေးလိုက်သော
စားဆေးများကိုလည်း လုံးဝမသောက်ရတော့ပါ။ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် ဆရာတော်၏ရှေ့မှောက်တွင်
အဓိဋ္ဌာန်ပြည့်သည်အထိ တရားအားထုတ်ခွင့် ရခဲ့ပါသည်။
တရားရိပ်သာမှ ထွက်လာသောအခါတွင်
ဘာသာရေးနှင့်ပတ်သတ်ပြီး ရှေးယခင်က ရူးရူးမိုက်မိုက် ယုံကြည်ယူဆထားခဲ့သော
အတွေးအခေါ် အသိအမြင်တို့သည် အကုန်လုံး ပြောင်းပြန်လန်သွားကြပါသည်။ ဆရာတော်၏ ကျေးဇူးကား
ကြီးမားလှပါ၏။ ဆရာတော်၏ ရှေ့မှောက်သို့ အရောက်တွန်းပို့ခဲ့သော ဦးအေးမြင့်ကိုလည်း
ကျေးဇူးတင်ရပါသည်။
အဲဒါ “ဘယ်ဆရာတော်ကြီးလဲ”
ဟု မေးချင်စိတ် ဖြစ်နေကြည်မည်ဟု ကျွန်တော်ထင်ပါသည်။ ထို ဆရာတော်ကြီးမှာ
မြန်မာနိုင်ငံ အနှံ့အပြားနှင့် အမေရိကန်နိုင်ငံတွင် တရားရိပ်သာများ ဖွင့်လှစ်၍
သတိပဋ္ဌာန် ၀ိပဿနာတရားတော်များကို ဟောပြောပြသနေသော တန့်ကြည့်တောင် ရန်အောင်ချမ်းသာ
ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမဗုဒ္ဓိ ဖြစ်ပါသည်။
နောက်ထပ်မေးချင်နေအုံးမည်ဖြစ်သည့်
“အဲဒီဆရာတော်ကြီးဆီမှာ တရားဝင်တော့ ဘာတွေထူးခြားသလဲ” ဟူသော မေးခွန်းကိုတော့ ကိုယ်တိုင်ဝင်ကြည့်မှ
သိမှာပေါ့ ဟူသော အဖြေကို ပေးလိုက်ချင်ပါသတည်း။
ဦးဖုန်းမြင့် (၃၁- ၁၀-၂၀၁၀)
ကွယ်လွန်သည်။
ဖျာပုံ မောင်သွေးသီ
အတွဲ (၁၁)၊ အမှတ်
(၁၀)
၂၀၁၀၊ အောက်တိုဘာလ ထုတ်
“အပ္ပမာဒ ဓမ္မမဂ္ဂဇင်း” မှ
No comments:
Post a Comment