ပြည်ပမှာ အလုပ်လုပ်ပြီး
အမျိုးဘာသာ သာသနာအတွက် တတ်စွမ်းသလောက် အဖွဲ့အစည်းလေးတွေဖွဲ့ပြီး လုပ်ဆောင်နေကြတဲ့ လူငယ်တွေ
ထိုင်းနိုင်ငံအနှံ့ ရှိကြပါတယ်။ တကယ်လည်း လေးစားဂုဏ်ယူပါတယ်။ လူငယ်ကောင်းမှ လူကြီးကောင်းမှာဆိုတော့
နောင်တစ်ချိန်လူကြီးလုပ်မယ့် အနာဂတ်လူကြီးလောင်းတွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို
တွေ့နေမြင်နေရလို့ပါ။ မနေ့ညနေက အမျိုးဘာသာ သာသနာအတွက် ပြည်ပရောက် ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း
ညီညီညွှတ်ညွတ်နဲ့ ကုသိုလ်ကောင်းမှုများ လုပ်နေကြတဲ့ လူငယ်တွေ မျက်နှာမသာမယာနဲ့ ရောက်လာကြတယ်။
ဘာဖြစ်လာကြတာလဲ မျက်နှာက မသာမယာနဲ့လို့ မေးလိုက်တော့၊ တပည့်တော်တို့ တရားပွဲတွေလုပ်တာကို
ဆရာလာမလုပ်ရလို့ ပတ်မကြီး ဓားနဲ့ ထိုးဖောက်ချင်တဲ့ သူတွေက မင်းတို့မျိုးချစ်မြန်မာဆရာတော်က
စီးပွားရှာနေတာလား ဘာတွေလုပ်နေလဲ ဘာညာနဲ့ ၀ိုင်းပြောကြတယ်ဘုရား၊ ပြီးတော့ သူတို့တွေက
လူငယ်တွေမဟုတ်ဘူး လူကြီးတွေဘုရားတဲ့။
အင်းခက်ချေပြီကော မောင်ကျောင်းသားတို့ရယ်၊
ကုသိုလ်တွေပေးနေတာကိုမှ ကုသိုလ်မယူတတ်၊ ဇိကုတ်ပြီး နတ်ပြည်ပို့ပေးနေတာမှ နတ်ပြည်မလိုက်ချင်၊
ညီညွှတ်မှုမရှိလို့ စိတ်ဓာတ်တွေအမျိုးးမျိုးကွဲလို့ (အုပ်ချုပ်သူနဲ့လဲဆိုင်တာပေါ့လေ)
တိုင်းပြည်က ကုန်းကောက်စရာမရှိအောင် ဂျုန်းဂျုန်းကျမွဲ၊ အရင်ဘ၀က အကုသိုလ်အကျိုးပေးအားကြီးလို့
အခုဘ၀ဆင်းရဲ၊ ဒီဘ၀မှာလဲ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓာတ်တွေ ဆက်မွေးနေအုံးမယ်ဆိုရင် ယထာ
ကမ္မံ ဂတော - ကံအားလျှော်စွာ သွားကြပေဦးတော့ပေါ့။
မွတ်စလင်ဖြစ်စေ၊ ခရစ်သျှန်ဖြစ်စေ၊
ဗုဒ္ဓဘာသာဖြစ်စေ၊ ဟိန္ဒုဖြစ်စေ အဓိကက စိတ်ထားတွေကောင်းနေဖို့ပါ၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့
ဗြဟ္မစိုရ်တရားတွေနဲ့ အချင်းချင်း နားလည်မှု ယုံကြည်မှုတွေ နေနိုင်ကြမယ်ဆိုရင် လောကကြီးဟာ
ပျော်စရာကြီးပါ။ ဗုဒ္ဓဘာသာဖြစ်နေရုံနဲ့ အပါယ်မကျနိုင်ဘူးလို့ အာမမခံနိုင်ပါဘူး၊ မိမိက
ဗုဒ္ဓဘာသာ ခံယူထားပြီး ကာယကံ ၀စီကံ မနောကံနဲ့ မကောင်းမှု အကုသိုလ်ဒုစရိုက်တွေကို ပြုလုပ်နေမယ်၊
ဘုရားမေ့ တရားမေ့ သံဃာမေ့ ဘာသာ သာသာနာမေ့ပြီး တိုင်းပြည်နဲ့ လူမျိုးကိုတောင် မေ့နေအုံးမယ်ဆိုရင်တော့
လားရာဂတိကို ဧကန်မုချ ကြိုသိနိုင်ပါတယ်။
ပြီးခဲ့တဲ့ တတိယအကြိမ်
ကထိန်းသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမှာ မျိုးချစ်မြန်မာလူငယ်များနဲ့ ရွှေပါရမီ ပညာဒါန မိသားစုများ၏
ကြိုးစားအားထုတ်မှုကြောင့် ပင့်သံဃာ ၁၅ ပါးကို ပင့်နိုင်ခဲ့ပြီး ဘတ် ၁၅၀၀ တန် သင်္ကန်း
ထီး ဖိနပ် ယပ် တစ်စုံစီနဲ့ ဘတ်ငွေ ၅၀၀၀ စီ လှူဒါန်းနိုင်ခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာလည်း
ဓမ္မာရုံများ၊ စာကြည့်တိုက်များ စာသင်ကျောင်းများနဲ့ ကိုးတောင်ပြည့်ဘုရား လှူဒါန်းနိုင်ခဲ့ပါတယ်။
လူမှုကူညီရေးအသင်းအဖွဲ့များကိုလည်း အောင်မြင်စွာဖွဲ့စည်းပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကိုလဲ
လုပ်နိုင်ခဲ့ပါတယ်။
လူတွေက ဗုဒ္ဓဘာဖြစ်ရုံနဲ့
အပါယ်မကျတော့ဘူး အပါယ်တံခါးပိတ်ပြီ ထင်နေကြတယ်၊ ရတနာသုံးပါးကို အပြစ်မပြောနဲ့ မိဘ ဆရာသမားတွေကို
အပြစ်ပြောရင်ပဲ ဆိုးကျိုးက မတွေးရဲစရာ၊ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာ ခံယူထားပြီး ရတနာသုံးပါးကို
ကဲ့ရဲ့မယ်၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးကို မယုံကြည်ဘူးဆိုရင် တကယ့် ဗုဒ္ဓဘာသာအစစ်မဟုတ်ပါဘူး။
မိဘတွေ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးတွေကို သိပြီးကျေးဇူးမဆပ်ရင်လည်း တကယ့် သားရတနာ သမီးရတနာတွေ
မဟုတ်သေးပေဘူး။ မိမိရဲ့ ပင်ကိုယ်စိတ်ဓာတ်ညံ့ဖျင်းလို့ ပြောဆို ပြုမူလိုက်တာတွေဟာ မိမိနဲ့သာ
ဆိုင်တယ်ဆိုပေမယ့် လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖတဲ့ မိမိရဲ့ ပင်ကိုယ်စိတ်ဓာတ်ညံ့ဖျင်းမှုကြောင့်
ပြောဆိုပြုမူလိုက်တဲ့အမှုတွေဟာ တနည်းတစ်ဖုံနဲ့ မိမိရဲ့ မိဘတွေ ဆရာသမားတွေကို ထိခိုက်တတ်ပါတယ်။
မောင်ကျောင်းသားတို့လဲ
အတတ်နိုင်ဆုံး ဆင်ခြင်ပါ၊ လိုက်နာပါ။ မိမိက အရက်သောက်တယ်၊ လိမ်တယ်၊ ညှာတယ်၊ လောင်းကစားတွေနဲ့
အချိန်ဖြုန်းနေတယ်။ သူ့အသက်သတ်တယ်၊ မိန်းမကြူးတယ်၊ အိမ်ထောင်ရေးဖောက်ပြားတယ်၊ ခိုးတယ်
ဝှက်တယ်ဆိုရင် မိမိလုပ်လိုက်တဲ့ မကောင်းမှုအကုသိုလ် ဒုစရိုက်ရဲ့အကျိုးကို ခံရမှာက နောက်ပါ၊
ပစ္စုပ္ပန်မျက်မှောက်ဘ၀မှာပဲ အထင်အမြင်သေးခံရမယ်၊ အကဲ့ရဲ့ခံရမယ်၊ မိဘဂုဏ် ဆရာသမားဂုဏ်တွေထိခိုက်မယ်၊
အဲ့ဒီလိုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရပါမယ်၊ မသိလို့ စိတ်ခံစားမှုကို ဦးစားပေးမိလို့
မကောင်းမှုကို ကျူးလွန်မိခဲ့ရင်လည်း ဒါတွေဟာ မကောင်းမှု အကုသိုလ်တွေပါလားလို့သိပြီး နောက်နောင်ကို
မလုပ်ဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။
မိမိတို့လုပ်နေတဲ့အလုပ်တွေဟာ
ကိုယ်ကျိုးမပါဘူး၊ အမျိုးဘာသာ သာသနာအတွက် တစ်ဖက်တလမ်းက တတ်နိုင်သလောက် ဆောင်ရွက်နေကြတယ်။
မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကို ဘယ်အရပ် ဘယ်ဒေသရောက်ရောက် ချစ်မြတ်နိုးနေကြတယ်၊
ကာကွယ်နေကြတယ်၊ မြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကို မြန်မာလူမျိုးတွေပဲ ကာကွယ်ရမှာပါ၊
ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ လာမကွယ်ပါဘူး၊ ကိုယ့်ရိုးရာ ကိုယ့်လူမျိုးတွေရဲ့ဓလေ့ထုံးစံတွေကို
မိမိကိုယ်တိုင်က မလိုက်နာ မကာကွယ် တိုင်းတစ်ပါးမှ အကောင်းထင်၊ မိမိတို့ရဲ့ မြန်မာ့ရိုးရာ
အလေ့အထတွေကို ကာကွယ်ဖို့ကြိုးစားဆောင်ရွက်နေသူကို အဆိုးမြင်ပြီး အမေကျော်ဒွေးဒေါ် လွမ်းနေကြတာကတော့
အံ့ပါရဲ့ကွယ်။
မိမိတို့လုပ်နေတဲ့ အများအကျိုးပြု
တိုင်းပြည်နဲ့လူမျိုး၊ အမျိုးဘာသာ သာသနာဂုဏ်တက်စေမယ့်အလုပ်မျိုးကို လုပ်လို့ သစ္စာဖောက်
အသားထဲကလောက်ထွက်တဲ့သူတွေ ဖားတစ်ပိုင်း ငါးတစ်ပိုင်း မျိုးမစစ်တွေက ကြိုက်သလိုပြောကြ
ဆိုကြနေပါစေ၊ မကြားချင်ယောင်ဆောင် စိတ်ထဲမထား အမုန်းမထား အကုသိုလ်မပွားပဲ၊ သူများအကုသိုလ်
ကိုယ့်အကုသိုလ်မဖြစ်စေပဲ၊ ကိုယ်လုပ်ရမယ့်အလုပ်ကိုသာ စိတ်ကောင်းလေးထား မေတ္တာပွားပြီး
ဆက်လုပ်ကြပါ၊ သူများပြောလို့ စိတ်ဓာတ်တွေ ယိုင်လဲသွားမယ်၊ သူများစကား နားယောင်သွားမယ်ဆိုရင်တော့
မိမိကိုယ်တိုင်က သူများစတွေးခွက်ထဲရောက်သွားပြီဆိုတာကို သဘောပေါက်ထားကြပါ။ ဘယ်အရပ်ဘယ်ဒေသမှာ
တရားပွဲရှိတယ်ဟေ့ တရားပွဲသွားကြစို့ဆိုတဲ့ သူတော်ကောင်း မိတ်ဆွေ လောကမှာ ရှားပါတယ်။
ဘယ်မှာ ရှိုးပွဲရှိတယ်၊ ဘယ် Night Club က ဆော်လေးတွေက လန်းတယ်၊ ဘယ်ဘီယာဆိုင်က ကောင်းတယ်
ပြောတဲ့သူကများပါတယ်။ တနင်္ဂနွေအလုပ်ပိတ်ရက်တိုင်း ကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေက ရှားပါတယ်၊
အခန်းထဲ စုပြီး ဘီယာသောက်၊ ဖဲရိုက်နေကြသူတွေကများပါတယ်။ ဒီလိုအရပ်ဒေသမျိုးမှာ အခုလိုအပင်ပန်းခံကာ
သာသနာပြုနိုင်ခဲ့လို့လဲ လမ်းမှန်ကို ရောက်လာတဲ့သူတွေ ရှိသလောက်တော့ ရှိလာပါပြီ၊ အသက်ကြီးပြီး
ဘာသာ သာသနာအသိ မရှိလို့ မိုက်နေကြသူတွေတော့ ရှိသေးတာပေါ့။ ကောင်းတဲ့သူတွေအတွက် ကောင်းတဲ့နေရာ
အမြဲရှိနေသလို။ မကောင်းသူတွေအတွက်ကလည်း အပါယ်ငရဲက ရှိနေပြီးသားပါ။ မိမိလုပ်တဲ့အလုပ်ကိုသာ
လိပ်ပြာသန့်သန့်နဲ့ ဆက်လုပ်နိုင်ကြပါစေ။
နောက်နောင်ကို မင်းတို့ဆရာတော်
ဘာလုပ်နေသလဲမေးရင် ဟိုတုန်းကလုပ်ခဲ့တာတွေကတော့ အများကြီးပဲ၊ အခုတော့ ဦးကျော်သူ (ရန်ကုန်)၊
ဦးလှထွန်း(မြ၀တီ) ကိုရှည်ကြီး(မဲဆောက်)၊ ဦးထွန်း(မယ်ဆိုင်) မနောဖြူစင်(မဲဆောက်)၊
မြင့်မြတ်နှလုံးသား(မဟာချိုင်) တို့လို ဘန်ကောက်မှာ မသာချဖို့ လုပ်နေတာမို့ ဘန်ကောက်မှာနေပြီး
သေတော့မယ်ဆိုရင် သေသွားပြီဆိုရင်တော့ နာရေးကူညီမှုအသင်း-ဘန်ကောက်ကို အချိန်မီဖုန်းထိုးနိုင်ကြောင်း
ကြော်ငြာပေးပါ။
We are ready to send
dead person or corpse to Funeral or cemetery.
မသာပို့ဖို့ အရံသင့်ဖြစ်နေပါပြီ
လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ
အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။
No comments:
Post a Comment