ပြောရအုံးမယ် မဆိုင်းသူရေ
--
အခြေနေမပေးလို့ တစ်ရေတစ်မြေစီဝေးပြီး
စာမလာ အကြောင်းမကြားလို့ မေ့သွားပြီမထင်လိုက်ပါနဲ့။ ဘဘုန်းခရီးသွားနေသ၍ ကျောင်းစောင့်ကျနေတာနဲ့
အကြောင်းမတိုက်ဆိုင်လို့ပါ၊ အခုတော့ မဆိုင်းသူရဲ့ ကြုံတောင့်ကြုံခဲ ကထိန်အလှူမင်္ဂလာရက်
ပြသဒါးနေ့မို့ ရက်ရာဇာသို့ ပြောင်းသွားတာနဲ့ပတ်သက်ပြီး မပြောချင်ပေမယ့် ပြောရအုံးမယ်
မဆိုင်းသူရေ။ ဒို့တစ်တွေ အသက်ရွယ် ငယ်ကတည်းက ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးမှ တစ်ပါး
အတိတ်နမိတ်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စသည့် အယူအစွဲများ
ဘိုးတော်၊ ဘွားတော်၊ ဘရသေ့၊ အမ်းကုန်း၊ သူရဿတီ၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ နတ်အမျိုးမျိုးစသည့်
အခြားမည်သည့်ကိုးကွယ်မှုမျိုးကိုမှ အယုံကြည်မရှိလေတော့ ပြသဒါး ဆို ချိုနဲ့လားလို့ မေးရလောက်အောင်
ပြသဒါး ရက်ရာဇာဆိုတာကို မသိခဲ့ပါဘူး။ ရတနာမြတ်သုံးပါး ကိုးကွယ်ဆည်းကပ်သည့် ဗုဒ္ဓဘာသာမြန်မာမိဘများက
မွေးဖွားဆင်းသက်ခဲ့ရတဲ့ ကျေးဇူးကြောင့်လည်း ပါတာပေါ့။ ပြသဒါးနေ့မှာ အလှူလုပ်ရင် ရာသီဥတုညံ့ပြီး
ရက်ရာဇာနေ့မှာ အလှူလုပ်ရင် ရာသီဥတုများ ကောင်းလာမယ်ထင်လား။ ရက်ရာဇာလုပ်လုပ် ပြသဒါးလုပ်လုပ်
မိုးကတော့ သူရွာချင်ရွာမှာပဲ၊ နေပူချင်လည်း ပူမှာပဲ အဓိကက ကိုယ့်လုပ်လိုက်တဲ့ ကုသိုလ်ပွဲ
အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပြီး စိတ်ချမ်းသူမှုတွေ ပီတိတွေနဲ့ပြည့်နေဖို့ပါပဲ။
ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောရင် “ရက်ရာဇာ” ၊ မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောရင်
“ပြသဒါး" လို့သာ မှတ်ထားလိုက်ပေါ့။