Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Saturday, October 18, 2014

ရက်ရာဇာ ပြသဒါး



ပြောရအုံးမယ် မဆိုင်းသူရေ --
အခြေနေမပေးလို့ တစ်ရေတစ်မြေစီဝေးပြီး စာမလာ အကြောင်းမကြားလို့ မေ့သွားပြီမထင်လိုက်ပါနဲ့။ ဘဘုန်းခရီးသွားနေသ၍ ကျောင်းစောင့်ကျနေတာနဲ့ အကြောင်းမတိုက်ဆိုင်လို့ပါ၊ အခုတော့ မဆိုင်းသူရဲ့ ကြုံတောင့်ကြုံခဲ ကထိန်အလှူမင်္ဂလာရက် ပြသဒါးနေ့မို့ ရက်ရာဇာသို့ ပြောင်းသွားတာနဲ့ပတ်သက်ပြီး မပြောချင်ပေမယ့် ပြောရအုံးမယ် မဆိုင်းသူရေ။ ဒို့တစ်တွေ အသက်ရွယ် ငယ်ကတည်းက ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးမှ တစ်ပါး အတိတ်နမိတ်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စသည့် အယူအစွဲများ ဘိုးတော်၊ ဘွားတော်၊ ဘရသေ့၊ အမ်းကုန်း၊ သူရဿတီ၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ နတ်အမျိုးမျိုးစသည့် အခြားမည်သည့်ကိုးကွယ်မှုမျိုးကိုမှ အယုံကြည်မရှိလေတော့ ပြသဒါး ဆို ချိုနဲ့လားလို့ မေးရလောက်အောင် ပြသဒါး ရက်ရာဇာဆိုတာကို မသိခဲ့ပါဘူး။ ရတနာမြတ်သုံးပါး ကိုးကွယ်ဆည်းကပ်သည့် ဗုဒ္ဓဘာသာမြန်မာမိဘများက မွေးဖွားဆင်းသက်ခဲ့ရတဲ့ ကျေးဇူးကြောင့်လည်း ပါတာပေါ့။ ပြသဒါးနေ့မှာ အလှူလုပ်ရင် ရာသီဥတုညံ့ပြီး ရက်ရာဇာနေ့မှာ အလှူလုပ်ရင် ရာသီဥတုများ ကောင်းလာမယ်ထင်လား။ ရက်ရာဇာလုပ်လုပ် ပြသဒါးလုပ်လုပ် မိုးကတော့ သူရွာချင်ရွာမှာပဲ၊ နေပူချင်လည်း ပူမှာပဲ အဓိကက ကိုယ့်လုပ်လိုက်တဲ့ ကုသိုလ်ပွဲ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပြီး စိတ်ချမ်းသူမှုတွေ ပီတိတွေနဲ့ပြည့်နေဖို့ပါပဲ။ ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောရင် “ရက်ရာဇာ” ၊ မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောရင် “ပြသဒါး" လို့သာ မှတ်ထားလိုက်ပေါ့။


ရက်ရာဇာ
======
တန်းခူး သာ လှ
ထွန်း ပ ကဆုန်
နယုန် ညွှန့် စ
အောင် လှ ၀ါဆို
သာ လို ၀ါခေါင်
မြ တောင် တော်သလင်း
သတင်းကျွတ် မွှေးဆီ
အေး ယီ တန်ဆောင်မုန်း
သံ လုံး နတ်တော်
မိ နော် ပြာသို
မိ ညို တပို့တွဲ
အေး ရင် တပေါင်း
ဆောင်တိုင်း ကောင်းသည် ရက်ရာဇာတည်းး။

အလင်္ကာရဲ့ အဓိပ္ပါယ် က တန်းခူလမှာဆိုရင် သောကြာနဲ့ ဗုဒ္ဓဟူး က ရက်ရာဇာ၊ ကဆုန်လမှာ စနေနဲ့ ကြာသပတေးက ရက်ရာဇာစသည်ဖြင့် ရေတွက်ပေါ့။

ပြသဒါး
=====
တန်းခူးလက စ၍ရေလစ်
တမာ သက်ရင်း၊
အင်ကြင်း ဆူးရစ်၊
ရက်ပြစ်ဆိုးဝါး ပြဿဒါး။

တန်ခူးလမှာ တမာ ဖြစ်တဲ့ စနေ၊ ကြာသာပတေးက ပြသဒါး၊ ကဆုန်လမှာ သက်ရင်းဖြစ်တဲ့ သောကြာ၊ ရာဟုက ပြသဒါး၊ နယုန်မှာ အင်ကြင်း၊ ၀ါဆိုမှာ ဆူးရစ်၊ ပြီးရင် အစဉ်တိုင်း ၀ါခေါင်မှ တမာ၊ တော်သလင်းမှာ သက်ရင်း စသည်ပြန်ရေတွက်ရပါတယ်။ ဗေဒင် ကိန်းဂဏန်း ယုံကြည် သူတွေ အတွက် ရက်ရာဇာ၊ ပြသဒါး ဆိုတာ အရေးပါချင် ပါပါလိမ့်မယ်။ တကယ့်တကယ် ဗုဒ္ဓ၀ါဒကို ယုံယုံကြည်ကြည်နဲ့ လက်ခံထားသူတစ်ယောက်အတွက် ရက်ရာဇာ ပြသဒါးဆိုတာ ယုံကြည်စရာမဟုတ်သလို အားကိုးရာအစစ်လဲ မဟုတ်ပါဘူး။

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ

ကိုးကွယ်အားထားရာအစစ် အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆည်းကပ်ကိုးကွယ်ပြီး မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဓမ္မခန္ဒာပေါင်း ရှစ်သောင်းလေးထောင်သော တရားတွေရှိတယ်။ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်ရမယ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်ရမယ်၊ စိတ်ကိုဖြူစင်အောင်ထားရမယ်ဆိုတဲ့ တရားတွေကို လက်ကိုင်ထားတယ်။ ၄င်းတရားတော်တွေကို သင်အံလေ့ကျက် ဆောင်ရွက်မှတ်သား ပြန့်ပွားအောင်လုပ်တဲ့ ရဟန်းသံဃာ ကြီးကြီးငယ်ငယ် လတ်လတ် အကုန်ရိုသေလေးစား ကြည်ညိုအားထားတော့ ရတနာမြတ်သုံးပါးကလွှဲလို့ အခြားမည်သည့် ကိုးကွယ်မှုမျိုးကိုမှ အယုံအကြည်မရှိခဲ့ပါဘူး။

 "သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ" ဆိုတဲ့ စကားလည်း ရှိသေးတယ်လေ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်မို့ ဖြူစင်တဲ့စိတ် စေတနာမှန်မှန်နဲ့ပြုလုပ်ရင် ကောင်းတဲ့မင်္ဂလာတွေပဲလေ။ ရက်ရာဇာ ပြသဒါး ရွေးစရာမလိုပါဘူး၊ ရက်ရာဇာနေ့မှာ ငရုတ်သီးစားလည်း စပ်သလို၊ ပြသဒါးနေ့မှာ ငရုတ်သီးစားလို့လည်း ချိုမလာပါဘူး။ ပြသဒါးနေ့မှာ ထန်းလျက်ခဲစားလို့ ခါးမသွားသလို ရက်ရာဇာနေ့မှာ ထန်းလျက်ခဲစားလို့လည်း ပိုချိုမလာပါဘူး။ သကြားဟာ ဘယ်နေ့စားစား ချိုမြဲချိုနေသလို ဆားဟာလဲ ဘယ်နေ့စားစား ငံမြဲငံနေမှာပဲပေါ့။

ရက်ရာဇာနေ့မှာ မကောင်းမှု အကုသိုလ် ဒုစရိုက်တွေ ကျူးလွန်လို့လည်း အကုသိုလ်အပြစ် လောကအပြစ်တွေ လျှော့မသွားသလို ပြသဒါးနေ့မှာ ကောင်းမှုကုသိုလ်တွေလုပ်လို့လည်း အကုသိုလ်ဖြစ်မသွားပါဘူး။ ဘယ်နေ့ပဲ လုပ်လုပ်၊ အကုသိုလ်ဟာ အကုသိုလ်ပဲ ဖြစ်နေသလို ကုသိုလ်ဟာ ကုသိုလ်ပါပဲ၊

"သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ"
"သုခဏော သုမုဟုတ္တောစ၊ သုယိဋ္ဌံ ဗြာဟ္မစရိသု"

အချိန်တိုင်း ကောင်းတာတွေဖြစ်စေချင်ရင် ကောင်းတဲ့မင်္ဂလာတွေဖြစ်စေချင်ရင် ကောင်းတဲ့သုစရိုက်တွေလုပ်ရမယ်။ ကောင်းတာတွေ တွေးရမယ်၊ ကောင်းတာတွေပြောရမယ်။ ရက်ရာဇာနေ့ဆိုပြီး မကောင်းတာတွေး မကောင်းတာလုပ် မကောင်းတာပြောနေရင်တော့ မကောင်းတဲ့နေ့ မကောင်းတဲ့အမင်္ဂလာပဲပေါ့။ မြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝကအစစ် ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ချင်ရင်တော့ ရက်ရာဇာ ပြသဒါးဆိုတာ မရှိစေရဘူးပေါ့။ ဒါဆို ရက်ရာဇာ ပြသဒါးဆိုတာတွေကို လက်ခံထားသူတွေက ဗုဒ္ဓဘာသာ မစစ်တဲ့သဘောပေါ့။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက "နက္ခတ္တံ ပတိမာနေန္တံ အတ္တော ဗာလံ ဥပစ္စဂါ" နက္ခတ် မကောင်းလို့ ရက်ရွှေ့ အချိန်ရွှေ့နေရင် ကောင်းကျိုးချမ်းသာတွေဟာ နက္ခတ်ကောင်းတဲ့နေ့ကို မျှော်လင့်စောင့်စားနေတဲ့ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ကောင်းတဲ့ အကျိုးတရားတွေက ကျော်ဖြတ်သွားပြီ၊ ဆုံးရှုံးသွားပြီ တဲ့။

ဒီနေ့လုပ်ရမယ့် အလုပ်ကို ဒီနေ့လုပ် ဟိုရွှေ့ ဒီရွှေ့နဲ့ ပြဿဒါး ရက်ရာဇာကို မစောင့်နဲ့၊ ယခုပစ္စုပ္ပန်အချိန်ထက် ကောင်းတဲ့အချိန်ဆိုတာ မရှိဘူး၊ ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ အချိန်လေးအတွင်းမှာ မရဏမင်းလက်တွင်းလဲ သက်ဆင်းကျရောက်နိုင်တာမို့ "နက္ခတ္တံ ပတိမာနေန္တံ" နတ်က္ခတ်ကို စောင့်မျှော်နေတဲ့သူတွေကို ဗာလလို့ မြတ်စွာဘုရားရှင်က ဟောကြားထားခဲ့ပါတယ်။ "အတ္တော ဥပစ္စဂါ" ကောင်းကျိုးချမ်းသာတွေကိုလည်း လက်လွတ်ဆုံးရှုံးရတတ်တယ်။ ကုန်သွားတဲ့အချိန်တွေကိုလည်း ပြန်မရတော့ဘူး။ အဲ့ဒါကြောင့် "အတ္ထော အတ္ထဿ နက္ခတ္တံ" ကိုယ်လိုချင်တဲ့အကျိုးရလဒ်တွေ ရနေရင်တော့ ကောင်းတဲ့နက္ခတ်ပါပဲ။

လသာခိုက်တွင် ဗိုင်းကိုငင်း ပုံသွင်ပမာပြ၊ သာသနာလမင်း ကမ္ဘာတွင်း လင်းသည့်ခေတ်ခါပ၊ ပါရမီချည်မျှင် ဗိုင်းကိုငင် တွင်တွင်စုပါကြ ဆိုသလို ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့ ကြုံကြိုက်နေတုန်းလေးမှာ ကုသိုလ်ကောင်းမှုတွေ ပြုချင်တိုင်း ပြုလုပ်လို့ရနေတဲ့ ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့ နိုင်ငံမှာ လူဖြစ်ခွင့်ရတုန်းလေးမှာ အချိန်မဆိုင်းပဲ လုပ်သင့်လှပါတယ်။ ခွေးကိုက်လို့ပဲသေသေ၊ တုတ်နဲ့ရိုက်လို့ပဲသေသေ၊ ယုန်ရတာ လိုရင်းဆိုတဲ့ ဗမာစကားပုံလို ယုန်ရဖို့ အဓိကပဲမို့၊ ခွေးကိုက်လို့ပဲရရ တုတ်နဲ့ရိုက်လို့ပဲရရ ယုန်ရဖို့ပဲ အရေးကြီးသလို  သူတစ်ပါးအကျိုး မဆုတ်ယုတ်စေပဲ သူတစ်ဖက်သားကို မနစ်နာစေပဲ ကုသိုလ်ကောင်းမှုများကို အချိန်တိုင်း ပြုလုပ်အားထုတ်သင့်ပါတယ်။ အချိန်ရှိခိုက်လေးမှာ လုံ့လစိုက်ပြီး မှန်ကန်တဲ့အသိဥာဏ် ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကုသိုလ် အကုသိုလ်သဘောကို စစ်ကြောဝေဖန်၍ ရက်ရာဇာ ပြသဒါး အရေးပါသလား မပါဘူးလားဆိုတာကို ဤမျှလောက်နဲ့ နားလည်သဘောပေါက်နိုင်ပါစေ မဆိုင်းသူရေ .....


မေတ္တာဖြင့် ----
ခြေသလုံးအိမ်တိုင်ဆရာတော်၏တပည့်
ကပ္ပိယသာဂိ(18.10.2014)

No comments:

Post a Comment