(28.10.2015)
ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်သော သီတင်းကျွတ်လ၏
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ပ၀ါရဏာနေ့ သီတင်းကျွတ် မီးထွန်းပွဲတော်နေ့
ဖြစ်သည်။
ဆီမီးရယ်ထိန်
၊ အိုင်မင်းရေကြည်က
ကြာငါးမည်
ငုံအာစွင့်တယ်
ဖူးပွင့်ချိန်ခါ။
အဿဝဏီ
ယှဉ်ကာချဉ်းပါလို့ 
လင်းလာတဲ့
ငွေတာရိန်ရယ်
ပြာမှိန်လျက်
မြူချေဆိုင်း။
ဂါရဝေ
သဒ္ဒါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင်
ကုသိုလ်နှိုးကြတယ်
မျိုးမြန်မာတိုင်း။
။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်
ကိုးကွယ်ဆည်းကပ်သူ အများစု မှီတင်းနေထိုင်ကြသည်ဖြစ်၍ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု
ဓလေ့ထုံးတမ်းများသည် ကိုးကွယ်ရာ ဗုဒ္ဓဘာသာ ဗုဒ္ဓတရားတော်များနှင့် ဗုဒ္ဓအဆုံးအမ သြ၀ါဒများပေါ်တွင်
မှီတည်နေကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစုသည်
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ထားကာ
ရိုသေလေးစားကြသည့်အတွက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွား ကျောင်းတက် ဥပုသ်သီလဆောက်တည်ကြသည်။
သက်ကြီး ၀ါကြီး အဘိုး အဘွား မိဘ ဆရာသမားများ ဘကြီး ဘထွေး ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး
အစ်ကို အစ်မများကို ကန်တော့ကြသည်။ တစ်ချို့အရပ်ဒေသများတွင် နိဗ္ဗာန်ဈေးပွဲတော်များကို
ကျင်းပပြုလုပ်ကာ ဓလေ့ထုံးစံ ရိုးရာအစား အစာများဖြင့် ကုသိုလ်ဒါနပြုလုပ်ကြသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို မွေးကျေးဇူးဆပ် အဘိဓမ္မာတရားတော်များကို ဟောကြားပြီး
သီတင်းကျွတ် လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊
ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ပြည်သို့
ပြန်လည်ကြွယ်ချီ ဆင်းသက်လာသောအခါ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းခဲ့ပါသည်။ ထိုအခါသမယတွင်
နတ်ဗြဟ္မာများနဲ့ ပြည်သူပြည်သားများ တပည့်သား သာဝကများက မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊
ပန်း ရေချမ်းများဖြင့် ပူဇော်ကာ ကြိုဆိုခဲ့ကြသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူ
ပြည်သားများကလည်း မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကာ ဆီမီး ၁၀၀၀၊ ပန်း
၁၀၀၀ ဖြင့် မြတ်စွာဘုရားကို ပူဇော်ကြပေသည်။
ထို့အပြင် ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား
တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်ဝယ် နေမင်းကဲ့သို့
တင့်တယ်စွာ စံနေတော်မူလျက် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်
လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”
ဟု သတ်မှတ်ကာ အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ပွဲ - အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲများကိုလည်း
ကျင်းပကြပါသည်။
ပ၀ါရဏာ
အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့ကို သီတင်းကျွတ်
မီးထွန်းပွဲတော်နေ့ အဘိဓမ္မာအခါတော်နေ့ဟု မသိသူ မရှိအောင် ရှားမှ ရှားလှပါသည်။ တကယ်တော့
သူသူငါငါမေ့လျှော့နေကြတဲ့ အမှတ်တမဲ့ဖြစ်နေခဲ့ကြတဲ့ ရဟန်းသံဃာများရော လူသားများအတွက်ပါ
အလွန်အင်မတန် တန်ဖိုးရှိတဲ့ ပ၀ါရဏာအခါတော်နေ့လည်း ဖြစ်ပါသည်။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်
အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ကောသလတိုင်း ဇနပုဒ်၌
ဝါဆိုဝါကပ်ကြသော ရဟန်းတို့သည် အညီအညွတ် ဝမ်းမြောက် ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ
ဝါဆိုနိုင်ရန်၊ ဆွမ်းကိစ္စဖြင့် ၀တ်ကြီး ၀တ်ငယ်ကိစ္စများဖြင့် အချိန်ကုန် မပင်ပန်းစေရန်အတွက်
အချင်းချင်း တိုင်ပင်ပြီး စည်းကမ်းချက်များ သတ်မှတ်ကာ သီတင်းသုံးနေထိုင်ခဲ့ကြသည်။
ထိုရဟန်းတို့သည် ဝေယျာဝေစ္စ ဗာဟိရကိစ္စတွေနဲ့
အချိန်မကုန်လို၍ “အချင်းချင်း မခေါ်မပြောကြကုန်၊ ရှေးဦးစွာ ရွာမှ ဆွမ်းခံပြန်လာသော
ရဟန်းသည် နေရာခင်းခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို ထားခြင်း၊ ဆွမ်းဦး
ထည့်ရန် ခွက်ကို ရေဆေး၍ တည်ထားခြင်း၊ သောက်ရေ သုံးဆောင်ရေကို တည်ထားခြင်းကို ပြုလုပ်သည်။
ဆွမ်းခံရွာမှ နောက်ကျ၍ ဆွမ်းခံပြန်လာသော
ရဟန်းသည်လည်း စားကြွင်းရှိ၍ စားလိုလျှင် စားခြင်း၊ မစားလိုက စိမ်းစိုသော မြက်သစ် ပင်မရှိသော
အရပ်၌ စွန့်ပစ်ခြင်း၊ ပိုးမရှိသော ရေ၌မူလည်း သွန်ခြင်း၊ နေရာကို ခေါက်သိမ်းခြင်း၊ ခြေဆေးရေ
ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို သိမ်းဆည်းခြင်း၊ ဆွမ်းဦးထည့်ရန် ခွက်ကို ရေဆေး၍
သိမ်းဆည်းခြင်း၊ သောက်ရေ သုံးဆောင်ရေကို သိမ်းဆည်းခြင်း၊ ဆွမ်းစားဇရပ်ကို တံမြက်လှည်းခြင်းကို
ပြုပါသည်။
သောက်ရေအိုး သုံးဆောင်ရေအိုး သန့်သက်ရေအိုးများ
ရေမရှိပါက ရေခပ်ဖြည့်ခြင်း၊ အကယ်၍ ရေအိုးကို တစ်ပါးထဲ မချီနိုင်လျှင် အဖော်ကို လက်ယပ်ခေါ်၍
(အချင်းချင်း) လက်တို့ဖြင့် မြှောက်ချီကာ တည်ထားပြီး အတတ်နိုင်ဆုံး စကားမပြော မဆိုကြပဲ
တိတ်ဆိတ်ငြိမ်သက် ညီညွတ်စွာ သတင်းသုံးနေထိုင်ပြီး ၀ါတွင်း ၃ လကို လွန်မြောက်ခဲ့ကြသည်။
ဝါမှထမြောက် သီတင်းကျွတ်ရောက်သည်ရှိသော်
မြတ်စွာဘုရားရှင်အား ဖူးမျှော်ကန်တော့ရန် သပိတ်သင်္ကန်းများကို ယူလျက် သ၀တ္ထိပြည်မွန်
ဇေတ၀န်ကျောင်းတော်သို့ ကြွရောက်တော်မူကြပါသည်။
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော
ဇေတဝန်ကျောင်းတော်သို့ ရောက်လျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို
ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသည်ရှိသော် မြတ်စွာဘုရားသည် ၀မ်းမြောက်ဝမ်းသာ
နှုတ်ဆက်စကား ပြောကြားကာ ''ရဟန်းတို့ ကျန်းမာကြ၏လော၊ မျှတကြ၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ
မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိ ကြကုန်၏လော'
မေးလေ၏။
''ကျန်းမာကြပါသည်
မြတ်စွာဘုရား၊ မျှတကြပါသည် မြတ်စွာဘုရား၊ တပည့်တော်တို့သည် အညီ အညွတ် ဝမ်းမြောက်ဝမ်းသာ
မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြပါကုန်သည်
မြတ်စွာဘုရား''ဟု ၀ါတွင်းသုံးလ သီးတင်းသုံးနေထိုင်ခဲ့ပုံကို အသေးစိတ် လျှောက်ထားကြကုန်၏။
ထိုအခါ၌ မြတ်စွာဘုရားက “ရဟန်းတို့ သင်တို့သည်
နွားတို့၏ နေခြင်းကဲ့သို့၎င်း၊ ဆိတ်တို့၏ နေခြင်းကဲ့သို့၎င်း၊ ရန်သူတို့၏ နေခြင်းကဲ့သို့၎င်း၊
တိတ္တိတို့ ဆောက်တည်အပ်သော သူအ ကဲ့သို့ စကားမပြောဘဲ မချမ်းသာဘဲ နေကုန်လျက် ''ချမ်းသာစွာ
နေကုန်၏'' ဟု ဝန်ခံကုန်ဘိ၏။ သင်တို့၏အကျင့်သည် မဂ်ဖိုလ်rမှီး အချည်းနှီးသော ယောကျာ်းတို့အကျင့်ဖြစ်သည်ဟု
ကဲ့ရဲ့တော်မူပြီး စကားမပြောပဲနေသူအား ဒုက္ကဋ်အာပတ်သင့်စေ ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဝါမှ ထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊
ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း'
ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း
အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လိမ့်မည်။
သံဃံ
ဘန္တေ ပ၀ါရေမိ၊ ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော
ပဋိကရိဿာမိ။
ရဟန်းသည်
လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင်နေပြီးလျှင် လက်အုပ်ချီကာ-
''ငါ့သျှင်တို့
သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အသျှင်တို့သည် အကျွန်ုပ်အား
အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည်ရှိသော် ကုစားပါအံ့”
ဟု သီတင်းသုံးဖော် သံဃာတော်အချင်းချင်း အပြစ်ရှိက အပြစ်လုပ်မိက ပြောကြားကြပါရန် ကုစားကြပါရန်
ဝါဆိုလပြည့်နေ့မှာ ပ၀ါရဏာပြုကြသောကြောင့် ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြခြင်းဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည်
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားတော်ကို
ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက်
တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ ဘုရားရှင် ဆင်းသက်
တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် မီးရှူး မီးပန်း ဆီးမီးများဖြင့် ထွန်းညှိ ပူဇော်သောနေ့၊ ရဟန်းတော်များ ၀ါကျွတ်သောနေ့၊
အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်မန်မှုပြုကြသော ပ၀ါရဏာနေ့ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်
သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ ။
။
လုံးစုံများစွာ
သတ္တ၀ါ ကိုယ်စိတ် အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ကျမ္မာ ချမ်းသာကြပါစေ
အရှင်သီဟဥာဏ
(မျိုးချစ်မြန်မာ)
ရွှေပါရမီ
ပညာဒါန - နာရေးကူညီမှုအသင်း(ဘန်ကောက်)
ဓမ္မရောင်ခြည်
ဓမ္မဒါနလုပ်ငန်းခွဲ(271)
(12.10.2015)
No comments:
Post a Comment