မဟာရောရုဝငရဲသည်
ငရဲကြီးရှစ်ထပ်တွင် ပဉ္စမမြောက် ငရဲဖြစ်သည်။ ရောရုဝငရဲအောက် ယူဇနာတစ်သောင်းငါးထောင်
ကွာဝေးသော အရပ်တွင်ရှိသည်။ အကျယ်အဝန်းမှာ အလျား၊ အနံ၊ အစောက် ယူဇနာတစ်သောင်းရှိ၏။
ငရဲသားများ၏ ခန္ဓာကိုယ်အတွင်းသို့ ငရဲမီးများက ဝင်ရောက်နှိပ်စက်သည့်
ငရဲကြီးဖြစ်သည်။
ဤမဟာရောရုဝငရဲကြီးသည်
ငရဲပြင်တစ်ခုလုံး၌ မီးတောက်မီးလျှံသည် အရှိန်လျှော့ပါးခြင်း မရှိဘဲ တဟုန်းဟုန်း
ထလျက်ရှိသည်။ ငရဲသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ မီးတောက်မီးလျှံများက မျက်စိ၊ နား၊
နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်စသော ဒွါရကိုးပေါက်တို့မှနေ၍ အတင်းဝင် အတင်းထွက်ကာ
လောင်ကျွမ်းကြလေသည်။
ငရဲမီးများသည်
ငရဲသားတို့၏ ခန္ဓာကိုယ်တွင်းရှိ သည်းစုံအူစုံတို့ကို လည်းကောင်း၊
အရိုးတွင်းရှိချဉ်ဆီ တို့ကိုလည်းကောင်း၊ ဝင်ရောက်မွှေနှောက်၍ စွဲငြိလောင်ကျွမ်းကုန်၏။
ငရဲသားတို့အား လောင်ကျွမ်းနေသော ငရဲမီးတို့သည် ပန်းပဲဖိုမှာ ထိုးနေသည့် မီးများပမာ
တဟီးဟီးတဟဲဟဲ မြည်လျက် နီရဲနေ၏။ ငရဲသားတို့သည် အလွန်းပူပြင်းလှသဖြင့် ဆောက်တည်ရာ
မရနိုင်လောက်အောင် ဆင်းရဲလွန်းလှသည်။ ငရဲမီးများ လောင်ကျွမ်းခံနေရသော
ငရဲသားတို့သည် ရဲရဲနီ တောက်လောင်၍နေသော မီးတောင်ကြီးသဖွယ် ဖြစ်နေတော့၏။ ထိုအခါ
ဘယ်လိုမှ ခံနိုင်မှုစွမ်းရည် မရှိကြတော့သော ငရဲသားတို့သည် အောက်ကာဟစ်ကာဖြင့်
အသံကုန်အောင် ငိုကြွေးကြလေသည်။ ငရဲသားတို့၏ ငိုကြွေးသံများမှာ ကမ္ဘာပျက်သည့်အလား
ငရဲပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေတော့၏။
သို့ပါသော်လည်း
အကုသိုလ်ကံ မကုန်သေးသောကြောင့် ဤငရဲမှ မလွတ်ဘဲ ဆက်ကာဆက်ကာ အဖန်ဖန် အထပ်ထပ်
ခံစားနေကြရလေသည်။ ဤကဲ့သို့ မီးတောက်မီးလျှံများ ခန္ဓာကိုယ်တွင်းသို့ အတင်းဝင်ရောက်၍
လောင်ကျွမ်းခံနေရသော ငရဲကို မဟာရောရုဝငရဲဟု ခေါ်ကြလေသည်။ ဤမဟာရောရုဝငရဲသည်
လွန်စွာမှ အသက်ရှည်၏။ လူတို့၏ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေ လေးသန်းရှိမှ
မဟာရောရုဝငရဲ၏ တစ်ရက်သာ ရှိလေသည်။ ဤမဟာရောရုဝငရဲ၏ သက်တမ်းကား
အနှစ်ရှစ်ထောင်အသက်ရှည်၏။
အဘယ်သူများ
ဤငရဲသို့ကျရောက်သနည်းဟူမူ လူ့ပြည် လူ့လောကတွင် သီလ သမာဓိ ပညာနှင့် ပြည့်စုံသော
သံဃာတော်များ၊ သူတော်စင်များအား ဆဲဆို ပြစ်မှားသော ပုဂ္ဂိုလ်တို့သည် ဤငရဲသို့
ကျရောက်ကြလေသည်။ သို့ပါသောကြောင့် သီလ သမာဓိ ပညာနှင့်ပြည့်စုံတော်မူကြကုန်သော
ဆရာတော်သံဃာတော်များ၊ သူတော်စင်များအား ဆဲဆို စော်ကားနေကြသော ပုဂ္ဂိုလ်များ
ကြပ်ကြပ်သတိထားကြပါကုန်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment