(၁) မျက်နှာတော်၏ ငြိမ်းအေးမှု
မြတ်ဗုဒ္ဓ၏ ရုပ်တု၊
ရုပ်ပွားတော်၊ ဆင်းတုတော်များတွင် ထူးခြားသည့် ၀ိသေသလက္ခဏာနှင့် အရည်အချင်းများ
ရှိ၏။ မည်သည့် ရုပ်ပုံ၊ ရုပ်တုနှင့်မျှ မတူသော ထူးခြားချက်များ ဖြစ်သည်။
၎င်းထူးခြားချက်မှာ မြတ်စွာဘုရား၏ ပုံတော်၏ ငြိမ်အေးမှု ပေါ်နေခြင်းပင် ဖြစ်ပါသည်။
မြတ်စွာဘုရားသည် ကိလေသာ ၁၀ ပါး လုံးဝကင်းပြီး၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို
အာရုံပြုနေသူ ဖြစ်သဖြင့် အတွင်းရေး ငြိမ်းအေးနေ၏။ အတွင်းစိတ် ငြိမ်းအေး၍
ကိုယ်တော်မြတ်၏ မျက်နှာတော်သည် မည်သည့် ရုပ်တု၊ ဆင်းတုနှင့်မျှ မတူအောင်
ထူးခြားနေရခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏
သုံးဆယ့်နှစ်ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော လက္ခဏာ စသည့် ပြင်ပ ရုပ်ပိုင်းဆိုင်ရာ
ညီညွှတ်မှုများအပြင် နှလုံးတော်မြတ်ရှိ မြတ်စွာဘုရား၏ တရားဓမ္မ အအေးဓာတ်ကြီး၊
ဓမ္မဓာတ်ကြီးကို မျက်နှာတော်ပေါ်တွင် ထင်ရှားစွာ ဖူးတွေ့ရပါသည်။
မန္တလေး မဟာမြတ်မုနိဘုရားကြီးကို
ဂရုတစိုက် လေ့လာကြည့်လျှင် ကိုယ်တော်မြတ်၏ ထူးခြားသည် မျက်နှာတော် ငြိမ်းအေးမှုများ
တွေ့ရှိရပါမည်။ ကိုယ်တော်မြတ်၏ မျက်နှာတော်မှာ ဓမ္မဓာတ်၊ နိဗ္ဗာနဓာတ်၊
ငြိမ်းအေးမှုဓာတ် ပြည့်ဝစွာ လွမ်းမိုးနေပြီး သမာပတ်ဝင်စား၍ အလွန်တရာ
ငြိမ်းအေးနေပုံကို ဖူးတွေ့ရပါမည်။
(၂)
ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း
ဗုဒ္ဓဘာသာအိမ်တိုင်းတွင်
ဗုဒ္ဓ၏
ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပူဇော်ကြပါသည်။ မြတ်စွာဘုရားကို အိမ်ဦးခန်းမှာသာ
အမြင့်အမြတ်ထားရပါသည်။ လှေကားအောက် စသည်မှာ မထားရ၊ အနိမ့်မှာ မထားရ၊ မြေညီမှာ
မထားရ၊ အမြင့်အမြတ် နေရာမပေးနိုင်လျှင် မထားသည်က ကောင်းပါသည်။ ယုတ်နိမ့်သောနေရာမှာ
ဘုရားကို ထားလျှင် နေ့စဉ် ငရဲကြီးနေ၏။ ဘေးဥပါဒ် ကျရောက်ပါလိမ့်မည်။ မြတ်ဗုဒ္ဓ၏ ရုပ်ပွား
ဆင်းတုများကို ထားရှိပြီး ပူဇော်နည်း၊ ရှိခိုးနည်းများ စနစ်တကျ ရှိရပါမည်။
အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏
ရုပ်တုကို ပင့်ယူပူဇော်ပြီဆိုသည်နှင့် တပြိုင်နက် ရှေးဦးစွာ ရုပ်တုတော်ကို
အနေကဇာတင်ရမည် ဖြစ်ပါသည်။ အနေကဇာတင်ခြင်းဆိုသည့် ဝေါဟာရမှာ ဘုန်းကြီးများ
ရွတ်သည့်စကားမှ ရသည့် ဝေါဟာရ ဖြစ်သည်။
အနေကဇာတိ
သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ
ဂဝေသန္တော၊ ဒုက္ခ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက
ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ
တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ
စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။
ဤကား
မြတ်စွာဘုရား၏ ဘုရားဖြစ်ဖြစ်ချင်း ကျူးရင့်တော်မူသည် ဥဒါန်း စကားတော်ပင်
ဖြစ်ပါသည်။ ဆိုလိုရင်းမှာ -
ငါ၏
ဘ၀ ခန္ဓာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ် ... တဏှာလက်သမား - ငါသည် သင့်ကို
အမှန်တကယ် မသိခဲ့သောကြောင့် သင့်ကို ရှာဖွေရင်း ဘ၀များစွာ သံသရာပတ်လုံးး
တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကို တွေ့ပြီ၊ ဤအချိန်က
စပြီး သင်သည် ငါ့အတွက် ဘ၀ခန္ဓာသစ် ထပ်မံမဖြစ်အောင် လုပ်ခွင့်ရတော့မည် မဟုတ်။ ငါသည်
သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးစွန်းအထွတ်ကိုလဲ
လှဲလိုက်ပြီ။ ယခု ငါ့စိတ်သည် သင်၏ နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို
မြင်နေရပြီ၊ ငါ့ရဲ့ စိတ်သည် သင်တဏှာရဲ့နယ်မှ လွတ်ပြီ ကျွတ်ပြီ -
ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဤကဲ့သို့
အနေကဇာတင်ပြီးသည်နှင့် အသက်ရှိသော မြတ်စွာဘုရားကဲ့သို့ သဘောထားရပါမည်။
မြတ်ဗုဒ္ဓ၏ ရုပ်တုကို
အနေကဇာတင်ပြီးနောက် ပူဇော်ကိုးကွယ်လျှင် ဂုဏ်တော်ကိုးပါးကို လေးစားသည့်စိတ်နှင့်
ဆွမ်းတော်ပွဲကို စနစ်တကျ ကပ်လှူပူဇော်ရပါမည်။ ထိုအတူ ပန်း ရေချမ်း ဆီမီးကိုလည်း
ဤကဲ့သို့ပင် ကပ်လှူပူဇော်ရပါမည်။ ထိုသို့ ကပ်လှူပူဇော်ရာတွင် မြတ်စွာဘုရားအား
မိမိတို့၏ စားဦးစားဖျားများ ကပ်လှူပူဇော်ခြင်းကို မြတ်စွာဘုရားထံ စိတ်ရောက်ပြီး
လှူဒါန်းနေခြင်းဟု မှတ်ယူထားရပါမည်။ မြတ်စွာဘုရားအား ဆွမ်းတော်ကပ်ပြီး၍
ပြန်စွန့်လာသည့်အခါ စေတနာ ပြတ်သားစွာဖြင့် သတ်သတ်မှတ်မှတ် လှူဒါန်းထားခြင်း
ဖြစ်သောကြောင့် လူများစားရန်မသင့်ဟု မှတ်ယူရပါမည်။
(၃) ရုပ်ပွားဆင်းတု ပူဇော်ရသည့်အကျိုး
မြတ်စွာဘုရား၏
ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား
ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင်
သမေ စိတ္တေ သမံ ဖလံ
ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည်။
စိတ္တေ - မိမိ၏
စိတ်သည်၊ သမေ - သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတော်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်၊
သမံ ဖလံ - ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။
ထို့ကြောင့် ရုပ်ပွားဆင်းတို
ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည်။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ
ဖြစ်ပေသည်။
မိမိတို့၏ နေအိမ်များ
အသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများ ရှိပါသည်။
ဘုရားစင်ကို သီခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။
ဘုရားစင်ရှေ့
ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်ဗုဒ္ဓကို အဂါရဝ
ဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။
ဘုရားရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ
မပြောဆိုမိခြင်းသည် အဓိက ဖြစ်သည်။
မိမိတို့အိမ်တွင်
ဗုဒ္ဓရုပ်ပွား
ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့သော
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။
၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကို
မြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွှတ်သည့်စိတ်ဖြင့်
မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာ မနေခြင်းပင် ဖြစ်သည်။
၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။
၃။ အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်
ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည်။
၎။ ကုသိုလ်တရားများ တိုးပွားလာသည်။
၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင်
ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း မြတ်စွာဘုရားကို အသေချာကြည့် အာရုံပြုလိုက်ခြင်းဖြင့်
စိတ်ညစ်ညူးမှုများ ပပျောက်လာသည် အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ
ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။
၆။ အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ
ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။
၇။ ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ
ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေ
တက်ပြီး ဂုဏ်သိက္ခာ တက်ပါမည်။
၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်
အတူပေါင်းသင်း နေရသကဲ့သို့ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။
No comments:
Post a Comment