ဝဋ်နဲ့ဝတ်က အသံထွက်ချင်းတူပေမယ့်
အဓိပ္ပါယ်ကွဲတယ်ဗျ။ ၀ဋ်ဆိုတာ ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားအတိုင်း အကျိုးတရားကို
ကိုယ်ပြန်ရိတ်သိမ်းရတာ ကိုဆိုတာ။ ၀ဋ်အမြဲ ငရဲအပ ဆိုတယ်မဟုတ်လား။ ငရဲဆိုတာ
မကြုံရင်ရှိမယ်။ ၀ဋ်ကတော့ လည်ကိုလည်တယ်ပေါ့။ ဒီနိယာမ တရားက ကောင်းလည်းကောင်းတယ်၊
ဆိုးတယ်ပေါ့ဗျာ။ ကောင်းတယ်ဆိုတာက ဒီလို။ ၀ဋ်လည်မှာ ၀ဋ်လိုက်မှာကြောက်တော့ သိပ်ပြီး
မဆိုးရဲဘူး။ အသိတရားလေးနဲ့ နေကြတာပေါ့။ ဒီတော့ ကိုယ့်အ တွက်ကောင်းတာပေါ့။ ဒါပေမယ့်
ဒီနိယာမကဆိုးတာ လည်း ရှိတယ်။ ဆိုးတယ်ဆိုတာက ကိုယ်က
အကုသိုလ်တစ်ခုခုလုပ်မိတယ်ဆိုပါစို့။ ၀ဋ်ဆိုတာ ကိုယ့်ဖာသာ
ကိုယ့်စိတ်ကြိုက်ဖြည်ယူလို့ မရဘူး မဟုတ်လား။ ကိုယ့်စိတ်ကြိုက်ဖြည်ယူလို့ရမှတော့
ကိုယ်လုပ်ချင်တာလုပ်ပြီး ငွေနဲ့ဖြစ်ဖြစ်ရှင်းလိုက် မှာပေါ့။ ဘယ်ရမှာလဲနော်။
တစ်ခုပဲစဉ်းစားကြည့်။ ကိုယ်ကသူ့အသက်သတ်လို့ ထောင်ကျ တယ်ပဲ ထားအုံး။
ထောင်ကထွက်လာရင်ပြီးပြီဆိုပေမယ့် သံသရာမှာ မပြီး ဘူးဗျ။ လာအုံးမှာ။ ဥပဒေက
ပြီးပေမယ့် သံသရာက မပြီးဘူး။ ဒါကြောင့် ၀ဋ်ဆိုတာ ဖြည်လို့မရဘူး။ အကြောင်းတစ်ခုခုက ဖြည်ပေးမှ
ကိုယ်ကလွတ်တာလေ။ ဒါပေမယ့် အဲ့ဒီလိုလည်း အဖြည်ခံရရော ကိုယ်ကလည်း သံသရာရှော့ရှိ ရောပဲ။
ဒါကြောင့် ၀ဋ်အမြဲ ငရဲအပဆိုတာ
ကောင်းလည်းကောင်း ဆိုးလည်းဆိုးတယ်။ ကိုယ်က အကုသိုလ်မကင်းနိုင်ဘူး ဆိုရင်တော့
မကောင်းတာလုပ်ရင်မကောင်း တာဖြစ်မယ်ဆိုတဲ့ စကားကြီး က ဘယ်မှာလာပြီး သတင်းကောင်း ဖြစ်တော့မှာလဲ။
သူံသရာဝဋ်က စောင့်နေပြီ မဟုတ်လား။ ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့လူရယ်လို့
တစ်ယောက်တောင်မရှိဘူး။ ရုပ်အချောဆုံး၊ ပညာအတတ်ဆုံး အချမ်းသာဆုံး၊
အရှိန်အ၀ါအရှိဆုံး၊ ဥာဏ်အကောင်းဆုံးဆိုတာ လောကမှာမရှိဘူးလေ။ ဒါတွေက နှိုင်းပြီးသာ ပြောနေကြတာ။
လူမှန်ရင် တစ်နေရာတော့ ချို့တဲ့နေကြတာချည်းပါပဲ။ ဒီလို မပြည့်မစုံဖြစ်နေတာ ဘာကြောင့်လဲဆိုပြီး
အဖြေရှာရင် ၀ဋ်လို့ဖြေရ မလားပဲ။ ၀ဋ်ရှိလို့ မပြည့်စုံတာ၊ ချို့တဲ့တာပေါ့။ ပြီးတော့
လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ ကင်းသူဆိုလို့လဲ လောကမှာ မရှိဘူးလေ။ အနဲနဲ့အများသာ ကွာတယ်မဟုတ်လား။
ဒါကြောင့် ဒါကိုလည်း ၀ဋ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ ၀ဋ်ရှိလို့ ပြီးပြည့်စုံသူ မဖြစ်ရတာ၊
လောဘ ဒေါသ မောဟ အတ္တ မကင်းကြတာ၊ အိုရ နာရ သေရတာလို့ ပြောရင် မမှားပါဘူး။
ဒီလိုဆိုတော့ လူသားအားလုံးဟာ ၀ဋ်သူ ၀ဋ်သားတွေပေါ့။ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊
ထုံးတမ်းတွေ မတူပေမယ့် ၀ဋ်သူ ၀ဋ်သားတွေဖြစ်ပုံ ကတော့ အတူတူပါပဲ။
ဝတ်
တ၀မ်းပူနဲ့
သတ်တဲ့ဝတ်ကတော့ ၀တ္တရားပေါ့ဗျာ။ ဒါကတော့ ကောင်းတယ်ဗျ။ လုပ်သင့်တာတွေလို့
လူတိုင်းကရှုမြင်ကြတာမဟုတ်လား။ ဒီတော့ လင်ဝတ်၊ မယားဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊
ဆရာဝတ်၊ အကြီးအကဲဝတ်၊ ငယ်သားဝတ်၊ မိတ် ဆွေဝတ်၊ သာသနာအရှင်သူမြတ်များ ၀တ်ရယ်လို့
ရှိကြတယ်မဟုတ်လား။ ဒီလိုဝတ်တွေ ကျေသူကို လူ့ဘောင်ကတန်ဖိုးထား တယ်။ အတုယူလေးစားတယ်။
ချီးမြှောက်ကြတယ်။
မင်္ဂလာတရားတွေဖြစ်လို့ သံသရာမှာ ကောင်းစားမယ့်
တရားတွေလို့ မြင်တယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ အချိန်ကတည်းက ကလေးသူငယ်တွေကို လူကြီးသူမတွေက မင်္ဂလာဝတ်တွေ သင်ပေးရတာပေါ့။ ဒါပေမယ့် အဲ့ဒီဝတ်တွေ
အကုန်အစင်ကျေရဲ့လားလို့ မေးပြန်ရင်တော့
ဟင့်အင်းလို့ ဖြေရမှာပါ။ ဒါတွေကောင်းမှန်းသိတယ်။ လုပ်သင့်တယ်ဆိုတာ
သိတယ်။ နားလည်တယ်။ လုပ်ဖို့သူများကိုလည်း
ကိုယ်ကအားပေးနေတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက်လုပ်သလဲမေးရင် တတ်နိုင်သလောက် လုပ်ခဲ့တယ်။
လုပ်နေတယ်ပဲ ဖြေရပါတယ်။ အကုန်အစင်လုပ်ပြီးပြီလို့ မ ပြောနိုင်ပါဘူး။ တကယ်တော့
ဒီဝတ်တွေက အကုန်အစင်လုပ်ဖို့ လိုတဲ့ ၀တ်တွေပါ။ လုပ်နိုင်တာလုပ်ပြီး
မလုပ်နိုင်တာချန်ထား သဘောမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မရတာချန်ထားဆိုရင်
ဘယ်လောက်ချန်ရမှာလဲ။ ဘယ်လောက်ပြီးရမှာလဲဆိုတာကို မသိလို့ပါပဲ။ လူတွေက ကိုယ့်စိတ်နဲ့ကိုယ်
သတ်မှတ်ပြီး ကိုယ့်ကိုကိုယ် ဖော့တွေး တွေးတာတော့ ရှိတာပေါ့။ စည်းကမ်းဆိုတာ ချကတည်းက
လိုက်နာဖို့ ရည်ရွယ်ထားတာပါ။ မလုပ်နိုင်တာ ချန်ထားလို့ပြောရင် ပျက်ပြီပေါ့။
ဒါကြောင့် ၀တ္တရားဆိုတာ အားလုံး ကုန်စင်အောင်လုပ်ဖို့ တာဝန်ရှိကြတာပါ။ လူမှန်ရင်
ဝတ်ကို ဖြည့်ဆည်းရမယ်ဆိုတာ ယဉ်ကျေးတဲ့ လူ့ဘောင်က
လက်ခံထားတာပါ။ ဒါကြောင့် လူဟာ မွေးလာကတည်းက ၀တ်သူဝတ်သားအဖြစ် မွေးလာတာပါ။
ကလေးကစပြီး သက်ကြီးရွယ်အို ဘ၀အထိ အသက်အရွယ်၊ အလုပ်အကိုင်၊ နေရာဌာနအလိုက်
ဝတ်အမျိုးမျိုးဖြည့်ကျင့်ပြီး အသက်ရှင်သွားကြရပါတယ်။
လူမှန်သမျှ ၀ဋ်သူ ၀ဋ်သားများဖြစ်သလို
ဝတ်သူဝတ်သားများလည်း ဖြစ်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ မာန၊
ကိလေသာကင်းသူ၊ အိုနာသေ ဒုက္ခလွတ်သူ တစ်ဦးမျှမရှိလို့ ၀ဋ်သူဝဋ်သားဖြစ်သလို
ကောင်းတာမှန်သမျှ၊ တရားတာမှန်သမျှ၊ ဓမ္မမှန်သမျှ၊ ကုသိုလ် မှန်သမျှ၊ စာရိတ္တနဲ့ ၀ါရိတ္တမှန်သမျှ၊
သီလမှန်သမျှ၊ အကုန်အစင် ဖြည့်ကျင့်ဆောက်တည် အသက်ရှင်ဖို့ တာဝန်ရှိကြတဲ့ ၀တ်သူဝတ်သားများလည်း
ဖြစ်ကြပါတယ်။
ကိုင်း၊ ၀ဋ်ကလည်း ရှိတယ်။ ၀တ်ကလည်းရှိတယ်။
ဝဋ်ကို ရှောင်လို့ မရသလို၊ ၀တ်ကိုလည်း မရှောင်သင့်ဘူး။ ဒုက္ခနဲ့ ကိလေသာကိုလည်း
သတ်လို့မရသလို ဒါန၊ သီလ၊ ဘာဝနာကို အကုန်အစင် ဖြည့်ကျင့်ဖို့ တာဝန်ကြီးက
ရှိနေတာပေါ့။ ကိုယ်တိုင်လည်း ၀ဋ်သူ ၀ဋ်သားဖြစ် ၀တ်သူဝတ်သားလည်း ဖြစ်နေတဲ့
မိတ်ဆွေပဲ အဖြေရှာကြည့် ပါတော့။ ၀ဋ်နဲ့ဝတ်၊ ဆန့်ကျင်ဘက်သဘောနှစ်ခု အပြိုင်အဆိုင်
တွန်းလှန်ဖိစီးနေတဲ့ ၀ဲသြဃထဲက မိတ်ဆွေရဲ့ လူဘ၀ဆိုတာ ဒါပဲလား။ ၀ဋ်နဲ့ဝတ် ဘယ်သူက
အနိုင်ယူသွားမှာပါလိမ့်။ ဒီတော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမှာပါလိမ့်။
တမလွန်မှာ
ဝဋ်မလည်ရအောင် ၀တ်က ဖြည့်ဆည်းပေးနိုင်မှာလား။ ၀တ်မှန်သမျှ သဲထဲရေသွန် ဖြစ်သွားအောင်
ဝဋ်ကပဲ ချည်ပစ်လိုက်လေမလား။ ဖြည်နိုင်ရင်ဖြည်။ မဖြည်နိုင်ရင် အချည်ခံရတော့မယ် ထင်ပါရဲ့။
No comments:
Post a Comment