ဗုဒ္ဓဘာသာဝင်တိုင်း၏ အထွတ်အမြတ်ထားရာ
ကိုးကွယ်ရာ ရှင်တော်မြတ်ဗုဒ္ဓဖွားတော်မူရာ နေ့ထူးနေ့မြတ်ကြီးသို့ ရောက်ရှိလို့ လာခဲ့ပါပြီ၊
လူလိမ္မာ သူတော်ကောင်းများကတော့ ဘုန်းကြီးကျောင်းများနဲ့ ဘုရားပုထိုးများရှိရာသို့ သွားရောက်ပြီး
ငါးများ ဘေးမဲ့လွှတ်ခြင်း၊ ငှက်ကလေးများ ဘေးမဲ့လွတ်ခြင်း၊ ဘုရားပန်းများ ဆီမီးများ ပူဇော်ခြင်း၊
ငါးပါးသီလ ခံယူဆောက်တည်ကာ ပုတီးစိတ်ခြင်း၊ တရားဘာဝနာ ရှုမှတ်ခြင်းတို့ကို ပြုလုပ်နေကြပါပြီ၊
စုဖွဲ့ပြီး ဓမ္မစကြာရွတ်ဖတ်ပူဇော်နေကြတဲ့ မြင်ကွင်းလေးကလဲ ပျော်စရာကောင်း စိတ်ကြည်နူးစရာ
ကောင်းလိုက်တဲ့ မြင်ကွင်းလေးပါ။
ဗုဒ္ဓမြန်မာလူမျိုးများပါ
လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိလာကြတော့ ဘုရားဝင်း ကျောင်းဝင်းထဲမှာ မြန်စကားသံ တညံညံနဲ့
မွန်လူမျိုးတို့၏ အိုးသံ ခွက်သံ စလောင်းသံပါ ရောက်စွက်လိုက်တော့ - ရွှေမြန်မာ သူတော်ကောင်းများ
မြန်မာရိုးရာ ၀တ်စုံလေးတွေနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကဆုန်ညောင်ရေသွန်းပြီး ကောင်းမှုကုသိုလ်လုပ်ဖို့
လာကြပါပေပြီ။ အိုးစည်ဝိုင်းလေးပါ ထဲ့လိုက်ရလို့ကတော့ ဘာပြောကောင်းမလဲ မြန်မာပြည်ပြန်ရောက်သွားသလို
ခံစားမိလိမ့်မယ်။
မျိုးချစ်ရဲဘော်တွေ မဘသတွေများ
ပါမလားလို့ တွေ့လိုတွေ့ငြား မြင်နိုင်လောက်တဲ့ စင်မြင့်ပေါ်တက် ဟိုဟိုဒီဒီ ဝေ့၀ိုက်ကြည့်လိုက်တာ
တစ်ကောင် တစ်မြီးမှ မတွေ့ သေချာပါပြီ ၁၁ ရက်နေ့ကလည်း ရောက်မလာကြ ဟိုးဝေးဝေးမှာ ကျင်းပတဲ့
ရှိုးပွဲကိုသွားခဲ့ကြလေရဲ့၊ ဘန်ကောက်ရောက်တာကြာပြီး မြဘုရား မရောက်ဖူးသေးပေမယ့် ရှိုးပွဲကိုတော့
အရောက်အသွား၊ သတ္တိကလဲ ရှိလိုက်ကြတာ၊ စာရွက်စာတမ်းတွေ အကုန်ယူမသွား သောက်စားထားတာက မအိုဆေး၊
အပြန်မှာ ပုလိပ်တွေနဲ့တွေ့ လှူလိုက်ရတာက ဘတ် ၅၀၀၀ - နည်းတောင် နည်းသေး၊ အလှူခံလာရင်
လှူတာက ဘတ် ၂၀၊ ပြောလိုက်တာက အလှူခံတွေ များလှသကွာတဲ့၊ ပုလိပ်ကို ဘတ် ၅၀၀၀- လှူလိုက်ရတာမှ
ဂုဏ်ရှိတယ်ထင်ပါ့၊
မြဘုရား သွားလို့ အဖမ်းခံရရင်
ပြောရတာ ဂုဏ်ရှိသေးရဲ့၊ ရှိုးပွဲသွားလို့ အဖမ်းခံရတာကတော့ ရှက်တတ်ရင် လဲသေလို့ရချည်ရဲ့၊
အခုလည်းကြည့် ကိုယ့်လူတွေ ဘယ်ရောက်နေသလဲ ဖုန်းဆက်မေးတော့ ဒီနေ့ ဘာနေ့မှန်းမသိ အလုပ်ပိတ်လို့
စိတ်ပြေလက်ပျောက် ပတ္တယာ အရောက် ဒိုးနေပါပြီဘုရားတဲ့၊ အော် - ဟိုတစ်ရက်ကလဲ ဘီယာဆိုင်ရှေ့က
အဖြတ် ၀တ်ထားတာက ၉၆၉ အင်္ကျီ၊ တီတီတာတာ ပလီပလာ လေလုံးထွားပြီး သောက်နေကြတာက မအိုဆေး၊ ရှေ့က
ဗူးကို လှမ်းကြည့်လိုက်တော့ LEO တံဆိပ်နဲ့ အပီနှိပ်နေကြတာ အံ့ပါရဲ့၊ အခုလည်းကြည့် ဒီနေ့
ဘာနေ့မှန်း မသိ အလုပ်ပိတ်လို့ ကမ်းခြေသို့ ဒိုးပါပြီတဲ့၊ မပြောကောင်း ပြောကောင်း အပြန်မှာ
ပုလိပ်မိလို့ အလှူခံကြီးကြီးနဲ့ တိုးပါစေဗျား၊
ကိုယ့်စိတ်ကူးနဲ့ကိုယ်နေတုန်း
အနားက ရှမ်းမတစ်ယောက်က ဘုရားဝင်း ကျောင်းဝင်းထဲ ရောက်လာတဲ့ သူတော်ကောင်း ရွှေမလေးတွေကိုတွေ့ပြီး
အရှင်ဘုရား သူတို့တွေက ဘာတွေ ၀တ်ထားကြတာလဲတဲ့၊ အော် - မေးလဲ မေးတတ်ပါပေ့ ရှမ်းမကြီးရယ်၊
ကိုယ်လဲ အခွင့်ရတုန်း ဂုဏ်ယူဝင့်ကြွားလိုက်အုံးမယ်ပေါ့၊ ဟိဟိ
ဖြေ - အော် - ဒကာမလေးရေ
-- သူတို့တွေ ၀တ်ထားတာ မြန်မာနိုင်ငံ မြန်မာလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံပါကွယ်၊
ရှမ်းမ - ဒါဆို ပုံစံတွေ
အမျိုးမျိုး ဘာကြောင့် ဖြစ်နေတာလဲ ဘုရား၊
ဖြေ - မြန်မာဝတ်စုံကတော့
ချိတ်လုံချည် ချိတ်အင်္ကျီတွေပဲ ဆိုပါစို့၊ သို့ပေမယ့်လဲ ဟိုး ရှေ့နားကာ အပေါ်က အဖြူ အောက်က
အနီအဆင်လေးတွေက မွန်မလေးတွေလေ၊ ကျန်တာတွေက ထားဝယ်မလေးတွေလဲ ပါတယ်၊ ရခိုင်မလေးတွေလဲ
ပါတယ်၊ တိုင်းရင်းသား လူမျိုးများတော့ သူတို့ရဲ့ ကိုယ်ပိုင်ရိုးရာလေးတွေကို ကိုယ်စီဝတ်ကြတာပေါ့၊
ရှမ်းမ - တင်ပါ့ဘုရား၊
ဒီလို ၀တ်စုံတွေကို မြန်မာပြည်မှာလဲ ၀တ်ကြတာပဲလားဘုရား၊
ဖြေ - ၀တ်ကြပါတယ်၊ အခုနောက်ပိုင်းမှာတော့
အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေကို အဓိကထား ၀တ်ဆင်ကြပါတယ်၊ ပုံမှန်ကတော့ လုံချည်လေးတွေနဲ့
နေကြပါတယ်၊
ရှမ်းမ - တကယ့်ကို ကျက်သရေရှိတယ်နော်ဘုရား၊
အခုထိုင်းကိုရောက်နေတဲ့ မြန်မာမလေးတွေလဲ ဒီလိုမြန်မာဝတ်စုံလေးတွေ ၀တ်ဆင်ကြမယ်ဆိုရင်
မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာကောင်းတယ်နော် .. ၊ အခု ထိုင်းမှာတွေ့နေမြင်နေရတာက
တစ်ချို့ မြန်မာမလေးတွေ လုံချည် မ၀တ်ပဲ ဘောင်းဘီရှည်၊ စကပ်ရှည် ကိုတောင် မ၀တ်ပဲ တိုလိုက်တာဘုရား၊
ထိုင်းမတွေထက်တောင် ပိုပြီး တိုနေကြသေးတယ်ဘုရား၊ ပြီးတော့ သူတို့တွေက အန္တရာယ်ကို ခေါ်နေသလို
ဖြစ်နေတယ်လို့ စိတ်ထဲ ခံစားရပါတယ်ဘုရား၊ အဲ့ဒါ အရှင်ဘုရားရော ဘယ်လိုမြင်ပါသလဲ ဘုရား
--- တဲ့၊ (အဲ့ဒါမှ သေပြီဆရာပဲ)
ဖြေ - အင်း - မြန်မာဝတ်စုံ
အမြဲဝတ်ရမယ်လို့ ဥပဒေမရှိတော့ အဲ့ဒါက အဲ့လိုရှိပါတယ်၊ ဒါက ဒီလိုရှိပါတယ်၊ ဟိုဟာက ဟိုလိုရှိပါတယ်၊
သူတို့ ကြိုက်တာ သူတို့ ၀တ်ကြတာပေါ့ဗျာ - ပြောပြီး စကားလမ်းကြောင်း လွဲလိုက်ရတယ်၊
မြန်မာပြည်မှာဆိုရင် ဒီလိုနေ့မျိုးမှာ
ရွှေတိဂုံဘုရားကို တက်လို့မရအောင် လူတွေ များပြားလှကြောင်း ၊ မြို့တိုင်း ရွာတိုင်းမှာ
ဘုရားရေသပ္ပါယ်တာတွေ၊ ညောင်ရေသွန်းပွဲတွေ လုပ်ကြကြောင်း၊ ကျောင်းကန်ဘုရားတွေမှာဆိုရင်
ဒီနေ့ တစ်နေ့ဟာ အစည်ကားဆုံး နေ့ဖြစ်ကြောင်း ဝေ့၀ိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်ရတယ်၊
ကိုယ်ကတာ ဂုဏ်ယူဝင့်ကြွားစွာနဲ့
ဒီနေ့ ဘုရားဝင်း ကျောင်းဝင်းထဲရောက်လာကြတဲ့ မြန်မာမလေးတွေကို ကြည့်ပြီး ပီတိဖြစ်နေ
ဂုဏ်ယူနေရပေမယ့်၊ မျိုးချစ်အမည်ခံ - မဘသ အမည်ခံ ဘုရားနေ့၊ ဘုရားမွေးနေ့ကို မေ့ပြီး
ကမ်းခြေသွား ကြွက်တွင်းထဲ ဘီယာလောင်းထဲ့နေကြတဲ့ ဟိုသေနာကောင်တွေကတော့ သဗ္ဗေ သတ္တာ ကမ္မသကာ
ပဲပေါ့။
လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ
ဘေးရန်ကွာ၍ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ကြပါစေ၊
ကုသိုလ်တရား အစဉ်ပွားများနိုင်ကြပါစေ၊
စိတ်ကောင်း နှလုံးကောင်း
အစဉ်မွေးနိုင်ကြပါစေဗျာ။
No comments:
Post a Comment