ပြောရအုံးမယ် မဆိုင်းသူရေ
--
မထင်မှတ်ပဲ ရန်ကုန်က ဆွေတော် မျိုးတော်တွေရောက်လာလို့
ဆိုင်းမဆင့် ဗုံမဆင့်ပဲ ယိုးဒယားပတ်ပျိုးနဲ့ ခရီးတစ်ခု အစပျိုးခဲ့မိတယ်၊ 11.5.2014
ရက်နေ့ ည ၉ နာရီခွဲကနေ ဘန်ကောက်က စထွက်လိုက်တာ ထိုင်း-ကမ္ဗောဒီးယား နယ်စပ်ကို ည ၁၂ နာရီခွဲမှာ
ရောက်ရှိသွားခဲ့ပါတယ်။ ဟိုတယ်ရှာတည်းခိုလိုက်တာ ၁ ညမှ 350 ဘတ် တန်သလားမမေးနဲ့၊ အဲယားကွန်း၊
တီဗွီ၊ ရေပူ ရေအေး အကုန်ပါတယ်၊ နောက်ရက်မနက် ၇ နာရီလောက်မှ ရုံးတွေ ဘာတွေဝင်ပေါ့၊ ထုံးစံအတိုင်း
နယ်စပ်ဆိုတော့ ကယ်ရီတွေ ရှိကြတယ်၊
Re-Entry တုံး မထုရသေးသူတွေအတွက် တစ်ယောက်ကို 200 ဘတ်နဲ့ ၀န်ဆောင်မှု ပေးပါတယ်၊
ဗီဇာကတော့ ဖရီးပါ၊ သို့သော်လည်း ရာသီဥတုပူပြင်းလို့ တန်းမစီချင်တာနဲ့ပဲ တစ်ယောက် ၄၀၀
ပေးပြီး VIP လမ်းကြောက ၀င်သွားခဲ့ပါတယ်။ ပထမဆုံး သွားဖြစ်ခဲ့တဲ့ ခရီးမို့ လမ်းကြောင်းမသိသေးတော့
ကယ်ရီတွေနဲ့ပဲ သွားခဲ့တယ်၊ အသွားအပြန်ကားခ 4500 ဘတ် ပေးရတယ်။ ကမ္ဗောဒီးယားဘက်ခြမ်းကို
ရောက်သွားတဲ့အခါမှာတော့ လုံးဝလုံးဝ မထင်မှတ်ထားတာကို တွေ့လိုက်ရလို မှင်သက်မိသွားတယ်၊
မြန်မာနိုင်ငံက ဆီဒိုးနား ဟိုတယ်ထက် ၃ ဆ ၊ ၄ ဆ ကြီးတဲ့ ကာဆီနို လောင်းကစားရုံကြီးတွေ
အများကြီးပဲ တွေ့လိုက်ရတယ်၊ ထိုင်းဘက်ခြမ်းထက် ပိုစည်ကားနေခဲ့တယ်။ ငွေကြေးသုံးစွဲမှုကတော့
ဒေါ်လာလည်း သုံးလို့ရတယ်၊ ထိုင်းဘတ်ငွေလည်း သုံးလို့ရတယ်၊ သူတို့ငွေလည်း သုံးလို့ရပါတယ်။
ဘာသာစကားကတော့ အင်္ဂလိပ်လိုလည်း ရကြသလို ထိုင်းလိုလည်း ပြောကြတယ်၊ သူတို့ ဘာသာစကားကိုလည်း
ပြောဆိုကြပါတယ်။
နယ်စပ်မြို့ Poipet နဲ့
Angkor Wat အထိ လမ်းကြောမှာ မြို့သေးသေး ၂ မြို့ကလွှဲ၍ လူနေရွာတွေ သိပ်မတွေ့ရတော့ပဲ၊
၁၀ အိမ် - ၁၅ အိမ် ဟိုနည်းနည်း ဒီနည်းနည်းပဲ တွေ့ရတယ်။ လမ်းဘေးဝဲယာမှာ မျက်စိတစ်ဆုံး
မြေကွက်တွေ လယ်ယာမြေတွေပဲ တွေ့ရတယ်။ တောတွေ တောင်တွေ မရှိသလောက်ပါပဲ၊ လူတွေရဲ့ အနေအထားကတော့
မြန်မာလူမျိုးနဲ့ တစ်ပုံစံထဲပါပဲ၊ အိမ်တွေလည်း မြန်မာအိမ်တွေနဲ့ အတူတူပါ၊ လူတွေရဲ့
စကားပြောသံကတော့ မွန်လူမျိုးတွေနဲ့ တူနေတယ်၊ သေချာနားထောင်မှ မွန်လူမျိုးမဟုတ်မှန်း
သိရတယ်။ အ၀တ်အစား ၀တ်ပုံဆင်ပုံတွေကအစ မြန်မာနဲ့ တစ်ပုံစံထဲပါပဲ၊ အမျိုးသမီးတွေက လုံချည်ကို
ဝတ်ဆင်ကြပါတယ်၊ ကျောင်းသူတွေက အပြာရောင် လုံချည် နဲ့ စကပ်ရှည်ရှည်ကို ၀တ်ဆင်ကြပါတယ်၊
ကျောင်းသားတွေကတော့ အပြာရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ကြပါတယ်၊ အင်္ကျီကတော့ အဖြူရောင်ပါပဲ၊စာသင်ကျောင်းတွေကလည်း
မြန်မာပြည်က စာသင်ကျောင်းနဲ့ ဆင်တူလှပါတယ်၊ ရွာတွေမှာ ဘုန်းကြီးကျောင်းတွေ သိပ်မတွေ့ရပေမယ့်
Cambodia People Party ဆိုတဲ့ ပါတီရုံးတွေကတော့ ရွာတိုင်းမှာ ရှိနေပါတယ်။
ကမ္ဗောဒီးယားလူမျိုးတွေကို
ထိုင်းတွေက ကမ်ပူးချား လို့ ခေါ်ကြတယ်၊ မြန်မာစာမာတော့ မွန်-ခမာနဲ့တူလို့ ခမာလို့ ခေါ်သလို
ခမိန်လို့လည်း ခေါ်ကြပါတယ်။ ထိုင်းရောက်မြန်မာတွေခေါ်တာကတော့ ငံပြာရေလို့ပဲ ခေါ်ကြပါတယ်။
မြန်မာတွေ ငါးပိစားလို့ ငပိသံပါတယ်လို့ ပြောသလိုပဲ ကမ္ဗောဒီးယားလူမျိုးတွေကိုလဲ ငံပြာရည်
အစားများလို့ ငံပြာရည်လို့ ခေါ်ကြတာပါ၊ အင်္ဂလိပ်စကားပြောတဲ့အခါမှာတော့ ငါးပိသံနဲ့ ငံပြာရည်သံ
ဆိုတော့ အိုကေမှ စိုပြေနေတာပဲ၊ စက်သေနတ်ပစ်တာ
- ဆိတ်အီးပေါက်တာကမှ ရပ်ချင်ရပ်အုံးမယ်၊ တစ်လမ်းလုံး တစ်ရစပ်ပဲ၊ ရိုးသားတဲ့ လူတွေရှိသလို
ကလိမ်ကကျစ်တွေလဲ တွေ့ခဲ့ရပါတယ်၊ ထူးဆန်းတာကတော့ ကီလိုမီတာ 160 ကျော်အထိ ၀င်ရောက်သွားခဲ့တာတောင်
စစ်တပ်နဲ့ရဲစခန်းကို မတွေ့ခဲ့ရသလို စစ်သား တစ်ယောက်မျှ မတွေ့ခဲ့ရတာပါပဲ၊ မင်းတို့တိုင်းပြည်မှာ
စစ်သားမရှိဘူးလားဆိုတော့ ရှိတယ်တယ်၊ ဘာကြောင့် မတွေ့ရတာလဲဆိုတော့ သူတို့နေရာမှာပဲ သူတို့နေကြတယ်၊
သူတို့အလုပ် သူတို့လုပ်ကြတယ်တဲ့ အဲ့ဒါကြောင့် မတွေ့တာတဲ့ ဗျာ၊
တိန် --- ကဲ မှတ်ကရောဗျာ
မေးချင်အုံး၊ မြန်မာနိုင်ငံမှာတော့ ဘယ်သွားသွား သူတို့ကိုပဲ ရှောင်နေရတယ်၊ နယ်ဘက်ကိုပဲ
သွားသွား၊ တောပိုင်းကိုပဲ သွားသွား၊ တပ်မြေ မကျူးကျော်ရ ဆိုတာတွေ၊ စစ်တပ်တွေ၊ ရဲစခန်းတွေ
အများကြီး တွေ့နေမြင်နေရတယ်၊ စစ်ကားတွေ ရဲကားတွေ နေရာအနှံ့တွေ့နေ မြင်နေရတာကိုးဗျာ့၊
ပြီးတော့လည်း အဲ့ဒီ ကမ္ဗောဒီးယား ကားသမားပြောသလို မြန်မာပြည်က စစ်သားတွေနဲ့ ရဲတွေက ကိုယ့်နေရာ
ကိုယ်မနေပဲ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ နေကြသလိုလို၊ေိေိ၊ နောက်ပြီး ဘာပဲလုပ်လုပ် ခွင့်ပြုချက်တွေဘာတွေတောင်းရင်
ကျုပ်က ----- ရဲ့ အမျိုးဗျာ့၊ ----- အသိဗျာ၊ ----- ကိုးကွယ်တဲ့ ဘုန်းကြီးဗျာ့ ဆိုတာတွေ၊
ပုံ ---- ဘယ်သူ ဆိုတာတွေကို ကြည့်လိုက်တော့ သူတို့တွေချည်းပဲကိုး၊ လေဆိပ်၊ မီးရထာ၊
ကား၊ သင်္ဘော၊ လယ်ယာမြေ၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ဘာအရေး ညာအရေးတွေမှာလည်း
သူတို့တွေပဲ ရှိနေကြတာကိုးဗျာ့၊ အဲ့ဒါကြောင့် ဘယ်သွားသွား ဘယ်လာလာ သူတို့တွေကိုပဲ တွေ့နေမြင်နေရတာ
မဆန်းပါဘူးလေ။ေိေိ
နိုင်ငံအနေအထားအရ မြန်မာပြည်ထက်
ပိုဆင်းဆင်းရဲ နွမ်းပါးပြီး အဓိက မိန်းလမ်းမကြီးတွေကတော့ မြန်မာပြည်နဲ့ ဘာမှမဆိုင်အောင်ကို
ကောင်းမွန်လှပါတယ်။ မြို့ထဲ ရွာထဲက လမ်းတွေကတော့ မြန်မာပြည်နဲ့ ထူးမခြားနားပါပဲ၊ ချိုင့်တွေ
ခွက်တွေနဲ့ ဖုန်လုံးကြီးတွေ တစ်လိမ့်လိမ့်နဲ့ပေါ့၊ လမ်းဘေးဝဲယာမှာ ဓာတ်မီးတိုင်တွေကို
အလှစိုက်ထားပြီး လမ်းမီးမပေးပဲ၊ အိမ်မီးတွေကို ထိန်ထိန်လင်းအောင် ပေးထားပါတယ်။ သွားစရာ
လာစရာဆိုလိုလဲ အန်ကောဝပ် ဘုရားကျောင်းတော်ကြီးနဲ့ အလျား ကီလိုမီတာ 100 ကျော်၊ အနံ ကီလိုမီတာ
32 ကျယ်ဝန်းတဲ့ အင်းကြီးပဲ ရှိပါတယ်။
ခရီးစဉ် အနေအထားအရ ၄င်း
အင်းကြီးကို သွားဖို့ အစီစဉ် မရှိပေမယ့် ရောက်ခဲ့ပါသေးတယ်၊ ၁ ယောက်ကို 25 ဒေါ်လာနဲ့
စက်လှေစီးပြီး သွားခဲ့ရတယ်၊ သူတို့ရဲ့ လူနေမှုပုံစံ 100% မြန်မာနဲ့တူပေမယ့် မြန်မာထက်
ပိုဆင်းရဲတယ်၊ မြို့တိုင်းရွာတိုင်းမှာ မြန်မာပြည်လို ကျောင်းကန်ဘုရား စေတီများ ကြီးကြီးမားမား
မရှိပါဘူး၊ သံဃာတွေက သင်္ကန်းကို မ၀ါ တ၀ါ ၀တ်ဆင်ကြတယ်၊ ဆင်းရဲလှသည့်အတွက် စေတီတွေ မတွေ့ရသလို၊
ဘုရားကြီးတွေ လဲ မတွေ့ခဲ့ရပါဘူး၊
အင်းထဲကိုရောက်သွားခဲ့တဲ့အခါမှာတော့
မြန်မာပြည်က အင်းလေးလို မစည်ကားသလို စိုက်ခင်းပျိုးခင်း မရှိကြဘူး၊ ငါးဖမ်းပြီးစားဝတ်နေရေးကို
ဖြေရှင်းရတယ်၊ သောက်သုံးရေ အလှူရှင်တွေလာမှ သောက်ရ သုံးရတဲ့သဘော ရှိတယ်။ ကိုးရီးယား
စားသောက်ဆိုင် နဲ့ သြဇီစားသောက်ဆိုင်တွေရှိတယ်၊ ကလေးတွေအတွက် ပညာရေးကိုတော့ ဗီယက်နာမ်နိုင်ငံက
စေတနာရှင်တွေက အခမဲ့စာသင်ကျောင်းဖွင့်ပေးထားတယ် ကလေး 340 ကျော်ရှိတယ်၊ ဘုန်းကြီးကျောင်းတော့
မရှိပဲ၊ Church ကျောင်း တစ်ကျောင်းလဲ ရှိတယ်၊ ကလေး 100 ကျော်ကို စာသင်ပေးတယ်၊ ကလေးတွေရဲ့
စားဝတ်နေရေးကိုတော့ ခရီးသွားလည်ပတ်ကြသူတွေလှူကြ တန်းကြတာလေးတွေနဲ့ ဖြေရှင်းပေးရပါတယ်။
ကလေးတွေကို တစ်နေ့ ထမင်း ၃ နှပ်ကျွေးပေးရတယ်၊ မျိုးချစ်မြန်မာ-မိသားစုကလဲ ရောက်တုန်းရောက်ခိုက်
ကလေးတွေအတွက် ဒေါ်လာ 100 လှူဒါန်းပေးခဲ့ကြတယ်။ ကလေးတွေရဲ့ ဖြူစင်ရိုးသားတဲ့ မျက်နှာလေးတွေ
တွေ့လိုက်ရတော့ အပူဒဏ်ကြောင့် ပင်ပန်းခဲ့ရသမျှ အလိုလို ပျောက်ကွယ်သွားခဲ့ရပါတယ်။
စာသင်ကျောင်းက အပြန်လမ်းမှာ
Tour Guide နဲ့ စကားလက်ဆုံကျလာခဲ့တယ်၊ နောက်နောင်ကို လှူချင် တန်းချင်ရင် ဘယ်သူ့ကို
ဆက်သွယ်ရမလဲ မေးတော့ ရိုးသားစွာနဲ့ပဲ ဘယ်သူ့ကိုမှ မဆက်သွယ်ပါနဲ့၊ ဘယ်အဖွဲ့နဲ့မှလဲ မဆက်သွယ်နဲ့၊
ဘယ်သူ့လက်ထဲမှလဲ မလှူနဲ့ မထဲ့နဲ့ ယုတ်စွဆုံး ကျွန်တော့ကိုလဲ မဆက်သွယ်နဲ့ ကျွန်တော့လက်ထဲလဲ
မထဲ့နဲ့တဲ့၊ သူများလက်ထဲ ထဲ့ရင် အဲ့ဒီထဲ့လိုက်တဲ့သူရဲ့ အိတ်ထဲရောက်သွားမယ်၊ ကျွန်တော့လက်ထဲ
ထဲ့ရင် ကျွန်တော့အိတ်ထဲ ရောက်သွားမယ်၊ ကိုယ့်ဖာသာ လာပြီး ကိုယ်တိုင်လှူရင် ကလေးတွေဆီ
တိုက်ရိုက်ရောက်ပါမယ်တဲ့ဗျာ၊ အော် - ပရ ဟိတ၊ ပရ ဟိတ၊ တကယ်မွန်မြတ်လှသည့်အလုပ်ပါ၊ ပရဟိတကို
အကြောင်းပြုပြီး လုပ်စားနေကြတာတွေ၊ ဟိုတုန်းက ကြားဖူးခဲ့တယ်၊ အခုတော့လည်း ကိုယ်ကိုယ်တိုင်
ပရဟိတလုပ်ပြီး ရောက်တဲ့နေရာတိုင်း လှူနေတန်းနေခဲ့သလို ပရဟိတအဖွဲ့တွေနဲ့ တွေ့လာ ဆုံလာရတယ်၊
လူမျိုးပေါင်းစုံနဲ့ တွေ့လာဆုံလာခဲ့ရတယ်၊ တကယ်လုပ်တဲ့ အဖွဲ့တွေကိုလည်း တကယ်မျက်ဝါးထင်ထင်
တွေ့ခဲ့ရပြီ၊ လုပ်စားလုပ်နေကြတာတွေကိုလည်း မျက်ဝါးထင်ထင် တွေ့ခဲ့မြင်ခဲ့ရပါပြီ၊ နောက်နောင်ကို
လှူတဲ့ တန်းတဲ့အခါမှာလဲ လုပ်စား ပရဟိတအဖွဲ့တွေကို မတွေ့ရပဲ အမှန်အကန် ပရဟိတအဖွဲ့တွေကိုပဲ
လှူနိုင်တန်းနိုင်ရပါလို၏ပေါ့။
အင်းထဲကနေ ပြန်ထွက်ပြီး
အန်ကောဝပ်ဆီကို ခရီးပြန်ထွက်ပါတယ်၊ တစ်ယောက်ကို ၀င်ကြေး ဒေါ်လာ 20 စီပေးရပါတယ်၊ လက်မှတ်ရောင်းတဲ့နေရာမှာ
လုံခြုံရေးအရ ဓာတ်ပုံအရိုက်ခံရပါတယ်၊ ပြီးမှ
ကားနဲ့ပဲ အန်ကောဝပ်အထိ သွားလို့ရခဲ့ပါတယ်၊ ကျောင်းတော်ကြီးကို မန္တလေးကျုံးလိုမျိုး
ကျုံးနဲ့ ကာရံထားပါတယ်။ ရွှံ့စေးနဲ့ဆောက်လုပ်ထားပြီး အလွန်ထုထည်ကြီးမားလှပါတယ်၊ ရာသီဥတုပူပြင်းလှသည့်အတွက်ကြောင့်
ဧည့်သည်များ ချွေးတလုံးလုံးနဲ့ ကျောင်းတော်ကြီးအထဲထိ မရောက်ရောက်အောင်သွားပြီး မှတ်တမ်းတင်
ဗွီဒီယို ဓာတ်ပုံရိုက်ကူးကြပါတယ်။ ဘုရားကျောင်းတော်ကြီး ဆိုပေမယ့် ရှိခိုးကန်တော့စရာ
ဘုရားဆင်းတုတော်တွေတော့ မရှိပါ၊ ညနေ ၄ နာရီခွဲမှာတော့ အန်ကောဝပ်ကျောင်းတော်ကြီးမှ နယ်စပ်သို့
ပြန်လည်ထွက်ခွါလာခဲ့ကြပါတယ်။ ၇ နာရီလောက်မျာ နယ်စပ်ရောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်ဝင်ကာ
ည ၈ နာရီမှာ မိုးသက်လေပြင်းကြားကနေ ရုန်းထွက်ပြီး ဘန်ကောက်သို့ သုတ်ချည်တင်လာခဲ့ပါတော့တယ်၊
ည 11 နာရီမှာ ဘန်ကောက်မြို့ ရွှေပါရမီ ပညာဒါန - နာရေးကူညီမှုအသင်း-ဘန်ကောက် (ဓမ္မရောင်ခြည်
ဓမ္မဒါနလုပ်ငန်းခွဲ(271) ကို ချောချောချူချူ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်ခင်ဗျာ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
မူကြိုကျောင်းသား(13.5.2014)
No comments:
Post a Comment