Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, June 23, 2014

ရောင်ခြည်တော် ၆ သွယ်

ခရစ်ယန်ကောင်းလေးတစ်ယောက်က မေးတယ်၊ အရှင်ဘုရားတို့ သာသနာမှာ ပြောဆိုနေကြတဲ့ ရောင်ခြည်တော် ခြောက်သွယ် ဆိုတာ ဘာအရောင်တွေလဲတဲ့၊ သူက ငယ်ကတည်းက ထိုင်းကိုရောက်ခဲ့တာရယ်၊ ထိုင်းနိုင်ငံမှာက သာသနာ့အလံကို မသုံးတာရယ်ကြောင့် သူမသိရှာဘူးလေ၊ မြန်မာပြည်မှာဆိုရင်တော့ သာသနာ့အလံကို လက်ညိုးထိုးပြလိုက် ပြီးပြီပေါ့။ ထိုင်းနိုင်ငံမှာက ဘာသာရေးအလံကို အ၀ါရောင်နောက်ခံပြီး ဓမ္မစကြာအ၀ိုင်းလေးကို ထဲ့ထားတဲ့အလံကိုပဲ သုံးကြတယ်ဆိုတော့ မသိရှာဘူးပေါ့၊ ထိုင်းနိုင်ငံမှာက အလံတွေကလဲ ပေါမှပေါ၊ ဘယ်အလံက ဘာကို ကိုယ်စားပြုတယ်ဆိုတာတောင် မသိရလောက်အောင်ပဲကိုး၊ များသောအားဖြင့် အိမ်တွေ အလုပ်ရုံတွေမှာ အလံ ၃ ခု လွင့်တင်ထားတာများပါတယ်၊ အလယ်မှာ ထိုင်းနိုင်ငံအလံကို လွင့်တင်ပြီး ဘေးနှစ်ဘက်မှာ အ၀ါရောင်အလံနဲ့ အပြာရောင်အလံကို လွင့်တင်ထားကြပါတယ်။ အ၀ါရောင်အလံက ထိုင်းဘုရင်ကို ကိုယ်စားပြုပြီး အပြာရောင်အလံက ထိုင်းဘုရင်မကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့လေ ကိုယ့်အထင်ပြောရတာကိုး၊ အခုလည်း ရောင်ခြည်တော် ၆ သွယ်ကို ကိုယ်စားပြုထားတဲ့ သာသနာ့အလံကို ခရစ်ယန် လူငယ်တစ်ယောက်က မသိတာတော့ မဆန်းလှပေဘူးပေါ့။


ရောင်ခြည်တော် ၆ သွယ်ကို မြန်မာတွေထဲမှာတောင်မှ ဓမ္မစကြာဝတ်အသင်းသူတွေလောက်သာ ကောင်းကောင်းသိကြမယ်ထင်ပါတယ်၊ ဓမ္မစကြာမရွတ်ဖတ်ခင် ရောင်ခြည်တော် ၆ သွယ်ဖွင့် ဘုရားပင့်ကို ရွတ်ဖတ်ပူဇော်နေကြတာ မြင်ရကြားရသူအဖို့ စိတ်ဘ၀င်မှာ ကြည်နူးစရာ ကောင်းလှပါတယ်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် 103 ခု ကဆုန်လပြည့်နေ့မှာ ဗောဓိပင် အပရာဇိတပလ္လင်ဝယ် ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယဥာဏ်တည်းဟူသော ၀ိဇ္ဇာ ၃ ပါးနှင့် တကွ သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခဲ့ပါတယ်။ သစ္စာလေးပါးကို သိတော်မူကာ မာရ်ငါးပါးကို အောင်မြင်တော်မူပြီး ရောက်ခြည်တော် ခြောက်သွယ် ကွန့်မြူးတော်မူခဲ့ပါတယ်။

 “ရောင်ခြည်တော်”ဆိုတာ ဘုရားရှင်၏ ကိုယ်ခန္ဓာမှာ တည်ရှိနေတဲ့ အဆင်းတော်နှင့်တူတဲ့ အတွင်းစိတ်တော်၏ ရာဂ, ဒေါသ စသော အညစ်အကြေးကင်း၍ ကြည်လင်သန့်ရှင်း မှုကြောင့် တန်ခိုးဣဒ္ဓိပါဒ်တော်အစွမ်းဖြင့် အဆက်ဆက်ဖြာ၍ ထွက်ပေါ်လာသော အရောင်များပင် ဖြစ်ကြပါတယ်။


၁။  နီလ - ညိုသောရောင်ခြည်တော်ဆိုတာ ပင်ကိုယ်အားဖြင့်  ညိုမှောင်နေသော ဘုရားရှင်၏ “ဆံမုတ်ဆိတ်တော် မျက်နက်တော်စသည့်”ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ ဣန္ဒနီလာ ကျောက်ရတနာအဆင်း ရွဲညိုအဆင်း ပုလဲညိုအဆင်း ဝါညိုအဆင်း ကြာညိုပွင့်ချပ်အဆင်း မြရတနာဖြင့်ပြုအပ်သော ယပ်တောင်အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော အပြာရင့်ရောင် ညိုညိုမှောင်မှောင် “နီလ - ညိုရောင်ခြည်တော်” များ ထွက်တော်မူလာကြပါတယ်။


၂။ ပီတ - ရွှေသောရောင်ခြည်တော်က ပင်ကိုယ်အားဖြင့် ဝါဝါဝင်းဝင်း ရွှေအဆင်းရှိသော ဘုရားရှင်၏ “ကိုယ်သား ကိုယ်ရေတော် မျက်လုံးတော်အထက်က မျက်ခွံတော်စသည့်” ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ သိင်္ဂနိက် ရွှေအဆင်း မဟာလှေကား ရွှေစကားပန်းအဆင်း သက္ကလပ်ဖဲဝါအဆင်း ရွှေပြား ရွှေထည်
ရွှေရည်အဆင်းစသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဝါရောင်ဝင်းလျှပ်သည့် “ပီတ - ရွှေသောရောင်ခြည်တော် ဓာတ်များ” ထွက်တော်မူလာကြပါတယ်။


၃။  လောဟိတ - နီမြန်းသော ရောင်ခြည်တော်ဆိုတာ ပင်ကိုယ်အားဖြင့် အနီရောင်အဆင်းရှိနေသော ဘုရားရှင်၏ “အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါး လက်ဖဝါး အသွေးတော် စသည့်” ကိုယ်အင်္ဂါအစိတ်အပိုင်းမှ ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားနီအဆင်း ဟင်္သာပြဒါးသွေး နီနီသွေး အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော နီရောင်ဝင်းလျှပ်သည့် “လောဟိတ - နီမြန်းသောရောင်ခြည်တော် ဓာတ်များ” ထွက်တော်မူလာကြပါတယ်။

၎။  သြဒါတ - ဖြူဖွေးသော ရောင်ခြည်တော်ဆိုတာ ပင်ကိုယ်အားဖြင့် ဖြူဝင်းသောအဆင်းရှိနေသော ဘုရားရှင်၏ “အရိုးတော် သွားတော် စွယ်တော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွေးရှင်တော်စသည့်” ကိုယ်အင်္ဂါအစိတ်အပိုင်းမှ ငွေလရောင် အဆင်း စပယ်အဖြူ ကြယ်အဖြူအဆင်း ရတီစိန်အဖြူ ခရုသင်းဖြူအဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူး ဖွယ်ဖြစ်သော ဖြူဖွေးဝင်းလျှပ်သည့် “သြဒါတ - ဖြူဖွေးသော ရောင်ခြည်တော်ဓာတ်များ” ထွက်တော်မူလာကြပေတယ်။

၅။  မဉ္ဇိဋ္ဌ - ညို ရွှေ နီ ဖြူ လေးဆူအပေါင်း မောင်းသော ရောင်ခြည်တော်ကတော့ အဝါဘက်လည်း မကျ, အနီရင့်ဘက်လည်း မကျ, နီကြင်ကြင် ဝါကြန့်ကြန့်အဆင်းရှိသော ဘုရားရှင်၏ “အထက်ဆံဖျားတော် တလျှောက်မှ အောက်ခြေဖဝါးတော်တခို ထိုထိုသို့သော” ကိုယ်အင်္ဂါတော် အစိတ်အပိုင်း အသီးသီးမှ ထန်းကျင့်ပင် သို့မဟုတ်-“နီပဆေး”ဟု ခေါ်သော သစ်ပင်၏ အတွင်းသားအဆင်းနှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်းသော နီလွင်လွင်+ဝါကြန့်ကြန့် နှစ်ပြင်ပေါင်းကား ပန်းနုရောင်(မောင်းသော) အဆင်းရှိသည့် “မဉ္ဇိဋ္ဌ - ညို ရွှေ နီ ဖြူ လေးဆူအပေါင်း မောင်းသော ရောင်ခြည်တော်”များ ထွက်တော်မူလာကြတယ်။


၆။ ပဘဿရ - ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော ရောင်ခြည်တော်က ပြိုးပြိုးပြက်ထွက်သော “ပဘဿရ ရောင်ခြည်တော်အဆင်းကား ရှေးရှေးသော ရောင်ခြည်တော်ငါးသွယ်၏ အဆင်းများပင် ဖြစ်သည်။ ထွက်တော်မူပုံ ထူးသောကြောင့် ရောင်ခြည်တော်တပါးဟု ခွဲထားရသည်။ ရှေးရှေးရောင်ခြည်တော်များမှာ အဆက်မပြတ်ပဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီးမားမား ကျယ်ဝန်းစွာ ပျံ့နှံ့ကွန့်မြူးလျက် ထွက်တော်မူကြသည်။

ဥပမာ-ညိုသောရောင်ခြည်တော် ဆိုလျှင် လကွယ်သန်းခေါင်အခါ၌ ညိုမှောင်နေသကဲ့သို့ တဆက်တည်း ညိုမှောင်နေသည်။ ဤ “ပဘဿရ” ခေါ် ရောင်ခြည်တော်ကား တဆက်တည်းမဟုတ်၊ ကောင်းကင်ဝယ် လျှပ်စစ်ပြက်သလို ပြိုးကနဲ ပြက်ကနဲ လက်ကနဲဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် တမျိုးအားဖြင့် ကျက်သရေရှိအောင် ထွက်တော်မူကြသည်။ ဤကဲ့သို့ လင်းကနဲ လက်ကနဲနှင့် ပြိုးပြိုးပြက်ပြက် ထွက်တော်မူရာဝယ် “ပိုးစုန်းကြူး”ခေါ် ပိုးကောင်ကလေးများ ညအခါလက်သလို သေးသေးသိမ်သိမ် မဟုတ်၊ ကြေးမုံမှန်ပြင် ရေအပြင်ဝယ် လရောင် ဓာတ်မီးရောင်များ ထင်ဟပ်သကဲ့သို့ ကပ်ကပ်သတ်သတ် မထင်မရှား မလင်းတလင်းမျိုးလည်း မဟုတ်၊ ကြီးကြီးမားမား ထင်ထင်ရှားရှား ထွက်တော်မူကြပေတယ်။

ဤ“ရောင်ခြည်တော်ဖွင့် ဘုရားပင့်”မှာ လာသည့်အတိုင်း  သက်တော်ထင်ရှား ဘုရားရှင်၏ ပတ်ဝန်းကျင်ဝယ် အလွန်ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်ခြောက်သွယ်တို့၏ စံပယ်ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင်မြင်ယောင် ဖြစ်လာအောင် ကြိုးစား၍ အာရုံပြုနိုင်ကြပြီး ကြည်ညိုသဒ္ဓါ ထူးကဲစွာဖြင့် ဘုရာအဆုံးအမ သာသနာတော်ကို ထောက်ပံ့နိုင်သည့် သူတော်ကောင်း သူတော်မြတ်များ ဖြစ်ကြပါစေ။

ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ချမ်းသာတကွ ကျမ္မာတော်မူကြပါစေ။

ကျမ်းကိုး အဋ္ဌသာလိနီအဋ္ဌကထာ (ဘိ၊ ဋ္ဌ - ၁၊ ၁၄)

မူကြိုကျောင်းသား
7.6.2014

No comments:

Post a Comment