(၁)
ယခုနှစ်ကျောင်းအပ်ချိန်က
ယခင်နှစ်တွေနှင့်မတူ။ ကလေးတွေရော၊ မိဘတွေပါ တက်တက်ကြွကြွ ရှိလှသည်။ ကျောင်းအပ်ခဆိုသော
တံတိုင်းမြင့်ကြီးအကြောင်းကို ညည်းညူသံတွေ မကြားရတော့။ အခမဲ့ပညာရေးဟူသောအသံက ယခုအချိန်တွင်
လူပြော၊ သူပြော ပိုများလာသည်။ နောက်နှစ်များ တွင်အထက်တန်းကျောင်းအပ်ခကိုပါ ကင်းလွတ်မည်ဟူသော
သတင်းကိုပါခပ်သဲ့သဲ့ကြားလာနေရ သည်။
‘အရင်ကဆို ကျောင်းဖွင့်ပြီးတစ်ပတ်၊
နှစ်ပတ်ကြာတဲ့အထိ ကျောင်းအပ်လက်ခံတာ မပြီးသေးဘူးကွ။ အခုဆိုကျောင်းသားမိဘတွေက ငါလာတာကိုပဲ
ချောင်းနေကြတာ။ ငါရောက်လာတာနဲ့ ဝိုင်းပြုံပြီးအပ် လိုက်ကြတာ နာရီပိုင်းအတွင်းပြီးသွားတယ်’။
ကျေးရွာတစ်ရွာရှိ ကျောင်းသား
၄၀ ခန့်သာရှိသော မူလတန်းကျောင်းလေးမှာ ကျောင်းအုပ်လုပ်နေ သောကျွန်တော့်မိတ်ဆွေက အားပါးတရ
ပြန်ပြောပြခဲ့သည်။ ကျောင်းအပ်ခ အခမဲ့အပြင် ကျောင်းသား တစ်ယောက် ကျပ် ၁၀၀၀ နှုန်းပြန်ပေးခြင်းသည်
ကျွန်တော်တို့နိုင်ငံသမိုင်းတွင် ကြုံတောင့်ကြုံခဲလှ သည့် ဒုလ္လဘတရားပဲဖြစ်သည်။
‘ငါတို့မှာ အခုမှအဆင်ပြေတာပါကွာ။
အရင်နှစ်တွေကဆိုကောက်စိုက်ပေး၊ ဘဏ်ထုတ်ပေးတွေနဲ့ ကျောင်းအပ်လက်ခံကြရတာပါကွ’
ရွာကြီးတစ်ရွာမှ အလယ်တန်းပြသူငယ်ချင်းကလည်း
စိတ်သက်သာရာရသဖြင့် ရင်ဖွင့်ပြခဲ့ဖူးသေး သည်။
ဤသို့ဆိုလျှင် ကျောင်းနေအရွယ်ကလေးတိုင်း
စာသင်ကျောင်းထဲရောက်လာကြပြီလား။ ကျောင်းနေ အရွယ်ကလေးတိုင်း အဖြူ၊ အစိမ်းလေးတွေ ဖြစ်သွားကြပြီလား။
ဤမေးခွန်းတွေကတော့ အစဉ်ထာဝ ရမေးနေသင့်သည့် မေးခွန်းတွေဟု ကျွန်တော်ယူဆမိသည်။ ယူစရာအဖြစ်လေးတွေကိုလည်း
တွေ့နေ ရသည်မဟုတ်လား။
(၂)
ယခုနှစ်ကျောင်းအပ်ချိန်
အစောပိုင်းရက်တွေမှာဖြစ်သည်။ တောမြို့ကလေးတစ်မြို့ရှိ ဈေးထဲကလေး တစ်သိုက်ကစားရင်း
ငြင်းခုံအော်ဟစ်သံတွေ ထွက်လာသည်။ ကလေးတွေအများစုမှာ ဈေးစည်ပင် လိုင်းခန်းတွေထဲမှဖြစ်ပြီး
အားလုံးလိုလိုကလည်း ဈေးစည်ပင်သန့်ရှင်းရေးဝန်ထမ်းများ၏ သားသမီး တွေသာ ဖြစ်နေကြသည်။
သူတို့ငြင်းခုံနေကြသောအကြောင်းမှာ ကျောင်းအပ်သွားကြမည့်အကြောင်း၊ ဘယ်ကျောင်းကိုသွားအပ်မည့်အကြောင်း
စသဖြင့်။
သို့သော် ထိုကလေးအုပ်ထဲမှ
ကလေးမတစ်ယောက်က အခါလည်သားကလေးတစ်ယောက်ကို ချီ ထိန်းရင်း ‘ငါလည်းကျောင်းနေချင်လိုက်တာဟယ်’
ဟု ညည်းလိုက်သံကြောင့် အနီးမှာထိုင်နေသော ကျွန်တော်စိတ်ဝင်စားသွားသည်။
ကျောင်းအပ်ခတွေ အလယ်တန်းအထိ
အခမဲ့ပေးထားလျက်၊ ကျောင်းသားတစ်ယောက်အတွက်ပင် ကျပ် ၁၀၀၀ ပြန်ပေးနေပါလျက်၊ ဘာကြောင့်
. . . . ဘာကြောင့် . . . . ။
ကျွန်တော်ထိုကလေးမလေးကို
ကောင်းကောင်းသိသည်။ ဈေးစည်ပင်သန့်ရှင်းရေးလုပ်နေသော မောင် ဖြစ်သူကိုအမှီပြုပြီး ဆိုင်ခန်းအလွတ်တစ်ခန်းမှာ
ကျူးကျော်အိမ်ရာပြုထားသော မိသားစုထဲမှ ကလေး မလေး။ အသက်ခြောက်နှစ်ခန့်ရှိနေပြီ။ လက်နှီးစုတ်သာသာ
အဝတ်အစားရှိသော်လည်း ဆံပင်နီရောင် လေးကိုတော့ ပိုင်ဆိုင်ထားရှာသည်။ ကလေးထိန်းသည်။ ရေသန့်ဘူးခွံတွေ
လိုက်ကောက်ခြင်းက သူတို့မိသားစုအတွက် ထမင်းအိုးဖြစ်သည်။
ထိုကလေးမလေး၏ဦးလေးဖြစ်သူ
သန့်ရှင်းရေးလုပ် သားကြီးကတော့ ခပ်တိုတိုပဲပြောသည်။
‘နောင်လည်းဆက်ထားနိုင်မှာ
မဟုတ်ပဲဗျာ’။
ပညာရေးသည်လောကအတွက် ဥစ္စာဖြစ်သကဲ့သို့
ဒုက္ခကိုတစ်နေ့ချင်းဖြေရှင်းနေရသူတွေအတွက် တော့ ပညာသင်ရေးသည် ဝန်ထုပ်တစ်ခုဖြစ်နေသည်။
မိသားစုစားဝတ်နေရေးအတွက် တစ်ထောင့် တစ်နေရာမှ ထမ်းပိုးနေရသော ကလေးငယ်တွေကို ကျောင်းထားရန်ဆိုသည်ကလည်း
လက်လုပ် လက်စား မိဘတွေအတွက် ကြီးမားသောစိန်ခေါ်မှုပင်။
‘ကျောင်းအပ်ခ မပေးရမယ့်
နောက်ဆက်တွဲတွေက ရှိသေးတယ်လေ။ အဖြူ၊ အစိမ်းသီးသန့်ချုပ်ပေးရ မယ်။ ပြီးတော့ထီး၊ ဖိနပ်၊
နောက်ထပ်လိုမယ့် စာအုပ်ဖိုး၊ ဘောလ်ပင်ဖိုးဒါတွေက ရှိသေးတယ်ဗျ’။
သူငယ်တန်းနှင့် ကျောင်းထွက်ထားပြီးမှ
‘ကျောင်းပြန်တက်ပါရစေ’ ဟု တောင်းဆိုနေသော သမီးဖြစ် သူကို ပြတ်ပြတ်သားသားခေါင်းယမ်းပြခဲ့သော
သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ပြောပြပြန်သည်။ တကယ်တော့ ဆိုင်တစ်ဆိုင်မှာ တောက်တိုမည်ရ
ဝင်လုပ်ပေးရင်း မိသားစုထမင်းအိုးအတွက် အတိုင်း အတာတစ်ခုအထိ အကူအညီရနေသော သမီးလေး၏လုပ်အားကို
ဆုံးရှုံးရမည့်အပြင် ကျောင်းသား တစ်ယောက်အတွက် နောက်မှလိုက်ရဦးမည့် ကုန်ကျစရိတ်တွေကိုပါ
သူကြောက်နေခြင်းပင်။ သူများ တွေကျူရှင်တက်ဟေ့ဆိုလျှင် နောက်ထပ်ဝန်ထုပ်တစ်ခုက မိသားစုအပေါ်
ထပ်မံဖိစီးလာဦးမည် မဟုတ်လား။
(၃)
အလယ်တန်းအထိ ကျောင်းအပ်ခတွေ
ကင်းလွတ်ပေးသည်ဆိုသော်ငြား၊ တစ်နေ့ငွေ ကျပ် ၂၀၀၀ ရှိလျှင် လုံလောက်သည်ဟု ပြောသော်ငြား၊
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရမည်ဟု ကြွေးကြော်နေသော်ငြား အမှိုက်ပုံတွေကိုဖြဲရဲရင်း
ကျောင်းတက်ခေါင်းလောင်းသံကို မကြားလိုက်သူ လေးတွေလည်း ရှိနေသေးသည်။ ဘူတာတွေ၊ ရထားလမ်းတွေဘေး
ရေသန့်ဘူးလိုက်တောင်းနေ သော ကလေးတွေလည်း ရှိနေသေးသည်။ လက်ဖက်ရည်ဆိုင် စားပွဲတွေကြား
ပြေးလွှားနေရင်း လမ်း ပေါ်မှဖြတ်သွားကြသော အဖြူ၊ အစိမ်းဝတ်လေးတွေကို ငေးမောနေသော ကလေးတွေလည်း
ကြွင်း ကျန်ရစ်နေကြဆဲပင်။ ။
စံတော်ချိန်သတင်းစာ
ဇွန် (၂) ရက်၊ ၂၀၁၄ ခုနှစ်

No comments:
Post a Comment