နတ်တော်လသည် မြန်မာ့ဆယ့်နှစ်လတွင်
န၀မမြောက်လဖြစ်၍ ဆောင်းဥတု၌ ပါဝင်သည်။ ဤလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာများတွင် နတ္တာဝ်၊
နတ်တာဝ်၊ နတ္တ၀်၊ နတ်တ၀်ဟု အမျိုးမျိုး ရေးထိုးခဲ့ကြသည် ။ နတ်တော်လ၏ အဓိပ္ပာယ်ကို ဝေါဟာရ
လီနတ္ထဒီပနီ၌ "ထိုနတ်တော်လကား ကမ္ဘာဦးကာလ နတ်ပူဇော် ပသကြသည်ကို စွဲ၍ နတ်တော်လဟု
မြန်မာဘာသာ ခေါ်ဝေါ်ကြသည် ယူရမည်" ဟု ဖော်ပြထားသည်။
မြန်မာ့ ဆယ့်နှစ်လ မိုးများအနက်
နတ်တော်လတွင် ရွာသွန်းလေ့ရှိသော မိုးကို "နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်"
ဟူသော ဆိုရိုးစကားဖြင့် ရှေးသူဟောင်းတို့ အမှတ်အသား ပြုခဲ့ကြပြီး ယင်း၏ အဓိပ္ပာယ်ကို
"နတ်တော်လသို့ရောက်လျှင် ဆင်ခြေရာ ပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်"
ဟု မြန်မာ ဆိုရိုးစကားတွင် ဖွင့်ဆိုထားသည်။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းတွင်မူ
"နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး"
ဟု ဖော်ပြချက် "နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့်
အဖျားအနာများ၍ နတ်များကိုသော်မှ ဆီကြော်မုန့်အစား ဓားလှီးမုန့်နှင့် တင်ရသည် ဆိုလိုသည်"
ဟု ဖွင့်ဆိုထားသည်။
ဆင်ရာတိမ်မိုးကို ကာရန်ငဲ့၍
"ဆင်ရာတိမ်" ဟူ၍ လည်းကောင်း၊ "ရာတိမ်နတ်" ဟူ၍ လည်းကောင်း၊
"ရာဆင်တိမ်" ဟူ၍ လည်းကောင်း၊ "ရာတိမ်မိုး" ဟူ၍ လည်းကောင်း၊
"ရာတိမ်" ဟူ၍လည်းကောင်း၊ "ဆင်ရာထင်" ဟူ၍ လည်းကောင်း အမျိုးမျိုး
သုံးနှုန်းကြကြောင်း အထောက်အထားများအရ သိရှိရသည်။
ဆင်ရာတိမ်မိုးနှင့် စပ်လျဉ်း၍
စာဆိုတော် န၀ဒေးဆို ဖြူးလေပြည်ဖျန်းစ, လေချီနတ်တော်လ ဘွဲ့လူးတားတွင် "ဟေမန်ဆောင်းရက်၊
ဓနုလဂ်နှင့် ပြိုပက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊
နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင်" စသည်ဖြင့်
ဖွဲ့ဆိုထားသည်။
စာဆိုတော် လက်ဝဲသုန္ဒရဆို
မိုးဘွဲ့ပိုဒ်စံ ရတုတစ်ပုဒ်၏ ပထမပိုဒ်တွင် "နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊
စွတ်ရုံဖွဲ့၏၊ သွန်းမြဲဟန်မှာ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ မကြိုးမထစ်၊ မဟစ်မ၀င့်၊
မရင့်မမြည်၊ ဆော်စည်မရွမ်း၊ ရာစတမ်းကို၊ ဆင်လှမ်းရာတိမ်၊ ခုတစ်ကြိမ်မူ၊ တောင်လိမ်မြောက်ကွေ့၊
မိုးသားရွေ့လျက်" စသည်ဖြင့် ဖွဲ့ဆိုထားသကဲ့သို့ စာဆိုတော် ဦးယာဆို နတ်တော်လ ဘွဲ့လူးတားတွင်လည်း
"စက်နေသင်္ချာ၊ ရာသီဓနု၊ တွက်စုငါးသောင်း ၊ သိန်းပေါင်းနှစ်လီ၊ ရာသီရွှင်ရွှင်၊ ဆင်ရာတိမ်မိုး၊
ရွာရိုးမက သွန်းချလေ" ဟု အစချီထားပြီး "သဇင်တည့်ဂမုန်း၊ ဖူးပွင့်တုန်း၊ မိုးချုန်းဆင်ရာ
တိမ်၊ ကြိမ်ကြိမ်တည့်အုံ့မှိုင်း၊ ပင်တိုင်းန့်လန်းစီ၊ တိမ်နီတည့်တိမ်ပန်း၊ တိမ်ခရမ်း"
ဟု နိဂုံးချုပ် ဖွဲ့ဆိုထားသည်။
အလားတူ စာဆိုတော် ရွှေတိုက်စိုးဦး
တိုးကလည်း အုံ့မှိုင်းနေခြည် ချီစစ်ချီမောင်ဘွဲ့ ပိုဒ်စုံရတု တတိယပိုဒ်တွင် "မြစ်ခွင်ချောင်းညာ၊
မကူးသာအောင်၊ ဆင်ရာတိမ်နှင့် ထပ်ဆင့်ရွာကြိုး၊ ယခင့်မိုးသည်၊ ရေရိုးသောင်ပြည့် လွန်တော့၏"
ဟု လည်းကောင်း၊ ရောင်လှစ်လျှပ်ဖြာချီ ရခိုင်ချီမယ်ဘွဲ့ ပိုဒ်စုံရတု တတိယပိုဒ်တွင်
"ဆင်ရာတိမ်မိုး၊ သည်မှာညိုးက၊ တောင်ခိုးသက်တင်၊ သည်နှယ်ဆင်လျက် စစ်ခွင်မြေလမ်း၊
လျှပ်ခြည်နွမ်းသည်၊ ပြိုပြွမ်းလျှံဝါ ထွေလိမ့်မည်" ဟု လည်းကောင်း အသီးသီး ဖွဲ့ဆိုထားသည်။
ထို့ပြင် စာဆိုတော် ဖိုးသူတော်
ဦးမင်းဆို ကြံမခွဲနိုင်ဘု ချီနတ်တော်လဘွဲ့ လေးချိုးတွင် "သံဘော်ငယ်ရံအုပ်၊ တစ်ဝန်းငယ်ချုပ်တဲ့၊
သွန်းရုပ်ကယ်ဇမ္ဗူ၊ မှတ်တသူလည်း၊ မြတ်ယူယိမ်းချွတ်၊ ညွတ်ကြီးညွတ်အောင်၊ သည်ဝတ်ကယ်ယှက်လိမ်၊
ဆင်ရာတိမ်ဟု၊ သိရ်တဖော်ဖော်၊ ရံနန်းတော်နှင့် မန်းမော်ဗျာမိန့် ၊ ညာအငြိမ့်မှာ"
စသည်ဖြင့် ဖွဲ့ဆိုထားသည်။
ထိုမှတစ်ပါး စာဆိုတော်
လူဦးမင်း၏ ပျံ့ပျံ့သာပျူးတော့တယ် ချီနတ်တော်လဘွဲ့ လေးချိုးတွင် "နှင်းလှောင်တဲ့
ဟေမန်ကို၊ ၀သန်ကျန်ရာ တိမ်နတ်ကယ်လာ၊ ၀ိုင်းပတ်ခြံမှိန်" စသည်ဖြင့် လည်းကောင်း၊
မြိုင်ခပင်းငယ်မ ချီနတ်တော်လဘွဲ့ လေးချိုးတွင် "ချစ်သံကြင်နာ၊ ရွှေဟင်္သာလည်း၊ မာဂဓာလှယ်၊
သွယ်ဥပါယ်နှင့်၊ ပရိယာယ်ဥာဏ်၊ လူနှယ်သာ ဖန်တုန်းမှ၊ စံသွေညွန့်ဂီရိန်မှာ၊ ရာဆင်တိမ်ညို
စကောင်းပါဘု၊ ဆောင်းဦးဟေမ" ဟု လည်းကောင်း၊ ရေခပင်းမှာလချီ နတ်တော်လဘွဲ့ လေးချိုးတွင်
"ခါသည်ချိန်မူ၊ ပြာမှိန်ထပ်ပျိုး၊ ရာတိမ်မိုးလည်း၊ အခိုးမင်ကွက်၊ တစ်ခဲနက်နှင့်၊
ကြက်နန်းပညောင်၊ ချောင်ကိုးချောင်နှင့်၊ တောင်သေလာဝိုက်၊ ဇေယျာတိုက်မှပ၊ လွမ်းသိုက်ဖွဲ့ညွှန်၊
ဆင်ကသွန်လျှင်" စသည်ဖြင့် လည်းကောင်း၊ လေအညင်းတွင်မှချီ နတ်တော်လဘွဲ့ လေးချိုးတွင်
"ခါဟေမန့်ဗဟိုတွင်၊ ရာတိမ်ဆိုဝသန်ကြွင်းက၊ နှင်းနှင့်ခြယ်ဝေ့ဟု လည်းကောင်း၊ သဇင်ဦးငယ်နှင့်
ချီနတ်တော်လဘွဲ့ လေးချိုးတွင် "ပဏ္ဍုကမ္ပိုလ်၊ စံကျောက်ညိုက၊ လိုတော်ရိမိုး၊ ဆင်ရာတိမ်မျိုးေ
ပမို့၊ ထစ်ကြိုးငယ်ရွှင်သည်၊ ပဉ္စင်းတော်ကျူးလို့ တငြိမ့်ငြိမ့်" စသည်ဖြင့် လည်းကောင်း၊
ကွန့်ကွန့်သာ ထူးတော့တယ်ချီ ဆောင်းဘွဲ့လေးချိုးတွင် "အဏ္ဏ၀ါပင်လယ် ဦးမှာကောင်၊
ဆော်ကျူးရာတိမ် မိုးပေထင့်၊ တိုးထပ်ဆင့်ရှိန်" စသည်ဖြင့် လည်းကောင်း၊ နှင်းအလှောက်မှာလချီ
ဆောင်းဘွဲ့လေးချိုးတွင် "ကွန်းသစ်ကယ်တည်ရာ၊ ဥက္ကလာက၊ ညာရွှေမန်းရန်၊ ရာဇဌာန်မှာ၊
ဖန်မလိုလို၊ ဥာဏ်များပဲ ကြိုမိတယ်၊ ဆီးပိုနှင့်လွမ်းတာကို၊ ဆင်ရာထင်လိမ့် တစ်ဘိန်းငယ်က၊
ခြိမ်းသင့်ပါဘူး" ဟု လည်းကောင်း အသီးသီး ဖွဲ့ဆိုထားသည်။
တစ်ဖန်စာဆိုတော် ၀က်မစွတ်
ဝန်ထောက်မင်းဆို နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်တွင် "ထက်ခွင်ယှက် ဆင်သက် တင်သားမှာ၊
ငှက်ခါးတောင်လဲ့ မင်ပြာမှိန်၊ ကွက်ကျားမှောင်တွဲ့ ယှဉ်ကာလိမ်သည်၊ မိုးဆင်ရာတိမ် ကြိမ်သဖြင့်"
ဟု အစချီ ဖွဲ့ဆိုထားသကဲ့သို့ စာဆိုတော် ဖိုးဝဇီရဆို လနတ်တော်ထက်ချီ နတ်တော်လေဘွဲ့ မှာတမ်း၏
အပိုဒ်ခွဲပါ ဒွေးချိုး၏ ပထမပိုဒ်တွင်လည်း "လွင်ပြာငယ်မှိန်၊ ဆင်ရာတိမ်ဝ လာဟငယ်တို့၊
ရွာကြရင်လား" စသည်ဖြင့် အသီးသီး ဖွဲ့ဆိုထားကြသည်။
နတ်တော်လသည် ရာသီအားဖြင့်
ဓနုရာသီဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ် ဖြစ်သည်။ ဓနုရာသီကား လေးဆွဲသော ယောက်ျားတို့
ကြိုက်နှစ်သက်သော ရာသီ၊ ထိုယောက်ျားနှင် အရောင်အဆင်းတူသော ရာသီဟု ဆိုသည်။ ရာသီရုပ်မှာ
ရှေ့ထက်ဝက်ကား လေးစွဲသော ယောက်ျားသဏ္ဌာန်၊ နောက်ထပ်ဝက်ကား မြင်းခြေသဏ္ဌာန် ရှိသည်။ ရာဇမတ္တဏ်ကျမ်းတွ
င် တနင်္ဂနွေဂြိုဟ် ဗြိစ္ဆာ၌တည်စဉ် ကြတ္တိကာနက္ခတ်၌ နတ်ပူဇော်ရာသည်ဟ ဆိုသည်။ ဤလကို ရှေးအခါက
မဟာပိန္နဲနတ်ကို ပူဇော်ရာလ ဖြစ်၍ "နတ်လ" ဟု ခေါ်ဆိုခဲ့ကြသည်။ ထို့နောက် တရားကို
တရားတော်၊ သံဃာကို သံဃာတော်ဟု ခေါ်ဆိုကြသကဲ့သို့ နတ်လကိုလည်း "နတ်တော်လ" ဟု
ယနေ့တိုင် ခေါ်ဆိုလျက်ရှြိေ ကာင်း လေ့လာတင်ပြ လိုက်ရပေသည်။
Credit to စိမ့်ပညာရေး

No comments:
Post a Comment