တခါတုန်းက
ပုဂံနေပြည်တော် အနီးအပါးက ရွာကလေးတစ်ရွာမှာ မောင်ပေါက်လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်
ရှိခဲ့ဖူးတယ်။ မောင်ပေါက်ဟာ ဖတဆိုးလေးဖြစ်တာမို့ ငယ်စဉ်ကတည်းကပဲ ဘုန်းတော်ကြီးကျောင်းမှာ
နေခဲ့ရတယ်။ ဥာဏ်အနည်းငယ်ထုံထိုင်းပေမယ့် ရိုးသားသိမ်မွေ့တဲ့ မောင်ပေါက်ကို ဘုန်းတော်ကြီးက
ဦးစားပေးစောင့်ရှောက်တော်မူပါတယ်။
မောင်ပေါက်ဟာ
ဘုန်းတြော်ကီးသင်ပေးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို ဖတ်ရှုရပြီး
ဘုရားအလောင်းတော်ကို အင်မတန်ကြည်ညိုအားကျသလို ကိုယ်တိုင်လဲဘုရားဆုပန်ထားသတဲ့။ ဒါကြောင့်မို့
မောင်ပေါက်ဟာ အသက်(၂၀)ပြည့်တဲ့အခါ ရဟန်းဘ၀ကိုခံယူပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့
မိခင်ကြီးကို ဆွမ်းခံပြီး ကျွေးမွေးပြုစုပါတယ်။ ပါရမီဆယ်ပါးကိုလည်း တတ်နိုင်သလောက်
ဖြည့်ဆည်း သွားမယ်လို့ ဆုံးဖြတ်ထားသတဲ့။
ရဟန်းဘ၀ရောက်သွားတဲ့
မောင်ပေါက်ကို အဲဒီခေတ်တုန်းကတော့ 'ခင်ကြီးပေါက်' လို့ ခေါ်ကြတယ်။ ခင်ကြီးဆိုတာ ရဟန်းတွေကိုခေါ်တဲ့
ရှေးခေတ်သုံး ပေါရာဏ ဝေါဟာရတစ်ခုပေါ့။ ခင်ကြီးပေါက်ရဲ့လိမ္မာ သိတတ်မှုဟာ သူတို့ရွာမှာတော့
အထင်ကရကိုဖြစ်လို့တဲ့ ၊ များသောအားဖြင့် ခင်ကြီးပေါက်တို့ ရွာသားတွေဟာ အပျော်အပါးလိုက်စားခြင်း
(ဣတ္ထိဓုတ္ထ) ၊ အရက်သေစာသောက်စားခြင်း (သုရာဓုတ္ထ) ၊ လောင်းကစားကျူးခြင်း (အက္ခဓုတ္ထ) လို့ခေါ်တဲ့
ဓုတ်သုံးပါးကို အလွန်အကျူးလိုက်စားကြတယ်။
ဒါကြောင့်
မိဘတွေက သားမိုက်တွေကို အားမရတ့အဲ ခါ 'ခင်ကြီးပေါက်တို့နဲ့ ကွာပါ့ကွာ' လို့တစ်မျိုး
၊ မယားတွေက လင်ဆိုးတွေကို စိတ်တိုင်းမကျတဲ့အခါ 'ခင်ကြီးပေါက်နဲ့တော့ မိုးနဲ့မြေ' လို့တစ်ဖုံ
နှိုင်းယှဉ်ကဲ့ရဲ့ တတ်ကြတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ရဲ့ချွတ်ယွင်းချက်ကို အပြစ်လို့မမြင်တတ်ကြတဲ့
အန္ဓပုထုဇဉ်တွေဟာ ခင်ကြီးပေါက်ကိုပဲ မလိုတမာ ရန်ရှာတတ်ကြတယ်။
နောက်ဆုံးတော့
အရက်သမားတစ်စုဟာ ခင်ကြီးပေါက်ကြောင့်သူတို့ကို သူများတွေက ကဲ့ရဲ့ရှုံ့ချတာကို ခံရတယ်။
ဒါကြောင့်မို့ ခင်ကြီးပေါက်ကိုလည်း သူတို့နဲ့တစ်ဂိုဏ်းသားတည်း ဓုတ်သုံးပါးထဲပါလာအောင်
ခင်ကြီးပေါက် ဖျက်ဆီးရေး အစီအစဉ်ကို ဆွဲကြသတဲ့။ အစပိုင်းမှာတော့ အရက်သမားတွေဟာ ရွာထဲက
ကလေး တွေကို မုန့်ဖိုးပေးပြီး သီချင်းတစ်ပုဒ်ကို တဘောင်လုပ်ပြီး သီဆိုစေသတဲ့။ နောက်တော့
ခင်ကြီးပေါက် မကြား ကြားအောင် ခင်ကြီးပေါက်ရဲ့ ကျောင်းအနီးအနားမှာ အရက်သမားနှစ်ယောက်ကို
မကြာမကြာ အော်ဆိုခိုင်းတယ်။
သူတို့ဆိုတာကတော့
-
'ရင့်မှာတကျိပ်၊
နုမှာငါးရာ
နောင်လာရှစ်သောင်း
ဘုရားပေါင်းတဲ့
ဘုရားပေါင်း
နောက် တို့နှစ်ယောက်
တို့နှစ်ယောက်နောက်
ခင်ကြီးပေါက် ဟေ့' ဆိုတဲ့ သံချပ်လင်္ကာလေးပါပဲ။
တစ်နေ့တော့
ခင်ကြီးပေါက်ဟာ နားနားနေနေ နေရင်း အရက်သမားနှစ်ယောက်ရဲ့ တဘောင်သီချင်းကို အသေအချာကြားလိုက်မိသတဲ့။
ကြားမိတယ်ဆိုရင်ပဲ တဘောင်စကားရဲ့ အနက်အဓိပ္ပါယ်ကို သူနားလည်သလို ဖေါ်ကြည့်တယ်။ ' အင်း
… နုမှာငါးရာ ရင့်မှာတကျိပ်ဆိုတာ ပါရမီနုသေးတဲ့ဘုရားလောင်းက ငါးရာ ပါရမီရင့်မာပြီးသား
ဘုရားလောင်းကတကျိပ် နောင်လာရှစ်သောင်း ဘုရားပေါင်းတဲ့ ဆိုတာက အဲဒီ ဘုရားလောင်း ငါးရာ
နဲ့ တကျိပ်နောက်မှာ ဘုရားပေါင်းရှစ်သောင်း ပွင့်တော်မူဦးမယ် ဘုရားပေါင်းနောက် တို့နှစ်ယောက်ဆိုတာကတော့
အဲဒီဘုရားပေါင်း ရှစ်သောင်းငါးရာတကျိပ် ပွင့်တော်မူပြီးတဲ့အခါမှာ အဲဒီအရက်သမား နှစ်ယောက်က
ဘုရားအဖြစ်ပွင့်တော်မူမယ်လို့ ဆိုလိုတာပဲ။ တို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့ ဆိုတာကတော့
သူတို့နှစ်ယောက်ဘုရားအဖြစ် ပွင့်ပြီးမှ ငါ့အလှည့်ကျမှာပါလား … ဟာ…ဒီလိုဆိုရင် ငါဘုရားဖြစ်ဖို့ဟာ
အဝေး ကြီးရှိပါသေးလား ငါ့ရဲ့နောင်တော် ဘုရားလောင်းတွေတောင်မှ မူးတုန်းရူးတုန်း ရှိသေးတယ်
ငါလည်း ပွင့်ချိန် မတန်သေးတဲ့အတူတူ သူတို့လို ပျော်ပျော်ပါးပါး နေဦးမှပါပဲ ' လို့
လည်း စိတ်ကူးမိသတ့။ဲ ဒီလိုနဲ့ တဘောင်စိတ်ကူးနဲ့ အူမြူးနေတဲ့ ခင်ကြီးပေါက်ဟာ မကြာခင်မှာပဲ
ရဟန်းဘ၀ကလူထွက်ပြီး သူရာတင်းကုပ်မှာ အရက်သမားတစ်အုပ်နဲ့ ဓုတ်သုံးဓုတ်အသင်းဝင်သွားပါသတ့။ဲ
ဒီဓမ္မပုံပြင်ကလေးဟာ
စမိပေမယ့် စွဲမြဲမှုမရှိတာကြောင့် မအောင်မမြင်ဖြစ်သွားရတဲ့ သာမာန်ပုထုဇဉ်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ်
အဖြစ်အပျက်လေးကို သရုပ်ဖေါ်ထားတာပါ။ သန္နိဋ္ဌာန်တစ်စ ဖေါ်ပြလိုက်တာပါ။ ပုထုဇဉ်ဘ၀ရဲ့ အိမ်မက်ကောင်းတွေဟာ
ဒီလိုအဓိဋ္ဌာန်ပါရမီ မခိုင်မြဲမှုကြောင့်ပဲ တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန် ကြရပါတယ်။
သူတော်ကောင်း
လမ်းမကြီးပေါ်မှာရှိတဲ့ ဒါနမှု ၊ သီလမှုတွေဟာ အဓိဋ္ဌာန်ပေါက်မှပဲ ပါရမီမြောက်ကြပါတယ်။ သတ္တ၀ါတစ်ဦးအနေနဲ့
သံသရာခရီး ပုထုဇဉ်လမ်းမကြီးပေါ်မှာ အဓိဋ္ဌာန်မပေါက်လို့ ပါရမီမမြောက်ဘဲ စွန့်ပစ်ခဲ့ရတဲ့
ကောင်းမှုကုသိုလ်တွေဆိုတာ အနန္တအသင်္ချေပါ။ နှမြောစရာကြီးပါ။ စိစစ်ကြည့်ရင် အဓိဋ္ဌာန်ပါရမီ
ဆိုတာ ပါရမီအားလုံးရဲ့ အမြုတေ ရတနာတစ်ခု ဖြစ်ပါတယ်။
အဓိဋ္ဌာန်ပါရမီခိုင်မြဲဖို့ဆိုရင်
သူတော်ကောင်းတရားပေါ်မှာ အခြေခံတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရဲတင်းတဲ့ ယုံကြည်ချက်
၊ ပြင်းပြတဲ့ ဆန္ဒ ၊ ထက်သန်တဲ့လုံ့လ ၊ စွဲမြဲတဲ့သတိ ၊ တည်ကြည်တဲ့သမာဓိ နဲ့ တောက်ပတဲ့
ပညာတွေရှိဖို့ လိုပါတယ်။ အဲဒီအရင်းအမြစ်တွေမရှိဘဲနဲ့တော့ အဓိဋ္ဌာန်ပါရမီဆိုတာ သီးပွင့်လာစရာ
အကြောင်းမရှိပါဘူး။ အရင်းအမြစ်မှန်မှ အသီးအပွင့်မှန်ပါတယ်။
တကယ်တော့
ပုံပြင်ထဲက ခင်ကြီးပေါက်ဆိုတာဟာ စာရေးသူအပါအ၀င် သာမာန်ပုထုဇဉ်တွေကို ကိုယ်စားပြုနေတဲ့
ဇာတ်ရုပ်တစ်ရုပ်ပါ။ ပုထုဇဉ်ဆိုတာ သဲသောင်ပြင်ပေါ်မှာ သဲအိမ်တည်ဆောက်တမ်း ကစား ပျော်မြူးတတ်ကြတဲ့
ကလေးတွေလိုပါပဲ။ သံသရာတစ်ဖက်ကမ်းကို ကူးဖို့ရည်ရွယ်ချက်မရှိပဲ ဒီဘက်ကမ်းလို့ ဆိုတဲ့
'လောကီဘ၀' သဲသောင်ပြင်ပေါ်မှာပဲ 'အဓိဋ္ဌာန်ပါရမီသဲအိမ်' တွေ တည်ဆောက်ပြီး ပျော်မြူးနေ
ကြတယ်။ တည်ဆောက်လိုက် ၊ ပျက်စီးသွားလိုက် ၊ ပြန်တည်ဆောက်လိုက်နဲ့ ပျော်နေလိုက်ကြတာ
ဘယ်သောအခါမှ ပွင့်တော်မမူမယ့် ဘုရားလောင်းဘ၀နဲ့ပေါ့။
တော်ဝင်နွယ်
No comments:
Post a Comment