ဘုရားသို့မှန်း ခြေတလှမ်း
သိန်းသန်းမကထိုက်၊ လှူသူ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို
သဘောပေါက်လာပါလိမ့်မည်။
ထို့အပြင် စေတီတော်မှ ညွှန်ပြသော
သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ
ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက လွန် အံ့မထင်
စေတီဆိုတဲ့ ဝေါဟာရ
စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်
မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ
အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့ပါတယ်။
အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။
အချို့တော့ နတ်ကြီးတယ်ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြားသတ်မှတ်ထားတဲ့
ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့ တောတွေဖြစ်ပါတယ်။
စေတီဆိုတဲ့ အဓိပ္ပာယ်
စေတီဆိုတဲ့ အဓိပ္ပာယ်မှာ
အရိုအသေပြုအပ်သော အရာ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ မြန်မာလို
ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ သင့်တော်မယ်ထင်ပါတယ်။
ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ
ဟိန္ဒူ ဘုရားစေတီများ ၊
ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့ လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း
သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေဖြစ်လို့ အထက်ကပြောခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။ (အခုပြောခဲ့တဲ့ စေတီတွေကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက
စေတီတွေပါ )
ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေ
အလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏
ဓာတ်တော်များ
၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
၃) ပရိဘောဂစေတီ- ဘုရားရှင်
သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
၎) ဥဒ္ဒိဿစေတီ- ဘုရားရှင်ကို
ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ
အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့
သံဝေဇနိယ လေးဌာနတို့ပါပဲ။
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့
အထက်က ဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယ လေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့
အခါမှာလည်း နည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော် မရှိတော့တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရ
အဖြစ်နဲ့ သင်္ကေတပြုထားတဲ့ အရာတွေကို မဆိုထားနဲ့ ဗုဒ္ဓရဲ့သက်ရှိထင်ရှား ကိုယ်ကာယကြီးကို
ကိုးကွယ်တာတောင် နည်းမှန်လမ်းမှန် မဟုတ်ရင် ဗုဒ္ဓက အားမပေးခဲ့ပါဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။
ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ
ဓာတ်တော်စစ်တွေ၊ ပရိဘောဂ အစစ်တွေ ရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့ လုံးဝမလွဲ တစ်ထေရာတည်းတူတဲ့
ပုံတော်ထုလုပ်ထားလည်း အကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ ဒေသတွေကိုသွားလည်း ငွေကုန်လူပန်းတာကလွဲလို့
သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။
ကျွန်တော်နားလည်သလို ပြောရရင်
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီက ကယ်တင်ခြင်း တစုံတရာကို
လိုချင်လို့၊ ကောင်းချီးမင်္ဂလာ မြှောက်စားခြင်း တစုံတရာ လိုချင်လို့ မဟုတ်တာတော့ သေချာပါတယ်။
မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ
ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ် ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ
ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော
ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်ပါတယ်။
(မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့်
ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း စာအုပ်တွင် အသေးစိတ် ဖတ်ရှုနိုင်သည့် အတွက် ယခု မဖော်ပြတော့ပါ
)
ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ
ကို ရည်ညွှန်းတဲ့အခါမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သာ ကိုးကားဖော်ပြလိုပါတယ်...
ဗိသုကာပညာရပ်တစ်ခုအနေဖြင့်
လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့ ၏ သီးခြားဗိသုကာလက်ရာစင်စစ်
ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည်
၁) ရွှေတိဂုံဘုရားသည် အပေါ်မှ
မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံ ဆောက်လုပ်ထားပါတယ်။
(ဟိန္ဒူဘုရားစေတီများသည် အောက်ခြေအုတ်ခုံကိုဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကိုဖြစ်စေ
အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း တွေ့ ရှိရမှာဖြစ်ပါတယ်)
၂) ပန်းတင်ခုံပေါ်တွင်မှ
ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံမှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲတည်ဆောက်ထားပါတယ်။
ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိပသာဒ ဖြစ်ဖွယ်
ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်။
၃) ပစ္စယာ သုံးဆင့်ပေါ်တွင်
အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး
ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့
အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်။
၎) ခေါင်းလောင်းမှောက်ရဲ့ အထက်တွင်
ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင်ဖြစ်သည်။
၅) ငှက်ပျောဖူးတွင် အထက်သို့
ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ပြန်အုပ်ထားသော ဒီဇိုင်းမှာလည်း ဖူးမြော်သူရဲ့စိတ်ကို
ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင်သော လက်ရာမြောက်သည့်
ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်။
၆) ပုထိုးတော် ဒီဇိုင်းဖြစ်သော
အာနန္ဒာဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သယောင် ရှိသော်လည်း လိုဏ်သုံးထပ်
လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ပြီး၊ ရွှေတိဂုံဘုရားကဲ့သို့ မတည်ရခြင်းမှာ
အပူပိုင်းဒေသရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန်
ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး
သက်သေဖြစ်ခြင်း၊
အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ
ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ
ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့
ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း၊
ရည်ရွယ်ချက်မှာ ဘုရားဖူး
လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့
ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ
လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင်
အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကိုတည်ငြိမ်စေပြီးမှ ရုပ်ပွားတော်ပေါ်တွင်သာ အလင်းကျရောက်နေစေရန်
စီစဉ်ထားသော ဗိသုကာလက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသောရုပ်ပွားတော်ကို ဖူးမြော်စေလေရာ
ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊
စိတ်ပညာကိုပါ အသုံးပြုကာ
ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင်
အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မတွေ့ ရှိရခြင်း၊
ထိုထိုသောအကြောင်းတို့ကို
ဟိန္ဒူဘုရားများတွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ်မှာမှ မမြင်ဖူးသောကြောင့်
မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ
ဖြစ်ကြောင်း သိရှိနိုင်ပါသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်
ဘုရားစေတီ ပုထိုးများသို့ ပုံမှန်မဟုတ်တောင် မကြာခဏ သွားလာဖူးမြော် ကြသည်။ အထူးသဖြင့်
နေ့ကြီးရက်ကြီးများတွင် လူငယ်လူကြီးမရွေး ဘုရားဖူးသွားကြလေသည်။ သူလို ကိုယ်လို ဘုရားဖူးနေကျဖြစ်သောကြောင့်
ဖူးမယ့်သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့သည်လိုတည်ထားသလဲ ဆိုတာ ဘုရားမှာ ဘာလို့သည်လိုနေရာတွေ
ထည့်ထားသလဲဆိုတာ သေချာစဉ်းစားရှာဖွေကြသူ အင်မတန် နည်းပါသည်။ အမှုမဲ့ အမှတ်မဲ့ နေကြသူသာများပါသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး
သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာကို ၃ဆင့် ထားရသလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ
ရင်စည်းကို ဘာအဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲပုံနဲ့
ဗိသုကာလက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက်
လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ စသည် စသည်ဖြင့်
ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော
-
(ကျနော်သည်လည်း ဤသို့ အမှုမဲ့
အမှတ်မဲ့ နေခဲ့ပါသည်။ မိမိ၏လေ့လာမှု အားနည်းခြင်းကြောင့်
အခြားသော ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီးသန့်အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ၀န်ခံဖြေကြားခဲ့ရသည်က များပါသည်။ ကဲ့ရဲ့သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့် မခံချင်စိတ်များကြောင့် အချို့သော ဥပမာများဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ။ ကျေနပ်အားရမှု မရှိခဲ့ပါ )
အခြားသော ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီးသန့်အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ၀န်ခံဖြေကြားခဲ့ရသည်က များပါသည်။ ကဲ့ရဲ့သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့် မခံချင်စိတ်များကြောင့် အချို့သော ဥပမာများဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ။ ကျေနပ်အားရမှု မရှိခဲ့ပါ )
ဘာကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတွေကို
ယနေ့ တွေ့ မြင်နေရသော ပုံများအတိုင်း တည်ထားခဲ့ပါသလဲ ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု၏ အောက်ပါ
အစိတ်အပိုင်းများနှင့် အမည်များက မည်သို့သော အချက်များကို ရည်ညွှန်းနေကြသနည်းနည်း။
၁။ ပန်းတင်ခုံ
၂။ ပစ္စယာ ၃ ဆင့်
၃။ ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ ဘီလူးပန်းဆွဲ
၅။ ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ ထီးတော်
၁၂။ ငှက်မြတ်နား
၁၃။ စိန်ဖူးတော်
ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန်
တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ -
၁) ပန်းတင်ခုံကို အကျယ်ဆုံးနဲ့
အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ
လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊
ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့်
ပန်းတင်ခုံဟု အမည်ပေးခြင်း၊
၂) ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ
တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ -
ဘ၀မရှိမှုကို လိုချင်ခြင်း
(နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့သူ ဖြစ်ပျက်မှုကိုသိပြီး
အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို
လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊
ဘ၀ကိုလိုချင်ခြင်း၊
ကာမဂုဏ်တရားများ (ရုပ်အဆင်း၊
အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ)တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို
သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း၊
၃) ခေါင်းလောင်းမှောက်ခေါ်
သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ
ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း၊
၎) သံသရာကို ဘီလူးလိုကြောက်ပြီး
အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင်
ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့်
သည်နေရာတွင် ဘီလူးပန်းဆွဲကို ထားခြင်း၊ (အထက်မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး
အောက်မြန်မာပြည်တွင်မူ ဘီလူးထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို
အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည်းသာ
ထည့်လေ့ရှိသည်ကို သီးခြားမှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ
ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ်
မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း
၅) ခါးစည်း ခေါ် ရင်စည်း
၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိန်းကွပ်မှု
၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း၊
၆) ဖောင်းရစ် (၇)ရစ်မှာ
ဝိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း၊
၇) စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ
ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ်
ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင်
မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ
အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း၊
၈) ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား
ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊
လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း၊
၉) ကြာလှန်သည် ထို ဥာဏ်စဉ်
၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန်ဖြစ်ပြီ ဖြစ်၍ အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက်
မဂ်ဖိုလ်များကိုရရှိကာ အလွန်ဆုံး ( ၇ ) ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ
ဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း၊
သင်္ကေတ၀ါဒ အရ ကြာပန်းကို
ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင်
သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်
ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်းတို့တွင် အဓိပ္ပာယ်ဆင်တူသော ဂုဏ်ရည်ချင်းကို
ဥပမာ ခိုင်းနှိုင်းလိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမမြတ်စွာဘုရား
ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ
ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
၁၀) ငှက်ပျောဖူးဆိုတာ ငှက်ပျောတစ်ပင်ရဲ့နိဂုံး သင်္ကေတပါပဲ။
ပေတစ်သီး ကျီးတစ်သား ငှက်ပျောတစ်ခိုင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး
ငှက်ပျောတခိုင် သီးပြီးတာနဲ့ သူ့ဘ၀ပြီးဆုံးရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို
လည်စရာမလိုတော့တဲ့ နိဗ္ဗာန်ရောက်ဖို့သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီဆိုရင်
သံသရာမှာ ဆက်ရှင်သန် ကျင်လည်စရာ မလိုတော့တဲ့ အတွက် သံသရာပြီးဆုံးတဲ့အတွက် ငှက်ပျောဖူးနဲ့တင်စားတာပါတဲ့။
ငှက်ပျောဖူးပြီးရင်တော့ အထက်မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့အစိတ်အပိုင်းတွေအကြောင်းကို
အောက်မှာ ဆက်လက်ဖတ်ရှု နိုင်ပါတယ်။ (ပေဖူးပုံ မသုံးဘဲ ငှက်ပျောဖူးပုံ သုံးရခြင်း အကြောင်းက
မျက်စိအမြင်ထဲမှာ ပုံပန်းသဏ္ဍာန်အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့
ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူများ ဖြည့်စွက်ပေးကြစေလိုပါတယ်။
သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့်အဖြစ်
တက်သွားသလို သောတာပတ္တိ မဂ်ဥာဏ်ရပြီးသားသူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့်ဆီကို တသမတ်တည်း အစဉ်လိုက်
ရရှိရောက်ရှိ သွားတဲ့သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော်
၇ဆင့်ကြား အချိတ်အဆက်မိမိ တည်ထားဆောက်လုပ် ထားတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ
ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ်)
၁၁) ထီးတော် (၇) ဆင့်သည်
အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂) ငှက်မြတ်နား ဆိုသည်မှာ
ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ
နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို
ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော်လေးကို မြုပ်နှံဌာပနာ
ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ
တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင်ပညာတွင်
မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံနက္ခတ်ကိုယူကာ စေတီကိုတည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏
အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ်အကျိုး
အထွဋ်အထိပ်သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃) စိန်ဖူးတော်သည် အသင်္ခတဓာတ်
နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း၊ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့်
သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည်ပြုပြင် ပြောင်းလဲမှုမရှိတော့သော
ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း၊
(က) ကာဗွန်ဒြပ်စင်သည် မီးသွေး၊
ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်
အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ
ဘုရား၊ ရဟန္တာတို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို
ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့်
ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်း ဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင်
အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း
ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင်
ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီးပြုခဲ့ကြသော
အကျိုးပေးအားလျော်စွာ ကွဲပြားခြားနားကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား
တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။
အထက်ပါအချက်များနဲ့ ပြည့်စုံပါက
ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာသတိပဌာနသုတ္တန်ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ်တည်ထားကိုးကွယ်သောစေတီဖြစ်ပြီး
စေတီတည်ရခြင်းအကြောင်း အနှစ်တရားများကို သိရှိပြီး ကြည်ညိုပူဇော်ပါက အဖိုးမဖြတ်နိုင်သော
အကျိုးကျေးဇူးတရားများ ခံစားကြရမည် ဖြစ်လေသည်။ သို့သော် အထက်ပါအချက်များနဲ့ မပြည့်စုံသောစေတီဖြစ်ပါက
ဓာတ်ရိုက် ဓာတ်ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့တည်ထားသော စေတီမျှသာဖြစ်ကြောင်း
သိရှိနိုင်ပါသည်။ ထိုစေတီများကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့
စိတ်စေတနာအလိုက်သာ အကျိုးပေးမည်ဟု မှတ်ယူ နိုင်မည်ထင်ပါသည်။
ထို့ပြင် ဘုရားများတွင်
တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင် အကြောင်းကိုလည်း ရှာရှာဖွေဖွေ
သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချခဲ့ရန်
သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ
စတင်ကာ မာနချသည့်အနေဖြင့်ရော အရိုအသေပေးသည့်အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊
မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသောသူများဖြစ်သောကြောင့်
ငါစွဲပေါ်တွင်သာ မာနတက်နေကြသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို
ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း
ဖြစ်ကြောင်း သိရလေသည်။
သည်လောက်တောင် စေတီရဲ့
အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ
ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ၀ါဒကို အံ့သြချီးကျူးလို့
မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲလျက်ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ
ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကိုဖျက်ဆီးကာ အသစ်ထွင်ခြင်း၊
အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူတချို့ကိုတွေ့တိုင်း စိတ်မကောင်းဖြစ်ရပါသည်။
သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊
ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့်သမိုင်းတရားခံများ
ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ
ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်းအစစ် အဖြစ်ကြီးဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ်ပြီးရော
လျှောက်လုပ်လျှင်ကား အသုံးမကျလှသော အစုတ်ပလုတ်များနှင့် သည်လိုလျှောက်လုပ်ရင် အစုတ်ပလုတ်တွေ
ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည်ကိုလည်း သတိတရား ရလိုက်ပါသည်။
ဤနေရာတွင် ယနေ့ခေတ် ရွှေတိဂုံစေတီတော်ကြီး
အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒ စေတီတော်များတွင် အခြားသော အယူဝါဒများ၏ မိရိုးဖလာ
ကိုးကွယ်ယုံကြည်မှုများဖြင့် စနစ်တကျ အပင်းသပ်ခံထားရသော အချက်အလက်များကို တင်ပြလိုပါသည်။
ယခု ပိုစ့်တွင် အသေးစိပ် တင်ပြလိုသော်လည်း သီးခြား ခေါင်းစဉ်ခွဲ၍ တင်ပြလိုပါသည်။ မိမိထက်
ပို၍ နားလည်တတ်ကျွမ်းသော သူများမှလည်း ပိုစ့်များရေးသားစေလိုပါသည်။ ယင်းမှာ စေတီတော်
အရပ် ( ၈) မျက်နှာရှိ ဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော
ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှုများမှာ
ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့် မတော်တရော် နေရာယူထားမှုများ ဖြစ်ပါသည်။
အင်ဂျင်နီယာ ဖိုရမ်မှ ko phyo ရေးသော
ပို့စ် အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်
မူကြိုကျောင်းသား
(4.2.2015)
No comments:
Post a Comment