ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဟာ
ဒါနဆိုတဲ့ တရားပြုဖူးကြမှာပါ။ ဒါန ဆိုတာဟာ လုပ်ရပ်အနေနဲ့ကတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို
တစ်ပါးသူအား ပေးကမ်း၊ စွန့်လွှတ်လိုက်ရခြင်းပါပဲ။ အဲစိတ်ဓာတ်အနေနဲ့ကတော့ ပစ္စည်းအပေါ်မှာ
တပ်မက်တဲ့ လောဘ၊ တဏှာကို ပယ်သတ်နေတာပါ။ တစ်ဖန် အလှူခံ ပုဂ္ဂိုလ်အပေါ်မှာ ထားတဲ့ စိတ်ကလည်း
အဒေါသ မေတ္တာစိတ်ဓာတ်နဲ့ပေါ့။ မေတ္တာရှိလို့သာ လှူဖြစ်တာပါ။ လှူပြီးတဲ့နောက်မှာ လှူလိုက်ခြင်းအပေါ်ဝမ်းမြောက်ဝမ်းသာနဲ့
တွေးတောနေမယ်ဆိုလျှင်လည်း ဒါဟာ ဘာဝနာပညာ ဖြစ်တာပါပဲ။ ဒီတော့ လှူတဲ့သူတွေက စိတ်ထားဖြူစင်ရပါမယ်။
ဘယ်ကဲ့သို့ စိတ်ထားဖြူစင်ရမလဲဆိုတော့။ ပေးလှူခြင်းသည် သံသရာရှည်ရန်မဟုတ်၊ သံသရာဝဋ်က
ပြတ်ဖို့စိတ်ထားနဲ့ တဏှာဆိုတဲ့ အညစ်အကြေးဦးမဆောင်ဘဲ ပညာအသိတရား ဦးဆောင်လှူတတ်ရပါမယ်။
ဒါဟာပေးသူဘက်ကဖြူစင်ခြင်းပါ။ ပေးသူကဖြူစင်သလို ယူသူကလည်းပဲ ဖြူစင်ရပါမယ်။
အာမိသ ပစ္စည်းများသုံးဆောင်ခြင်းသည်
ခန္ဓာကိုယ်မပျက်စီးဖို့ အရှည်တည်တံ့နိုင်ဖို့ဆိုသော ရည်ရွယ်ချက်နဲ့သာ သုံးဆောင်သင့်တာပါ။
သို့မဟုတ်ဘဲ အာမိသအပေါ် တဏှာမာန ဒိဋ္ဌိ ဆိုတဲ့ တရားသုံးပါးနဲ့စွဲကပ်ပြီး သုံးဆောင်မိလျှင်တော့
ယူတဲ့သူဟာ အယူမတတ်ဖြစ်မှာပါ။ ဖြူစင်မှုနဲ့ယူတဲ့အခါ ယူခြင်းဟာ မြတ်ပါတယ်။ မဖြူစင်တဲ့အခါမှာတော့
ယူသမျှ ပူပါတယ်။ ဒါကြောင့် ယူတဲ့သူဟာလည်း သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို
ကျင့်ဆောင်နိုင်ဖို့ဆိုတဲ့ ဖြူစင်မှုနဲ့သာ ယူသင့်ပါတယ်။ ယူတော့လည်းပဲ မလိုအပ်သောအရာများကို
ပေးသမျှယူတာမျိုးမဟုတ်ဘဲ၊ လိုအပ်သည်ကိုသာ ယူခြင်းဖြင့် မိမိရဲ့ တဏှာ လောဘကို ပယ်သတ်ရမှာပါ။
လိုချင်ပိုင်ဆိုင်လိုတဲ့စိတ်ဟာ ပူပန်သောက ဖြစ်ရပါတယ်။ မရခင်မှာ ပူပန်နေရသလို ရပြီးတဲ့အခါမှာလည်းပဲ
မပျက်စီးအောင် ပူပန်ရပြန်ပါတယ်။ ဒါကြောင့် ပူပန်မှုတွေက ကင်းချင်တယ် လွတ်ချင်တယ် အေးငြိမ်းချင်ပါတယ်ဆိုလျှင်တော့
ပိုင်ဆိုင်ရယူလိုစိတ်ကို ပယ်သတ်ရပါမယ်။ ဒါဟာ ပေးသူရော ယူသူပါ ကျင့်သုံးသင့်တဲ့ တရားပါပဲ။
ဓမ္မကို ပေးလှူခြင်းသည်ကား
မွန်မြတ်လှပါ၏။ သံသရာဝဋ်ကို ပြတ်စေနိုင်၏။ ဓမ္မကို ပေးသူသည်လည်း ဓမ္မကို ကျင့်သုံးသူ၊
ဦးထိပ်ပန်ဆင်သူ၊ သေချာနားလည်သူ ဖြစ်ရပါမယ်။ ဒါမှသာ ယူသူဘက်မှ မှန်ကန်သော ဓမ္မကို ရရှိမှာပါ။
သို့မဟုတ်ပါက အဓမ္မကိုပေးသူ ယူသူ ဖြစ်သွားနိုင်ပါတယ်။ ယူသူကလည်း ဓမ္မကို မြတ်နိုးတန်ဖိုးထားမှ
လက်ခံနိုင်မှာပါ။ ဘယ်လောက်ပေးချင်သည်ဖြစ်စေ လက်ခံနိုင်စွမ်းမရှိသူကို ပေးလို့မရပါဘူး။
ပေးလှူခြင်းတကာတို့တွင် ဓမ္မကိုပေးလှူခြင်းသည်ကား မွန်မြတ်လှပါပေ၏။ ဖြူစင်ရပါပေ၏။ ဖြူစင်သော
ဓမ္မကို ဖြူစင်သူတို့သာလက်ခံနိုင်ကြပေ၏။ ဒါကြောင့် ပေးသူ ယူသူ စိတ်ထားဖြူ လို့ပြောလိုက်ရတာပါ။
တစ်စ တစ်စ စွန့်ဝံ့မှလျှင်
ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )
No comments:
Post a Comment