Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Friday, March 20, 2015

သင်္ကြန်ထမင်း



ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)၊ နာရေးကူညီမှုအသင်း (ဘန်ကောက်)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271) မှ ကျင်းပအပ်သော စတုတ္ထအကြိမ် မဟာသင်္ကြန်တရားပွဲတွင် တရားနာပရိသတ်များကို သင်္ကြန်ထ္မင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဆိုတော့ကာ တစ်ချို့က သင်္ကြန်မှာ မုန့်လုံးရေပေါ်လောက်သာ သိထားကြသည့်အတွက် သင်္ကြန်ထမင်းဆိုတာကို မသိသူ မကြားဖူးသူ မစားဖူးသူတွေ ရှိနေကြတယ်။ သင်္ကြန်ထမင်းဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရသလဲ၊ စားလို့ရော ကောင်းပါ့မလားဆိုပြီး မသိသူတွေက မေးမေးလာကြပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက် မတူနိုင်သည့်အတွက် စားဖူးသူ ကြိုက်သူများက ကောင်းတယ်လို့ ဖြေကြမှာဖြစ်ပြီး မကြိုက်သူများကား မကောင်းဟု ဖြေကြပါလိမ့်မယ်။ မသိသူကျော်သွား သိသူလုပ်စားဖို့ လုပ်ပုံလုပ်နည်းလေးကို သိရှိနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါသည်။


ဆန်ကို ထမင်းချက်၍ ထမင်းကိုရေဆေးထားပြီး ဖယောင်းနံ့သင်းထားသောရေဖြင့် ဆမ်း၍ သင်္ကြန်စာနှင့်စားရသော အာဟာရတစ်မျိုးဖြစ်သည်။ သင်္ကြန်စာမှာ ငါးခြောက် (အထူးသဖြင့် ငါ့ရံ့ခြောက်) ကို ပြုတ်၍ သရက်သီးနှင့်သုပ်ထားသော ငါးခြောက်သရက်သုပ်တစ်မျိုး ဖြစ်သည်။ သရက်သီးမှာ အချဉ်ပေါက်ရုံမျှဖြစ်ပြီး ငါးခြောက်ကများသည်။ ဖယောင်းနံ့သင်းထားသောရေဖြင့် ဆမ်းနှစ် ထားသော ထမင်းကို ဇွန်းဖြင့်ကော်ယူပြီး သင်္ကြန်စာခေါ် ငါးခြောက်-သရက်သီးသုပ်နှင် ရောမြှုပ်၍စားသည်။ ခံတွင်းမြိန်၍ အရသာထူးသဖြင့် ကြိုက်နှစ်သက်သူ များသည်။ သင်္ကြန်ထမင်းကို မော်လမြိုင်တွင် သင်္ကြန်ရောက်တိုင်း ပြုလုပ်စားသုံးကြသည်ဟု မှတ်သားသိရှိရသည်။

သင်္ကြန်ထမင်းလုပ်နည်း

သင်္ကြန် ထမင်းပြုလုပ်ရန်အတွက် ဆန်ကို ရေဆေး၊ အိုးထဲထည့်ပြီး ဆန်ပြုတ်အိုးတည်သကဲ့သို့ ရေများများထည့်၍ ပြုတ်ပါ။

၎င်းထမင်းအိုးဆူရုံနှင့်မရဘဲ ဆန်များတော်တော်ကွဲ၍ လက်ဖြင့်ချေလိုက်လျှင် ကြေသွားသည်အထိ နူးအိနေအောင် ပြုတ်ပါ။ ထို့နောက် ဆန်ခါခံ၍ ထမင်းအိုးကို သွန်ချလိုက်ပါ။ ခံထားသောဆန်ခါပေါ် တင်နေသောထမင်းများကို ရေအေးအေးဖြင့် အေးစက်သွားသည်အထိ ကြာကြာဖျန်းပေးပါ။ (ဖြစ်နိုင်လျှင် လက်ကိုင်ရေပန်းခရားအငယ်စားလေးဖြင့် ဖျန်းပေးပါ)

ထိုအခါ ဆန်ခါထဲမှထမင်းများသည် ထမင်းရည်များ ကုန်စင်သွားသည့်အပြင် ဆန်တွင်ပါရှိသော က ဆီဓာတ်များပါ ရေတွင်ပျော်ဝင်ပါဝင်သွားကာ မုန့်လက်ဆောင်းဖတ်ကဲ့သို့ ပျော့စိပွအိ သွားပြီ ဖြစ်သည်။  ဖယောင်းသင်းရေရရှိရန် မြေသောက်ရေအိုးဖြင့် အများဆုံးပြုလုပ်ကြလေ့ရှိသည်။ သန့်ရှင်းသော မြေသောက်ရေအိုးအလွတ်ထဲတွင် သေချာစွာ ဆေးကြောထားသည့် ကျောက်ခဲသန့်သန့်ကိုခံ၍ ဖယောင်းတိုင်ထွန်း၍ သော်လည်းကောင်း၊ မြေခွက်ငယ်ထဲတွင် မီးကျီခဲအနည်းငယ်ထည့်ပြီး၎င်း  အပေါ်ဖယောင်းခဲငယ်များနှင့် နံ့သာစ နည်းနည်းထည့်၍ မွှေးကြိုင်ညှော်သော မီးခိုးထွက်လာပါက သောက်ရေအိုးထဲ မီးခွက်ထည့်လိုက်ပြီး ရေစို အ၀တ်သန့်သန့်နှစ်ထပ်ကို ရေညှစ်၍ အိုးကို အုပ်လိုက်သောအခါ ရေစိုအ၀တ်ကြောင့် မီးသေသွားပြီး ဖယောင်းနှင့် နံ့သာနံ့များမှာ အိုးထဲတွင် စွဲကျန်ရစ်ပါက မီးခွက်ကို အိုးထဲမှ ထုတ်လိုက်ခြင်းဖြင့် သော်လည်းကောင်း၊ ဖယောင်းသင်းနံ့ရရှိအောင် ပြုလုပ်ကြသည်။ ဖယောင်းသင်းနံ့ စွဲကျန်နေသောအိုးထဲသို့ သောက်ရေကို ထည့်ကာ အဖုံးပိတ်ထားပါက ဖယောင်းသင်းရေကို ရရှိမည်ဖြစ်သည်။ ၎င်းရေကုန်သွားပါက ထပ်ဖြည့်ရုံသာဖြစ်သည်။

ငါးခြောက် ထောင်းကြော်ပြုလုပ်ပုံမှာ ငါးကွန်းရှပ်ခြောက်ကို ရေစင်စင်ဆေး၍ အိုးထဲတွင် ရေမြုပ်ရုံထည့်ပါ။ ငါးခြောက်များ နူး၍ ပွလာသောအခါ အအေးခံ၍ အသားနွှင်ကာ ဆုံထဲ ထည့်ထောင်းပါ။ ငါးခြောက် သက်သက်ကိုသာ ကြော်ပါက အငန်ကဲ နေမည်ဖြစ်သောကြောင့် ပွပွနှင့် မွမွဖြစ်ကာ အချိုလေးစေရန် ပုစွန်ခြောက် ရောရမည်ဖြစ်သည်။ ပုစွန်ခြောက်ကို ရေစင်စင်ဆေး၍ ထောင်းကာ ငါးခြောက်နှင့် ဆတူရောပါ။ အချို၊ အငန်တွဲပြီးပါက အချဉ်ဓာတ် လိုနေပြီဖြစ်ရာ သင်္ကြန်ရာသီတွင် ပေါများလွယ်ကူစွာ ရရှိသည့်သရက်သီးစိမ်းကို အသုံးပြုမည်ဖြစ်ပြီး မရမ်းသီးနှင့်လည်း ပြုလုပ်နိုင်ပါသည်။

သရက်သီးစိမ်းကိုခြစ်၍ အချဉ်ရည်များ ကုန်စင်အောင်ညစ်ရမည်ဖြစ်ပြီး မရမ်းသီးနှင့်ပြုလုပ်ပါက ပါးပါး လှီး၍ ထည့်ရမည် ဖြစ်သည်။ ကြက်သွန်နီကို လေးစိတ်ကွဲခွဲထားပါ။ အချိုအားဖြည့်သော အနေဖြင့် ကြက်သွန်နီများများ ထည့်ပါ။ ငါးပိကိုရေဖျော်ထည့်၍ မရသောကြောင့် သဲမပါစေရန် ငါးပိစိမ်းကောင်း အနည်းငယ်လိုသည်။ ငါးပိက အချဉ်ဓာတ်ကိုထိန်းပြီး အချိုကဲစေသည်။ ဆနွင်း အနည်းငယ်လည်း လိုသည်။ ရွှေအပ် ငရုတ်သီးကဲ့သို့ သေးငယ်သော ငရုတ်သီးအခြောက်တောင့်များကို နီညိုရောင်ဖြစ်လာသည်အထိ ဆီပူထဲတွင်ကြော်၍ ပြန်ဆယ်ထားပါ။

ငါးခြောက်ထောင်းကြော်ထဲတွင် ပါဝင်မည့်ပစ္စည်းအားလုံးကို မကြော်ခင် သမအောင်နယ်ထားပါ၊ (ကြက်သွန်နီမပါသေး)။ မနယ်ဘဲကြော်ပါက အိုးကပ်နိုင်သည်။ အချို၊ အချဉ်၊ အငန်တို့ကို မိမိနှစ်သက်သလို ထပ်ထည့်ပါ။ ၎င်းနောက် ငရုတ်သီး ကြော်ထား၍ အရောင်ကျန်နေသော ဆီထဲသို့ အားလုံးရောထည့်၍ ကြော်ပါ။ နူးစေရန်ရေ အနည်းငယ် ထည့်ပါ။ ၁၅ မိနစ်ခန့် ကြော်ပြီး နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ပါ။ ကြက်သွန်နီများ ပျော့အိမသွားဘဲ စားကောင်းရုံသာ ရှိရပါမည်။ ငါးခြောက် ထောင်းကြော်မှာ သရက်သီး၊ ကြက်သွန်တို့ ပါဝင်မှုကြောင့် အခြောက်ကြော်မဟုတ်ဘဲ အစိုကြော်အဖြစ် မွှေးကြိုင်စွဲမက် စားချင်စဖွယ် ဖြစ်နေမည်ဖြစ်သည်။

မြန်မာ့ရေးရာ သုတပဒေသာ၊

No comments:

Post a Comment