လွတ်လပ်စွာတွေးခေါ်ကြံဆမှုအရာတွင်သာ
မဟုတ်သေး။ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်မှုတွင်လည်း ဗုဒ္ဓကသည်းခံခွင့်ပြုတော်မူခြင်းမှာ
ဘာသာရေးသမိုင်းစဉ်ကို လေ့လာသောပညာရှင်များအား အံ့သြစေသော အကြောင်းတရပ်ဖြစ်ပေသည်။
တရံရောအခါ မြတ်စွာဘုရားသည်
နာလန္ဒ၌ သီတင်းသုံးနေတော်မူစဉ် ဥပါလိအမည်ရှိသော ထင်ပေါ်ကျော်ကြားသော သူဌေးကြီးတစ်ဦးသည်
မြတ်စွာဘုရားထံတော်မှောက်သို့ ရောက်ရှိလာလေသည်။
ဥပါလိသည် ဂျိန်းမဟာဝီရ၏
ကျော်ကြားထင်ရှားသော တပည့်ကြီးဖြစ်၍ မဟာဝီရကိုယ်တိုင်က ဗုဒ္ဓနှင့်တွေ့ဆုံရန် ဥပါလိအား
စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။
ကံ ကံ၏အကြောင်းအကျိုးတရားနှင့်
ပတ်သက်၍ ဗုဒ္ဓ၏အယူအဆနှင့် မဟာဝီရ၏ထင်မြင်ချက်တို့မှာ မတိုက်ဆိုင်၊ ကွဲပြာခြားနားလျက်ရှိရကား
ဗုဒ္ဓကို ဤကိစ္စတွင် စကားစစ်ထိုးအနိုင်ယူရန် ဥပါလိအား စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။
သို့ရာတွင် ထင်မြင်မျှော်လင့်သည့်အတိုင်း
ဖြစ်မလာချေ။ တရားဆွေးနွေးပွဲအပြီးတွင် ဗုဒ္ဓ၏အယူအဆများသည် မှန်ကန်၍ ဆရာ(ဂျိန်း)မဟာဝီရ၏
ယူဆချက်တို့မှာ လွဲမှားနေကြောင်း ဥပါလိသည် ကောင်းစွာသဘောသက်ဝင် ယုံကြည်သွားလေတော့သည်။
သို့ယုံကြည်သည့်အတိုင်း
၎င်းကို တပည့်ဥပသကာတစ်ဦးအဖြစ်ဖြင့် သွတ်သွင်းချီးမြှင့်ရန် ဗုဒ္ဓက ဥပါလိအား ပြန်လည်စဉ်းစားရန်နှင့်
“အသင်ကဲ့သို့ ထင်ရှား၍ လူသိများသောပုဂ္ဂိုလ်အတွက် သေချာစွာ စဉ်းစားရန်ကောင်းကြောင်း၊
အလျင်စလို မပြုလုပ်သင့်ကြောင်း” တို့ကို ပြောကြားလေသည်။
ဥပါလိက ဗုဒ္ဓအား ထပ်မံ၍
ပန်ကြားပြန်သောအခါ ၄င်း၏ဘာသာရေး ဆရာဟောင်းများအား ရှေးယခင်က ကဲ့သို့ပင် ရိုသေသမှု ၀တ်ကြီးဝတ်ငယ်
ဆက်လက်ပြုစုမြဲပြုစုရန် ဗုဒ္ဓက မေတ္တာရပ်ခံပေသည်။
ဗုဒ္ဓ၏ ဤမွန်မြတ်လှသော စိတ်ထားကြီးမှု၊
စာနာမှုများကို စံနမူနာပြု၍ ဘီစီ ၃ ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အသောကဧကရာဇ်မင်းမြတ်ကြီးသည်
၎င်း၏ကျယ်ပြန့်သော အင်ပါယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားသော ဘာသာဝင်အားလုံးတို့အား
လေးစားချီးမြှင့်ထောက်ပံ့ခြင်း ပြခဲ့ပေသည်။
ယနေ့တိုင်ဖတ်ရှုနိုင်သော
ကျောက်စာအဖြစ် ထုထွင်းထားခဲ့သည့် ၄င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက
ကြေငြာခဲ့သည်မှာ မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာကို ဖိနှိပ်ရှုတ်ချခြင်းကို
မပြုလုပ်ရုံသာ မဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ကြရပေမည်။
ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်
မိမိဘာသာကို ကြီးပွါးတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့
မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယ်ပြုရာ
ရောက်ပေမည်။
မိမိကိုးကွယ်သည့်ဘာသာကိုသာ
ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုတ်ချသူများသည် မိမိဘာသာကို ကြည်ညိုစိတ်ဖြင့်
“ငါ့ဘာသာ ဂုဏ်သိန်ထွန်းတောက်စေမည်” ဟု တွေးတောယူဆပြီး ပြုလုပ်ကြခြင်းအမှန်ဖြစ်ပေသည်။
သို့ရာတွင် ဤကဲ့သို့ ပြုမူဆောက်ရွက်ခြင်းကြောင့်
၎င်း၏ဘာသာကို ပိုမိုလေးနက်စွာ အကျိုးယုတ်ပျက်ပြားစေပါသည်။ ထို့ကြောင့် သာယာညီညွတ်ခြင်းသည်
မွန်မြတ်ပေသည်။ လူအပေါင်းတို့ မှတ်သားလိုက်နာကြလော့။ အခြားသူများ၏ဘာသာဝါဒများကို လေးစားကြားနာကြကုန်လော့။
ဤကဲ့သို့ ကြင်နာငဲ့ညှာကိုယ်ချင်းစာသော သဘောတရားများကို ဘာသာဝါဒရေးရာများတွင်သာ မဟုတ်၊
အခြားအကြောင်းကိစ္စများတွင်လည်း အသုံးပြုကျင့်ဆောင်သင့်ကြောင်း ကျွန်ုပ်တို့က ထပ်လောင်း၍
ဖော်ပြရပေမည်။
ဤကဲ့သို့ ကြင်နာငဲ့ညှာ
ကိုယ်ချင်းစာတရားသည် အစကနဦးကပင် ဗုဒ္ဓ၀ါဒဆိုင်ရာ ယဉ်ကျေးမှုကိစ္စများတွင် အထွတ်အမြတ်ထားခြင်းခံရသည့်
တရားမွန်တစ်ပါးဖြစ်ခဲ့ပေသည်။ ထို့ကြောင့်ပင် လူအပေါင်းတို့အား ဗုဒ္ဓ၀ါဒသို့ သက်ဝင်ကူးပြောင်းစေရာတွင်လည်းကောင်း၊
နှစ်ပေါင်း ၂၅၀၀ အတွင်း ဗုဒ္ဓသာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြရာတွင်လည်းကောင်း၊
တစ်စုံတစ်ယောက်ကိုမျှ ညှင်းပန်းနှိပ်စက်ခဲ့ခြင်း၊ သွေးတစ်ပေါက် ကျဆုံးစေခဲ့ရခြင်း၊
လုံးဝမရှိခဲ့ပေ။
ဗုဒ္ဓ၀ါဒသည် အာရှတိုက်တစ်ခုလုံးတွင်
ငြိမ်းချမ်းသာယာစွာ ပျံ့နှံ့ခဲ့ရာ ယခုအခါ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းပေါင်း ၅၀၀ ကျော်ရှိပေပြီ။
မည်သည့်အကြောင်း ပရိယာယ်နှင့်မျှ မည်သည့်အကြမ်းဖက်မှုမျိုးကိုမျှ မပြုလုပ်ရန် ဗုဒ္ဓက
လုံးဝတားမြစ်တော်မူသည်။
မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး
No comments:
Post a Comment