Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, January 9, 2014

Phra Pathom Chedi (နခုန်ပထုမ်စေတီ)



(2.1.2014) မှာ ရုပ်ရှင်မင်းသမီး မြန်မာသံ တေးသံရှင် အဆိုတော် ပန်ဆုပြည့်ကျော်နှင့်အတူ အယုဒ္ဒယမြို့မှာရှိသည့် ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်မြတ်ကြီးကို ဖူးမြော်ကန်တော့အပြီး ဘန်ကောက်မြို့နှင့် မနီးမဝေးမှာရှိသော ကမ္ဘာ့ အမြင့်ဆုံး စေတီ Phra Pathom Chedi - Phra - ဘုရား၊ Pathom - ပထမ၊ Chedi - စေတီ၊ (ထိုင်းနိုင်ငံရဲ့ ပထမဆုံးဘုရားစေတီ) ဟု အဓိပ္ပါယ်ရသောစေတီတော်သို့ အလည်တစ်ခေါက် ရောက်သွားခဲ့ပါသည်။

တနည်း - Nakhon Pathom Chedi = Nakhon - နဂရ - မြို့၊ Pahtom - ပထမ၊ Chedi - စေတီ၊ (မြို့ပထမစေတီ) ဟု အဓိပ္ပါယ်ရသော အမြင့် 127 မီတာ၊ (417 ပေ)ရှိသည့် နခုန်ပထုမ်စေတီသည် တစ်ချိန်က ရာမညတိုင်း၏ မြို့တော် ဒွါရ၀တီဟုခေါ်သော နခုန်ပထုမ်မြို့လယ်မှာ တည်ရှိပါသည်။ နခုန်ပထုမ် - နဂရ ပထမ ထိုင်းနိုင်ငံ၏ ပထမဆုံးမြို့ဟု အဓိပ္ပါယ်ရပါသည်။


ဘန်ကောက်မြို့မှ မီးရထားဖြင့်သွားလျှင် ၁ နာရီခွဲ ကြာမြင့်မှာဖြစ်ပြီး၊ လိုင်းကားဖြင့်သွားလျှင် အချိန် ၁ နာရီ ကြာမြင့်ပါမည်။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူလမ်း၊ ကန်ချနပူရီလမ်းကြောင်းပေါ်တွင် တည်ရှိ၍ ဘန်ကောက်မြို့မှာ 57 ကီလိုမီတာ ဝေးပါသည်။
နေ့စဉ် နံနက် ၇ နာရီမှ ည ၈ နာရီအထိ ဖွင့်ပါသည်။ Phra Pathom Chedi ပြတိုက်ကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရခွဲအထိ ဖွင့်ထားပါသည်။ ၀င်ကြေး ဘတ် ၄၀ ပေးရပါသည်။ Phra Pathom Chedi ဆိုင်ရာ အမျိုးသားပြတိုက်ကိုတော့ တနင်္လာ အင်္ဂါနှင့် နိုင်ငံတော် ရုံးပိတ်ရများမှလွှဲ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်ပါသည်။ ၀င်ကြေး ဘတ် ၃၀ ပေးရပါသည်။
BC ၃ ရာစုခေတ် သီရိဓမ္မာသောကမင်းကြီး၏ ကိုးတိုင်း ကိုးဌာန သာသနာပြုခြင်း
(၁) ကသ္မီရ ဂန္ဓာရတိုင်း
ဟိမ၀န္တာ၏ အနောက်မြောက်ဘက်၊ ပန်ချပ်ပြည်နယ်၏ အရှေ့မြောက်ဘက်စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ ယင်း၏အနောက်ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ဤတိုင်းနှစ်တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာ လေးပါးတို့ ကြွရောက်ကာ အာသီဝိသောပမသုတ္တန်ကို ဟောကြား သာသနာပြုတော်မူသည်။
(၂) မဟိံသကတိုင်း
အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏ မြောက်ပိုင်းရှိ ချီတယ်ရ် စီရင်စု ဌာနများသို့ မဟာဒေ၀မထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ ဒေ၀ဒူတသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၃) န၀ါဒါသီ(၀န၀ါသီ) တိုင်း
ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်း ပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာတော် လေးပါးတို့ ကြွရောက်ကာ အနမတဂ္ဂသုတ္တန်ကို ဟောကြေားလျက် သာသနာပြုတော်မူသည်။
(၄) မဟာရဋ္ဌတိုင်း
ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၅) အပရန္တတိုင်း
မလ၀ါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်၊ သစ္စဗန္ဓတောင်၊ သုပ္ပရကသင်္ဘောဆိပ်၊ ၀ါဏိဇ္ဇဂါမ စသည့် အရပ်တို့သို့ အရှင်ဓမ္မရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင်သံဃာလေးတို့ ကြွရောက်ကာ အဂ္ဂိခန္ဓောပမသုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူသည်။
(၆) ယောနကတိုင်း
အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား၊ တူရကီ၊ ဂရိ၊ အီတလီတို့ တည်ရှိရာ ရှေးအမည် သာကလတိုင်းဟု အမည်ရသည့် အရပ်တို့သို့ အရှင်မဟာရက္ခိတမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာလေးပါးတို့ ကြွရောက်ကာ ကာဠကာရာမသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။
(၇) ဟိမ၀န္တာတိုင်း (စိနရဋ္ဌခေါ် စိန့်တိုင်း ၅ရပ်)
ဟိမ၀န္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ ခိုတန်၊ ဘူတန်၊ ယရကန်၊ တိဘက်၊ တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမမထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာတော်လေးပါးတို့ ကြွရောက်ကာ ဓမ္မစက္ကပ၀တ္တနသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။
(၈) သုဝဏ္ဏဘူမိတိုင်း
စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ ကချင်၊ ကယား၊ ယွန်းယိုးဒယား၊ ကမ္ဘောဒီယား၊ လာအိုစသော လူမျိုးတို့နေထိုင်ရာ အရပ်တို့သို့ အရှင်သောမဏထေရ်၊ အရှင်ဥတ္တရထေရ် ဦးဆောင်သော အဖွဲ့ဝင် သံဃာသုံးပါးတို့ ကြွရောက်ကာ ဗြဟ္မဇာလသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူသည်။ ဤနေရာတွင် သုဝဏ္ဏဘူမိအရပ်နှင့် ပတ်သက်၍ မြန်မာတို့က မွန်ပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြပြီး အိန္ဒယကျောက်စာဌာနကမူ စုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။
(၉) တမ္ပဒီပတိုင်း
ယခုအခါ သီရိလင်္ကာဟုခေါ်ဆိုကြသည့် သီဟိုဠ်ကျွန်းသို့ အရှင်မဟာမဟန္ဒမထေရ် ဦးဆောင်သော သံဃာတော်များ ကြွရောက်ကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ သာသနာပြုတော်မူသည်။
နခုန်ပထုမ်စေတီတော်ကို သုဝဏ္ဏဘူမိတိုင်း ရာမညတိုင်း၏မြို့တော် ဒွါရ၀တီမြို့တွင် ဘီစီ ၃ ရာစုခန့်က တည်ထားကိုးကွယ်ခဲ့သည်၊ တည်ထားကိုးကွယ်သူ မည်သူမည်ဝါဖြစ်သည်ကို ယနေ့အချိန်ထိ သမိုင်းထဲမှာ မတွေ့ရှိရပါ။ အရှင်သောမဏထေရ်၊ အရှင်ဥတ္တရထေရ်တို့က တည်ထားခဲ့သယောင်တော့ရှိသည်၊ သို့သော် အရှင်သောမဏထေရ်၊ အရှင်ဥတ္တရထေရ်တို့ တည်ထားကိုးကွယ်ခဲ့သည်ဟုလည်း မည်သည့်သမိုင်းစာအုပ်တွင်မှ ထင်ရှားစွာ မတွေ့ရှိရပေ။ နခုန်ပထုန်စေတီတွင် ရောင်းချသော ဘုရားသမိုင်းစာအုပ်တွင်လည်း ရှင်းလင်း သေချာစွာ မပါရှိပါ။ ဥပမာ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ကျက်သရေဆောင် မြဘုရား၏ သမိုင်းနည်းတူဖြစ်ပေသည်။
ထိုင်းနိုင်ငံ၏ လက်ရှိဘုရင်မျိုးဆက် ၄ ဆက်မြောက်ဖြစ်သည့် ဘုရင်မွန်ကုဋ် (King Monkut) ထိုင်းအခေါ် RAMA IV (ဖက်လာန် စီ) မှ ယခုလက်ရှိမြင်တွေ့နေရသည့် စေတီတော်ဖြစ်အောင် ပြန်လည်ပြုပြင် မွမ်းမံခဲ့ပါသည်။ ၄င်း ဘုရင်လက်ထက်တွင် မပြီးစီးခဲ့သည်များကို A.D. 1870 - RAMA V - ချူလာလောင်ကွန်း နှင့် A.D. 1897 - RAMA VI တို့မှ အဆက်ဆက် ပြုပြင်သင့်သည်များကို ပြီးစီးသည်အထိ ဆက်လက်ပြုပြင်ပြီး ကျောင်းဆောင်သစ်များကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။
သမိုင်းဆရာများ၏ အဆိုအရ လက်ရှိ ထိုင်းနိုင်ငံ Siam သည် ၄င်းထိုင်းလူမျိုး ရှမ်းလူမျိုးများ၏ မူရင်းနိုင်ငံမဟုတ် (လာအို သို့မဟုတ်) မွန်လူမျိုးတို့၏ တိုင်းနိုင်ငံဖြစ်နေသည့်အတွက်ကြောင့် သမိုင်းကြောင်းများကို ရှင်းလင်းသေချာစွာ မရေးနိုင်ခြင်းဖြစ်သည်ဟု ဆိုထားကြသည်။ အနီးစပ်ဆုံးပြရလျှင် မွန်ဘုရင် ရာဇာဓိရာဇ်သည် ထိုင်းနိုင်ငံသမိုင်းတွင် ပါဝင်နေသည်ကို ထင်ရှားစွာတွေ့ရသည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ အလည်အပတ်သွားကြသူများအနေဖြင့် ဖူးခက် ပတ္တယာသို့သာ အသွားများကြပြီး မြို့တွင်းဆိုလျှင်လည်း ကုန်တိုက်ကြီးတွေလောက်သာ အလည်အပတ် အသွားအလာ များနေကြသည်ကိုသာ တွေ့နေကြရသည်။ သမိုင်းဝင်း နခုန်ပထုမ်စေတီနှင့် အယုဒ္ဒယမြို့တွင် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဒယမြို့ကို တိုက်ခိုက်နေစဉ် ထည်ထားခဲ့သော စေတီတော်သို့ သွားရောက်လည်ပတ်ကာ ဖူးမြော်သင့်လှပေသည်။
(မူကြိုကျောင်းသား)

No comments:

Post a Comment