စိတ်စေတနာထက်သန်စွာနဲ့
တစ်ပိုင်တစ်နိုင် ပရဟိတလုပ်နေတဲ့ဒကာတစ်ယောက်က လျှောက်တယ်" အရှင်ဘုရား တပည့်တော်ရဲ့
မျက်စိရှေ့မြင်နေတွေ့နေရတဲ့ မရှိဆင်းရဲသားတွေ၊ စာသင်ချင်ပေမယ့် စာမသင်နိုင်ကြတဲ့ကလေးငယ်တွေကို
တတ်နိုင်သလောက် ပညာသင်နိုင်အောင် ကူညီဆောင်ရွက်ပေးသလို ငွေကြေးမပြည့်စုံ ကျမ္မာရေးမကောင်းတဲ့
သက်ကြီးရွယ်အိုတွေကိုလည်း အတတ်နိုင်ဆုံး ထောက်ပံ့လှူဒါန်းပေးပါတယ်၊ သာရေး နာရေးတွေလဲ
အတတ်နိုင်ဆုံး ကူညီလုပ်ကိုင် ဆောင်ရွက်ပေးပါတယ်ဘုရား၊ သို့သော်လည်း လူမှုရေး စီးပွားရေးတွေမှာ
တိုက်ခိုက်မှုလေးတွေရှိလာတော့ တစ်ခါတစ်ခါ ကုသိုလ်လုပ်ပေမယ့် စိတ်ဓာတ်ကျပြီး အကုသိုလ်ဖြစ်ဖြစ်သွားတယ်ဘုရား၊
ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာ မိန့်ကြားပေးပါဘုရား" တဲ့။ လောကကြီးကပဲ ခက်တာလား လူတွေကပဲ
ခက်တာလားတော့ မပြောတတ်ဘူးပေါ့၊
ဒီလိုအတိုက်အခံတွေဆိုတာကလည်း ကောင်းရာ ကောင်းကြောင်းလုပ်ကိုင်နေသူတွေမှာတာ
ဖြစ်တတ်တဲ့သဘောသဘာဝလို ဖြစ်နေပြီ၊ အလုပ်လုပ်ပြီဆိုရင်တော့ အောင်မြင်တာ မအောင်မြင်တာထက်
အတိုက်အခိုက်တွေကို ရင်ဆိုင်ကျော်လွှားဖို့ စိတ်ဓာတ်အင်အားကို အရင်ဆုံးမွေးထားရပါလိမ့်မယ်။
ကောင်းတာလုပ်ပေမယ့် ချီးမွမ်းဖို့ခဲယဉ်းသလို ကဲ့ရဲ့ဖို့ဆိုတာက ပိုပြီး လွယ်ကူနေကြတယ်။
လူတိုင်းနီးပါး ကိုယ့်မျက်ချေးကိုယ်မမြင်ပဲ သူတစ်ပါးမျက်ချေးကို မြင်လွယ်ကြတယ်။ မိမိရဲ့
ကောင်းမှု မကောင်းမှု ပြုမပြုကို အာရုံမပြုနိုင်ပဲ သူတစ်ပါးရဲ့ ကောင်းမှုမကောင်းမှု ပြုမပြုကိုပဲ
လိုက်ကြည့်နေကြတယ်။ အဲ့ဒါကြောင့် ပရဟိတလုပ်နေပြီဆိုရင် သူတစ်ပါး ဘာပြောပြော ကိုယ့်ရပ်တည်ချက်နဲ့
လုပ်ဆောင်ချက်တွေမှန်မှန်နဲ့သာ နောက်မဆုတ်ပဲ ရှေ့ဆက်လုပ်သင့်ပါတယ်၊ ချီးမွမ်း ၇ ရက်၊
ကဲ့ရဲ့ ၇ ရက်မို့ အချိန်တန်ရင် ပါးစပ်ပိတ်သွားပါလိမ့်မယ်။ သူတစ်ပါးပြောစကားအတိုင်း
လိုက်လုပ်နေရင် သူတစ်ပါးပါးစပ်ဖျားမှာပဲ လမ်းဆုံးသွားပါလိမ့်မယ်။ အဲ့ဒါကြောင့် ဟုတ်ဟုတ်
မဟုတ်ဟုတ် ကိုယ့်အလုပ်ကိုသာ စိတ်စေတနာဖြူစင်စွာနဲ့ ဆက်လုပ်သင့်ပါတယ်။ အများအကျိုး လုပ်နေချိန်မှာ
ဘယ်သူတွေဘယ်လိုပဲ ကဲ့ရဲ့ကဲ့ရဲ့ ပညာရှိသူတော်ကောင်းတွေရဲ့ အကဲ့ရဲ့မခံရအောင် လုပ်ဆောင်ပြီး
စိတ်ကောင်းလေးယှဉ်ကာ ဆက်လုပ်ရပါမယ်။
ကဲ့ရဲ့တာတွေ ချီးမွမ်းတာတွေက
လောကဓမ္မတာမို့ လောကကြီးထဲမှာနေနေသ၍ လူတွေနဲ့ ဆက်ဆံနေသေးသ၍ ကဲ့ရဲ့မှု ချီးမွမ်းမှုကနေလွတ်အောင် နေလို့မရသလို
ရှောင် ထွက်သွားချင်လို့လဲမရဘူး။ လောကလူသားတွေဆိုတာ အကောင်းမြင်ဝါဒ ရှိသူတွေနဲသလို
အဆိုးမြင်ဝါဒီသမားတွေ များလှပါတယ်။ မကျေနှပ်သူတွေ မကြိုက်သူတွေ အမြင်မကြည်သူတွေ အဆိုးမြင်ဝါဒီတွေ
သူတို့ထမင်း သူတို့စားပြီး ကြိုက်သလို ကဲ့ရဲ့ပါစေ
ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေရပါမယ်။ ပညာရှိသူတော်ကောင်းတွေ အကဲ့ရဲ့မခံရအောင်
သထိထား နေထိုင် သွားလာ ပြောဆို လုပ်ကိုင်ရပါမယ်။ ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းသင့်လျှင်
ချီးမွမ်းပြီး ကဲ့ရဲ့သင့်လျှင်လည်း အစိမ်းအကျက်မရွေး ချီးမွမ်းကြသလို ကဲ့ရဲ့ကြပါတယ်။
ပညာရှိသူတော်ကောင်းတွေ အပြစ်ပြ ကဲ့ရဲ့လာပြီဆိုလျှင် ကဲ့ရဲ့သင့်လို့ ကဲ့ရဲ့တာ အပြစ်ရှိလို့
ကဲ့ရဲ့တာလို့ ခံယူပြီး နောက်နှောင်မဖြစ်အောင် ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး၊ ဆောင်ရွက်သင့်တာ
ဆောင်ရွက်ရပါမယ်။ သူတော်မဟုတ် သူယုတ်တို့ရဲ့ ကဲ့ရဲ့မှုမျိုးကိုတော့ စိတ်ထဲမထင် ပြစ်မမြင်ပဲ
ဘယ်ဖက်နားဝင် ညာဖက်နားထွက်ပေါ့၊ ဂရုစိုက်နေစရာမလိုသလို ရန်လိုစရာလဲမလိုပါဘူး၊ ရန်မလိုမှ
ရန်ပြိုပါမယ်။ ချီးမွမ်းတာ ကဲ့ရဲ့တာနဲ့ ပတ်သက်ပြီး ဓမ္မပဒ ကောဓ၀ဂ်မှာ ဖော်ပြထားတာကတော့
ပေါရာဏမေတံ အတုလ၊ နေတံ
အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ
ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ
လောကေ အနိန္ဒိတော။ (ဓမ္မပဒဂါထာ - ၂၂၇)
အတုလရေ.. စကားမပြော၊ များများပြောနှင့်၊
နည်းငယ်ပြောသူ၊ မည်သူတီးမှ၊ ကဲ့ရဲ့ချီးမွမ်း၊ ထိုနှစ်လမ်းမှ၊ ကင်းလွတ်သသူ၊ ဤလောက၀ယ်၊
ယနေ့တိုင်ထိ၊ မရှိခဲ့ဘူး၊ ရှေးဦးကာလ၊ မဆွကပင်၊ ရှိပြီတကား..။
အတုလရေ . . ကဲ့ရဲ့တယ်ဆိုတာ
အခုမှဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ရှေးကတည်းက ဖြစ်ပေါ်ခဲ့တာပါ။ စကားမပြောသူကိုလည်း မပြောလို့ကဲ့ရဲ့ကြတယ်။
စကားများသူကိုလည်း စကားများလို့ ကဲ့ရဲ့ကြ တယ်။ စကားနည်းသူကိုလည်း စကားနည်းလို့ ကဲ့ရဲ့ကြတယ်။
အကဲ့ရဲ့မခံရတဲ့သူဆိုလို့ လောကကြီးထဲမှာ မရှိဘူး ဟု ဟောကြားထားခဲ့ပါတယ်။
န စာဟု န စ ဘ၀ိဿတိ၊ န စေတရဟိ
ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊
ဧကန္တံ ၀ါ ပသံသိတော။ (ဓမ္မပဒဂါထာ - ၂၂၈)
အကြင်သူကို၊ မြင့်မိုရ်ဧကန်၊
ချီးပလို၏၊ တစ်ယောက်သူ့ကို၊ ဧကန်ဆန့်ကျင်၊ ကဲ့ရဲ့ပြန်၏။ ကဲ့ရဲ့ချီးမွမ်း၊ မလွတ်တမ်းမို့၊
ထိုလမ်းလွတ်သူ၊ ထုံးတမ်းရှေးမှာ၊ နောင်ခါတစ်ဖန်၊ ပစ္စုပ္ပန်ထိ၊ မရှိတစ်ယောက်၊ မိုးမြေအောက်တည်း..။
လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူဆိုတာ
ရှေးကလည်းမရှိခဲ့ဘူးသလို နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ ဟုတ် ထပ်လောင်း
ဟောကြားခဲ့ပါတယ်။
ယံ စေ ၀ိညူ ပသံသန္တိ၊ အနုဝိစ္စ
သုဝေ သုဝေ။
အစ္ဆိဒ္ဒ၀ုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။
(ဓမ္မပဒဂါထာ - ၂၂၉)
နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော
တံ နိန္ဒိတုမရဟတိ။
ဒေ၀ါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ
ပသံသိတော။ (ဓမ္မပဒဂါထာ - ၂၃၀)
အမှုကြီးငယ်၊ အသွယ်သွယ်ကို၊
ဖြတ်တောက်လိုရာ၊ သိပညာနှင့်၊ ကောင်းရာဆိုးပြစ်၊ ထောက်ချင့်ဝေဖန်၊ ပညာညာဏ်ကြီး၊ ကျင့်ပြီးသီလ၊
နှလုံးလဖြင့်၊ ဓာတ်စိတ်မယိုင်၊ မြဲခိုင်လသူ၊ ထိုသူတို့အား၊ ပလွှားမရှိ၊ ပညာရှိက၊ နေ့ညမခန်း၊
ချီးမွမ်းကြ၏၊ သဲကြမ်းကင်းစင်၊ ရွှေစင်ကဲ့သို့၊ ပြစ်တော်တင်၍ ထိုက်မည်နည်း..။ အထက်ရပ်လာ၊
ဒေ၀ါနတ်နှင့်၊ ဗြဟ္မာကြီးပင်၊ မွမ်းတင်ချီးပ၊ ချီးမွမ်းကြ၏၊ ပြစ်တော်တင်သော် ထိုက်မည်နည်း..။
အတုလေရေ ... မကျိုးမပြတ်သော
အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည်
ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို
အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း
ချီးမွမ်း၏ ဟု ထပ်ခါတလဲလဲ ဟောကြားထားခဲ့ပါတယ်။
လောကကြီးထဲမှာ နေနေသရွေ့ကဲ့ရဲ့တာ
ချီးမွမ်းတာကို ရှောင်ကွင်းလို့မရနိုင်ပါဘူး။ ကောင်းတဲ့အလုပ်တစ်ခုခုကို လုပ်ပြီဆိုရင်တော့
အတိုက်အခိုက်လေးတွေ၊ ကိုယ့်အလုပ် ပျက်စီးအောင် လုပ်တတ်တဲ့ လုပ်ဆောင်မှုတွေ၊ မတရားအတင်းပြော၊
မကောင်းသတင်းလွင့် ၊ မဟုတ်က ဟုတ်က လုပ်ဇာတ်ဖန်တီးပြောတာလေးတွေ၊ ပျက်စီးရာ ပျက်စီးကြောင်း
ကြံစည် အားထုတ်လာတာတွေ တွေ့နေ မြင်နေ ကြားနေရပြီဆိုရင် အဲ့ဒီလိုပြောတဲ့သူတွေနဲ့ အချိန်ကုန်ခံ
အလုပ်ပျက်ခံကာ ပြန်လှန် တိုက်ခိုက်မနေဘဲ ကိုယ့်လုပ်နေတဲ့ အလုပ်ကို သာ ဂရုတစိုက်နဲ့
လုပ်ဆောင်ရပါမယ်၊ ကိုယ့်အလုပ် ကြီးပွားတိုးတက်ရေးကိုသာ ဂရုစိုက်ရမယ်။ ဒီလို တိုက်ခိုက်လာခြင်းကို
ကျေးဇူးတောင် တင်ရမှာ ဖြစ်တယ်။ ဘာလို့လဲ၊ မိမိကို ထင်ပေါ်အောင် အခမဲ့ ကြော်ငြာပေးလို့လေ။
ဇာတ်တော်တစ်ခုမှာ ရှိတယ်။ တောထဲက ၀က်တွေ၊ ပတ္တမြား ရွှေဂူကို အရောင်မှေးမှိန်အောင် သူတို့ကိုယ်ကို
ရွှံ့တွေလူးပြီး ပွတ်တိုက်ပါတယ်။ ဒီအခါမှာ ပတ္တမြားရွှေဂူက အရောင်မမှိန်သည့်အပြင် ပိုပြီး
အရောင်ထွက်လာတယ်လေ။ ဒီအကြောင်းအရာကို မန်လည်ဆရာ တော်ကြီးက -
“မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ၊ ညွန်လူးကာ တိုက်နဲ။
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ”ဟူ၍ ဖွဲ့ဆိုခဲ့ပါတယ်။
ဒါကြောင့် မိမိကို သူတစ်ပါးတိုက်ခိုက်လာရင်
မိမိကို အများသူငါသိအောင်၊ ထင်ပေါ်အောင် လုပ်ပေးနေတာဘဲလို့ သဘောထားလိုက်ပါ။ ပုထုဇဉ်ဆိုတော့လဲ
အခက်သားလား၊ ဒါကို စိတ်မတိုဘဲ မနေနိုင် ဒေါသမထွက်ပဲ မနေနိုင်ကြဘူးလေ။ စိတ်မတိုမိအောင်
ဒေါသမထွက်မိအောင် ကြိုးစားရပါမယ်။ သူ့သဘော သူဆောင်၊ သူ့သမိုင်း သူရေး သွားပါလိမ့်မယ်။ ကိုယ့်သမိုင်းကို သူလာဖျက်လို့ မရပါဘူး။ ဒီလို ပြစ်တင်ကဲ့ရဲ့တာတွေဟာ
ကြာ ရှည်မတည်မြဲ ပါဘူး၊ မြန်မာစကားပုံရှိတယ်မလား “ချီးမွှမ်း ခုနစ်၊ ကဲ့ရဲ့ ခုနစ်ရက်”
ဆိုတာလေ။ ဒါဟာ သာမန်စကား၊ သာမန်လူတွေပြောခဲ့တဲ့စကား မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်တိုင်
မိန့်ခဲ့ ဘူးတဲ့စကား၊ ၀ိနည်းမဟာဝါမှာ ပါတယ်။ ဘုရားရှင်နဲ့ တပည့်သံဃာတော်တွေကို တိတ္တိတွေနဲ့
တပည့်တွေ့က အပြစ်ပြော၊ ဆဲရေး တိုင်းထွာ၊ ဝေဖန် ကဲ့ရဲကြတာနဲ့ ပတ်သက်ပြီး ဘုရားရှင် က
အရှင်အာနန္ဒာကို မိန့်ခဲ့တာပါ။
ဘုရားရှင်နဲ့ တပည့် သံဃာတော်တွေကို
ဆဲဆိုကဲ့ရဲ့ကြလို့ အရှင်အာနန္ဒာက မြတ်စွာ ဘုရားကို “တစ်ခြားမြို့ ကြွကြပါစို့”-လို့
လျှောက်ထားတော့ ဘုရားရှင်က “ကဲ ဟုတ်ပါပြီ၊ တစ်ခြား မြို့၊ တစ်ခြားနေရာ သွားပြီ၊ အဲဒီနေရာမှာကော
အခုလို ပြောဆို ဆဲရေး ကဲ့ရဲ့နေရင်ကော ဘယ်လို လုပ်မလဲ” မေးတော့ အရှင်အာနန္ဒာက “နောက်ထပ်
တစ်ခြားကို ကြွမယ်” လို့ လျှောက်တယ်၊ အဲဒီတော့ ဘုရားရှင်က “ ကဲ ဟုတ်ပြီ၊ နောက်နေရာမှာကော
ဒီလို လုပ်ရင်ကော” ဆိုတော့ နောက် တစ်နေရာ ကြွတာပေါ့ ဆိုတော့ ဘုရားရှင်က -“ နေရာသာ ကုန်သွားမယ်၊
ဘယ်နေရာ ဖြစ်ဖြစ် ကဲ့ရဲ့ တဲ့သူ၊ ဝေဖန်တဲ့သူ၊ အပြစ်ပြောတဲ့သူ လွတ်မှာ မဟုတ်ဘူးတဲ့၊ နေမြဲတိုင်း
နေ၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်၊ ကဲ့ရဲ့ဝေဘန် ဆဲဆိုမှုတွေဟာ ခုနစ်ရက် မလွန်ပါဘူး”-လို့
မိန့်ခဲ့တာ။ အဲဒီကနေ “ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်” ဆိုတဲ့ စကားပုံ ပေါ်လာတာ။
ဒီတော့ ကိုယ့်အလုပ်သာ ကိုယ်လုပ်၊ အချိန်တန်ရင် အပြစ်ပြော ဝေဖန်နေတဲ့သူ မောရင် ရပ်သွားလိမ့်မယ်၊
ဒီလိုမဟုတ်ဘဲ ကိုယ်က လိုက်ပြီး ပြန်လှန်ပြောဆိုနေရင် သေးတဲ့အမှု ပိုကြီးသွားမယ်။ အပ်နဲ့ထွင်းရဲမဲ့
အနာ၊ ပေါက်ဆိန်နဲ့ ပေါက်နေရလိမ့်မယ်။
မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်ကို
တည်ထောင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရားကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်)က တပည့်တွေကို
ဆုံးမနေကျစကား ပြောနေကျစကားရှိတယ်။ ချီးမွမ်းခံရလို့လည်း ဆောင့်ကြွားကြွား မြောက်ကားကား
မဖြစ်နဲ့ ကဲ့ရဲ့ခံရလို့လဲ စိတ်ညှစ်ပြီး အလုပ်မလုပ်ပဲ ထင်ရာမစိုင်းနဲ့ "ချီးမွမ်းလျှင်ဘေး
ကဲ့ရင်လျှင်ဆေး"တဲ့။ အမှားအမှန်ကတော့ သမိုင်းကအဆုံးအဖြတ်ပေးသွားလိမ့်မယ်။ လူမသိပေမယ့်
နတ်သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူဆိုတာ မှန်တယ်ထင်ရင် လုပ်ရဲရမယ်။ မှားတယ်ထင်ရင်
ပြင်ရဲရမယ်။ အဲဒီလိုမလုပ်ရဲရင် သမိုင်းရဲ့ ဒဏ်ခတ်တာကို ခံရပါလိမ့်မယ်။ လူမိုက်တွေ သောင်းနဲ့ချီပြီးကဲ့ရဲ့ပါစေ
ဂရုမစိုက်နဲ့ ချီးမွမ်းလို့လဲ ဂုဏ်မမြောက်နဲ့ ပညာရှိ တစ်ယောက်က အကြောင်းအကျိုးညွှန့်ပြကာ
အပြစ်ပြ ဆုံးမလာရင်တော့ လက်ခံရပါမယ်။ ပြုပြင်သင့်သည်များကို ပြုပြင်ရပါမယ်။ ဘာမဟုတ်
ညာမဟုတ် အနုတ်အစုတ်တွေ ပြောသမျှ နားဝင်ပြီး ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်း ပျက်နေရင်တော့
သူများပါးစပ်ဖျားမှာ လမ်းဆုံးသွားတတ်ပါတယ်။ အဲ့ဒါကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆထက်တိုးပြီး အများအကျိုးကို ဆောင်ရွက်ရပါမယ်။
သူများပြောတဲ့အတိုင်း လျှောက်လုပ်ကြတဲ့ ပုံပြင်ထဲက မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်လိုတော့
မဖြစ်စေနဲ့ပေါ့.....
တစ်ခါက သားအဖနှစ်ယောက်
မြင်းတစ်ကောင်ဝယ်ပြီး နှစ်ယောက်စလုံး မြင်းစီးပြီး ပျော်ပျော်ကြီး ရွာပြန်လာကြတယ်။
လမ်းရောက်တော့ တွေ့တဲ့လူတွေက ကဲ့ရဲ့ကြတယ်။ ဒီသားအဖ တော်တော် ကိုယ်ချင်းစာစိတ်မရှိကြတာပဲ။
မြင်းကိုတောင် မသနားကြဘူး။ ဘယ့်နှယ်ကွာ မြင်းလေးပေါ်မှာ နှစ်ယောက်ကြီးများတောင် စီးလိုက်လာကြတာ။
ဒီတော့ အဖေက . . . .ငါ့သားရေမင်းဆင်းတော့ကွာ၊ လူတွေက ဒို့သားအဖကို ပြောနေကြပြီကွ။ တို့သားအဖနှစ်ယောက်
တစ်ယောက်တစ်လှည့် စီးကြတာပေါ့ကွာလို့ပြော ပြီး သားကအောက်ကလျှောက် အဖေကမြင်းစီးလာကြတာပေါ့။
အဲလိုစီးလာရင်း လူတွေနဲ့တွေ့ကြပြန်တယ်။
အဲဒီလူတွေက မြင်းပေါ်ကဖခင်ကြီးကိုကြည့်ပြီး ကဲ့ရဲ့ကြ ပြန်တယ်။ တော်တော်ဖခင်စိတ်မရှိတဲ့သူပဲ။
သူကတော့ မြင်းပေါ်ကနေ လိုက်လာတယ်။ သားလေးကို တော့လမ်းလျှောက်ခိုင်းတယ်။ ငါ့သားရေပြောကြပြန်ပြီကွ။
ကဲသားက မြင်းပေါ်တက်ဖေဖေက လမ်းလျှောက်လိုက်ပါမယ်။
အဲလိုသွားကြရင်းနဲ့ နောက်လူတစ်စုနဲ့
တွေ့ကြပြန်တယ်။ အဲဒီလူတွေက မြင်းပေါ်ကသားကိုကြည့်ပြီး တော်တော်သုံးမကျတဲ့သားပဲ။ ဖအေကြီးကိုလမ်းလျှောက်ခိုင်းပြီး
သူကတော့အငြိမ့်သားနဲ့ မြင်းစီးလာ တယ်။ သားရေပြောကြပြန်ပြီ။ မြင်းပေါ်ကဆင်းလိုက်ကွာ။
နှစ်ယောက်စလုံး လမ်းလျှောက်ကြတာပေါ့။ မကြာခင်အုပ်စုတစ်စုနဲ့ တွေ့ကြပြန်တယ်။ တော်တော်အသုံးမကျတဲ့လူတွေပဲ။
မြင်းဝယ်လာပြီးမစီးဘဲ လမ်းလျှောက်လာတော့ မြင်းဝယ်တာ ငွေကုန်ရုံပဲပေါ့ ဘာအသုံးကျတော့မှာလဲတဲ့
. . . .
ဒီပုံပြင်လေးကပေးလိုက်တဲ့
သင်ခန်းစာကတော့ ဘယ်လိုနေနေ ဘယ်လိုလုပ်လုပ် အကဲ့ရဲ့ချီးမွမ်းတာက အရေးမကြီးလှပါဘူး။ ကိုယ့်လုပ်ရပ်မှန်ဖို့ပဲ
အရေးကြီးတယ်။ အလုပ်မလုပ်ပဲ နေရင်း ငပျင်းဆိုပြီး အကဲ့ရဲ့ ခံရမယ်၊ အလုပ်ကြိုးစားပြန်ရင်လဲ
လောဘကြီးတယ် လို့ အကဲ့ရဲ့ ခံရပါမယ့်၊ ဘယ်ဖက်မှ မလွတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကို
ဘာမှမသိ သူတွေရဲ့ကဲ့ရဲ့ ချီးမွမ်းတာကလည်း ဘာမှအရေးမကြီးဘူး။ ဘာမှမသိဘဲ အသိထင်ပြီး ကဲ့ရဲ့ကြ၊
ချီးမွမ်းနေကြတာ။ သိသူတွေရဲ့ ကဲ့ရဲ့တာချီးမွမ်းတာကိုတော့ အလေးထားသင့်တယ်။ ဆုကြီးလာဘ်
ကြီးပေးနေတာလို့ ထင်ပြီးကျေးဇူးတင်သင့်ပါတယ်။ ကိုယ်ကတဲ့ ဇာတ်၊ ကိုယ်လုပ်တဲ့ လုပ်ရပ်
မှန်ကန်ဖို့ပဲ လိုပါတယ်။ ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင် နေနိုင်ရပါမယ်။ ဘုရားရှင်
မရှိတော့လည်း ပညာရှိသူတော်ကောင်းတွေ မကဲ့ရဲ့အောင် နေထိုင် လုပ်ကိုင်နိုင်ရပါမယ်။ ချီးမွမ်း
ခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက်မို့ စိတ်ထဲမထား ဒေါသမပွားပဲ အမျိုးဘာသာ သာသနာအတွက် တိုင်းပြည်နဲ့
လူမျိုးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေ။
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုးကဲ့ရဲ့လဲ
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနင်လော့။.............။
မူကြိုကျောင်းသား
4.7.2014
No comments:
Post a Comment