အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားလို့
ဆိုလိုက်ရင် ရောက်ဖူးသူလည်း ရှိသလို မရောက်ဖူးသူများလဲ ရှိကြမည်။ လမ်းပန်းဆက်သွယ်ရေးကြောင့်
ရောက်ဖူးဖို့နေနေသာသာ မကြားဖူးသူက ပိုများမည်ထင်ပါသည်။
တစ်ချို့က အင်းတော်ကြီးကို တောင်ပေါ်ပင်လယ်လေးဟု တင်စားခေါ်ဝေါ်ကြသေးသည်။ အင်းတော်ကြီးအိုင်သည်
မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်း အကြီးဆုံးအင်းဖြစ်ပါသည်။ စာရေးသူသည် အင်းတော်ကြီးဒေသ ဟိုပင်မြို့တွင် မွေးဖွားခဲ့သည်
မှန်သော်လဲ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ အသက် ၂၀ ကျော်မှသာ ရောက်ဖူးခဲ့ပေသည်။
ဝေး၍လား ဆိုတော့လည်း မဟုတ်ပါ၊ ယခင်က အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင်
မနက်အစောကြီးထပြီးမှ ခြေလျင် သွားကြရပါသည်။ မနက် ၆ နာရီ စထွက်သွားလျှင် နေ့လည် ၁၂ နာရီမှ
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသို့ ရောက်ပါသည်။ အကွာအဝေးကာ ၁၀ မိုင်ကျော်ကျော်ခန့်သာ
ရှိမည်ထင်ပါသည်။
ယခင်က လမ်းမကောင်းသလို ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ မရှိ၍ သွားရလာရခက်ခဲပါသည်။
ကားတွေ ဆိုင်ကယ်တွ စက်ဘီးတွေရှိတော့ရော သွားလို့ ရသလားဆိုရင် ကားက ဆင်စီးပြီး၊ ဆိုင်ကယ်နဲ့
စက်ဘီးက လူစီးပါမည်။ ယခုရော ကောင်းသွားပြီလားဆိုတော့ ကောင်းသွားပြီလို့ပဲ ပြောရတော့မှာပေါ့။
ချောင်းတွေ့လျှင် တံတားတွေ့လျှင် လမ်းဆင်းလျှောက်ပေါ့။ အင်းတော်ကြီးဒေသကထွက်တဲ့ ကျောက်စိမ်းတွေနဲ့ပဲ
ကချင်ပြည်နယ်ကလမ်းတွေကို ကျောက်စိမ်းလမ်းခင်းလို့ ရလောက်အောင် ကျောက်စိမ်းတွေ ရွှေတွေမတရားထွက်ပေမယ့်
ယနေ့ချိန်ထိ ပြည်ထောင်စုလမ်းမကြီးပင်ဖြစ်လင့်ကစား ကတ္တရာလမ်း မခင်းနိုင်ခြင်းကား အဘယ်ကြောင့်ဟု
မတွေးတတ်တော့ပေ။
ကချင်ပြည်နယ်မှာ ဟိုပင်မြို့ဟေ့
ဆိုလိုက်တာနဲ့ ကျောက်သမားတော်တော်များများသိကြပေသည်၊ ဖားကန့်၊ တာမခံ၊ လုံးခင်း၊ ကားမိုင်း၊
ဆိုင်းတောင် စသည့်ရွှေမော် ကျောက်မော်များသို့ သွားလို့ရသည်ဟု သိထားကြသည်။ ဟိုပင်မြို့မှ
တစ်ဆင့်သွားရသည့် အင်းတော်ကြီးကန်ကြီးသည် မြန်မာနိုင်ငံ၏ သဘာဝအင်းကြီးဖြစ်၍ အလျား ၁၈
မိုင်၊ အနံ ၉ မိုင် ရှိပြီး အကျယ်အ၀န်းမှာ စတုရန်းမိုင် ၈၀ ရှိလေရာ အင်းကြီး၏ကမ်းခြေဖျားကိုပါ
ထည့်သွင်းရေတွက်ပါက ရေပြင်အကျယ် ၄၄.၉ စတုရန်းမိုင်ရှိပေသည်။
အင်းတော်ကြီးအိုင်၏ အလယ်ပိုင်း
ကျွန်းဆွယ်တခုဝယ် တန်ခိုးကြီးမားသော ရွှေမဉ္ဇူဘုရား ထင်ရှား တည်ရှိတော်မူ သောကြောင့်
ပြည်ထောင်စု မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ထင်ရှားသော အင်းကြီးတအင်းဖြစ်ပြီး
ပွဲတော်ရက်များတွင် ဘုရားဖူးများဖြင့် စည်ကား ထင်ရှားလှပေသည်။
အင်းတော်ကြီးအိုင်ကြီးသည် ၂၀၁၀ ခုနှစ်မှစ၍ လူလမ်းအပြင် နတ်လမ်းဟု ခေါ်သော လမ်းနှစ်သွယ်
ပေါ်နေခဲ့သည်ကို ထူးဆန်းစွာ တွေ့ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ပေါ်ထွန်းခြင်းမရှိသည်မှာ
ကြာမြင့်ပြီဖြစ်ပါသည်။ ယခုလို ထူခြားစွာပေါ်ထွန်းလာခြင်းမှာ ရာသီဥတုဖောက်ပြန်မှုကြောင့်
အင်းရေများ ခမ်းခြောက်ခြင်းကြောင့်ဖြစ်နိုင်သော်လည်း ထူးခြားသည်မှာ လူသွားလမ်းဖက်တွင်မူ
ထူး၍ ခမ်းခြောက်မှု မရှိသည်ကို တွေ့ရပါသည်။ မိုးရာသီရောက်၍ မိုများ သည်းထန်စွာ ရွာသွန်းနေသော်လည်း
ပျောက်ကွယ်သွားခြင်း မရှိသေးသည်ကို ထင်ရှားစွာ မြင်တွေနိုင်ပေသည်။
အင်းတော်ကြီးဒေသသည် သဘာဝ
ပတ်ဝန်းကျင်အလှတွေကို ချစ်မြတ်နိုးတတ်သူတွေ အတွက်နဲ့ စိတ်အေးလက်အေး အပန်းဖြေချင်သူတွေအတွက်
သာသာယာယာနဲ့ အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခုဖြစ်လို့ ညနေခင်းဆည်းဆာချိန်များတွင်
ဇင်ယော်ငှက်ကလေးများ၏ လေထဲပျံဝဲနေပုံလေးတွေက ပန်းချီကားတစ်ချပ် ကြည့်နေရသလို ကိုယ်တိုင်ပန်းချီရေးဆွဲနေသလို
စိတ်ကြည်နူးဖွယ် ကောင်းလှပါသည်။
အင်းတော်ကြီးသို့ အရောက်သွားပြီး
ရွှေမဉ္ဇူဘုရားဖူးဖို့ဆိုတာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းပန်းအခြေအနေအရ တကယ့်ကို မလွယ်ရေးချ
မလွယ်လှပါ။ ရထားဖြင့် သွားလိုသူများက မန္တလေး မြစ်ကြီးနား မီးရထားဖြင့် သွားနိုင်ပြီး
မှန်လုံ Express Car များဖြင့်လည်း သွားလာနိုင်ပါပြီ၊ လေယာဉ်ဖြင့်သွားလိုသူများအတွက်တော့
မြစ်ကြီးနားမှ ဟိုပင်မြို့သို့ ကားဖြင့်ဖြစ်စေ၊ ရထားဖြင့်ဖြစ်စေ ၅ နာရီခန့် သွားရပါမည်။
ဟိုပင်မြို့မှတစ်ဆင့် အင်းတော်ကြီးသို့ ကားဖြင့်သွားလျှင် အနည်းဆုံး ၃ နာရီခန့် ကြာမြင့်ပါမည်။ လမ်းခရီးဝေးကွာလှသလို ကြမ်းတမ်းလှသည့်အတွက်ကြောင့်
ဘုရားဖူးခရီးသွားများ နိုင်ငံခြားသားဧည့်သည်များကို ဘုရားဖူးရာသီမှလွှဲ၍ သိပ်မတွေ့ရပေ။
အင်းတော်ကြီးအိုင်တွင်
အင်းလေးကန်လို စက်လှေသံများ ဆူံညံစွာ မရှိခြင်း၊ အမြဲတမ်းကြည်လင်အေးမြနေသည့် ရေရှိခြင်း၊
ပတ်ဝန်းကျင် သဘာဝအလှပများဖြင့် တည်ငြိမ်အေးချမ်းသာယာကာ ထာဝရလှပနေခြင်းဖြင့် ထူးခြားချက်များစွာ
ရှိပါသည်။
အင်းတော်ကြီး၏ အံ့ဘွယ်
၉ မျိုး
(၁) အလျား ၁၈ မိုင်၊ အနံ
၉ မိုင်၊ ကျယ်ဝန်းခြင်း၊
(၂) အနောဒတ္ထအိုင်ကဲ့သို့
အလွန်အင်မတန် ရေသန့်ရှင်းနေခြင်း၊
(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း
အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးခြင်း၊
(၄) အင်းကြီးထဲတွင် မတော်တဆ
လူတို့ကျသေဆုံးရသော်လည်း အနာအဆာမရှိ ငါးကြီးများလည်း မစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပိုတ်ခတ်တင်ပေးခြင်း၊
(၅) အင်းနားတွင် ရွှေကျင်သော်
ရွှေများရရှိခြင်း၊
(၆) အမိုက်သရိုက်များကို
အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊
(၇) တစ်နှစ် သုံးကြိမ်ကျ
နန့်တိန်းချောင်းမှ အင်းထဲသို့ ရေပြောင်းပြန် ဆန်တက်ခြင်း၊
(၈) အချို့ချောင်းများကို
အင်းကြီးထဲသို့ သန့်ရှင်းစွာ စီးဝင်ခွင့် ပြုခြင်း၊
(၉) နှစ်စဉ်နှစ်တိုင်း
တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိ အင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ
(၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေးခတ်သဖြင့် ငါးများစွာသေခြင်း။
ဤသို့ဖြင့် အံ့ဘွယ် ၉ မျိုးရှိပေသည်။
ဤအင်းတော်ကြီး ဖြစ်ပေါ်မလာမီ
ရှေးနှစ်ပေါင်းများစွာက ဤအင်းတ်ာကြီး နေရာတွင် လူဦးရေကိုးသန်းရှိသော စည်းခမ်းမြို့တော်ကြီး
ဖြစ်ခဲ့ဘူးလေသည်၊ ကုရုရာဇ်တိုင်း ဥတ္တရဌာနီဖြစ်သော စည်းခမ်းမြို့တော်ကြီးကို အစိုးရတော်မူသော
မင်းကြီးကား ဥတ္တရစောဖြူမင်း ဖြစ်လေသည်။
ထိုစဉ်က ဥတ္တရဌာနီဖြစ်သော
စည်းခမ်းမြို့သို့ ဗုဒ္ဓမြတ်စွာ သာသနာတော် မသက်ရောက်သေးချေ၊ များစွာကုန်သော တိုင်းသူပြည်သား
များသည် ကုသိုလ်တရား အကုသိုလ်တရားနှင့် ထိုတရားတို့၏ အကျိုးဆိုသည်ကို လုံးဝကြားဘူးခြင်း
မရှိကြချေ။ ကုသိုလ်-အကုသိုလ်ကို ခွဲခြား၍ မသိတတ်ကြသည့် အားလျော်စွာ ကိုယ်ကျင့်တရား
များလည်း လွန်စွာပျက်ပြား ကြ၏ တဦးနှင့်တဦး ငဲ့ညှာထောက်ထားမှု မေတ္တာ ကရုဏာဆိုသည်မှာလည်း
လွန်စွာဝေးကွာလျက် လစ်လျှင်လစ်သလို သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့သားမယား
ပြစ်မှားခြင်း၊ သေရည် သေရက် သောက်စားခြင်း တို့ဖြင့် မှောင်ကြီးကျလျက် ရှိလေသည်။
၎င်းတို့၏ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊
မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိတို့သည်လည်း ၎င်းတို့နှင့်တူစွာ ယုတ်မာသော အကျိုးကို ပေးတတ်သည်၊
သို့ဖြစ်၍လူသေကို ဖုတ်သွင်းခြင်း၊ သူတပါးအားပြုစားခြင်း၊ အံ့ဖွယ်သရဲကို ဆောင်ခြင်းစသော
အောက် လမ်း(၀ါမတန္တရ) ၀ါဒများလွန်စွာ ထွန်းကား၍ အထူးသဖြင့် လူသားစင်စစ်က ကျားဖြစ်သည်ဆိုသော
ထမံသီ အတတ်များပြန့်ပွားလျက် ရှိလေသည်။
ဤသို့ ယုတ်မာသော ဒုစရိုက်
အတတ်ပညာများ ထွန်းကာ နေသောကြောင့်လည်း နောင်သောအခါ ထိုလူများကို နဂါးများက အင်းဖွဲ့၍
သတ်ပစ်ကြောင်း၊ အင်းတော်ကြီး သမိုင်းက ပြဆိုလေသည်။ (သိလိုက အင်းတော်ကြီးသမိုင်းစာအုပ်ရှာဖတ်ပါလေ)
အင်းရေပြင်ကျယ်ကြီးထဲမှာရှိနေတဲ့အချိန်
နေ၀င်ချိန် ရောက်လာတဲ့အခါမှာ ပတ်ပတ်လည်က တောင်တန်းကြီးတွေ စိမ်းညို့နေရာကနေ ရွှေရောင်၊
ရွှေရောင်ကနေ ခရမ်းရောင် ပြောင်းလဲသွားတာကို မြင်ကွင်း အနှောင့်အယှက်ကင်းကင်း နဲ့ ကြည့်ရှု့ခံစားလို့ရတာကတော့
ဘာနဲ့မှကို မလဲနိုင်ပါဘူး ဟု ရောက်ဖူးသူများက ဆိုကြပေသည်။
ဟိုအရင်တုန်းကတော့ ည ၆
နာရီကျော်တာနဲ့ ရွှေမဉ္ဇူဘုရား လျှပ်စစ်မီးရောင်များမှလွှဲ၍
မည်သည့်မီးအလင်းရောင်မျှ မတွေ့ရပေ။ ခေတ်တွေ စနစ်တွေပြောင်းလာတော့ အင်းတော်ကြီးဒေသတစ်လျှောက် လျှပ်စစ်မီးတွေ ထိန်ထိန်တောက်နိုင်ခဲ့ပါပြီ။
ဒေသခံတွေအဆိုအရတော့ ခရမ်းချင်သီးကို ဓာတ်မီးတိုင်မှာ ချိတ်ဆွဲထားတာပါ မောင်ရယ်၊ ကိုယ့်ခြေမကိုတောင်
ကောင်းကောင်းမမြင်ရပါဘူးတဲ့၊ လမ်းရောကောင်းသလားဆိုတော့ ကောင်းမကောင်းတော့ မသိဘူး ကားဆိုရင်
ဆင်နဲ့ဆွဲပြီး စက်ဘီးဆိုင်ကယ်က လူပြန်စီးတယ်တဲ့။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအခြေနေ
တည်ငြိမ်အေးချမ်းပါက ဘုရားဖူးရာသီဆိုလျှင်တော့ အင်းတော်ကြီးအိုင်တွင် ဘုရားဖူးများဖြင့်
စည်ကားလာခဲ့ပါပြီ။ ရောက်ဖူးသူများကတော့ အင်းတော်ကြီးဒေသကို
ဘယ်တော့မှ မမေ့နိုင်သည့် ဒေသတစ်ခုအဖြစ် နှလုံးသားထဲ မှတ်တိုင်စိုက်သွားသူ များကြပေသည်။
**တပေါင်းလပွဲတော်ခါ ရွှမဉ္စူသို့**
အင်းရေညို ရစ်ဝိုင်းလို့
တံတိုင်းက အပြာခံ
မားမတ်ပျော်စံ
ရွှေပေါင်းငယ်ရံ ကြယ်ခြံတဲ့လ၀န်း
ပုထိုးစေတီဂူတို့
ရွှေမဉ္စူ ကာရံကာ ညွတ်တယ်
လူလွတ်နတ်ကျွန်း။
မြူမင်းလွင် ကြွေလောင်းတဲ့
တပေါင်းလပွဲတော်ခါ
ကြွေးကြော်ခြိမ့်ညာ
သဲခုံကသာ ရေပြာကအေး
အမောပြေ တထောက်နားလို့
ဘုရားဆီ ရင်ပြင်ဆိုက်အောင်
လိုက်ခဲ့ပါ့လေး။
ကျွန်းလယ်ခေါင် သောင်ဦးက
ကြာဖူးထွဋ် သဲသောင်ခုံ
ခြည်းမီပြန်တုံ
လူမျိုးကစုံ ခိုလူံသည့်ပြည့်ကြမ်း
မောင်လဲသဒ္ဒါဝေ၍ မယ်လဲသဒ္ဒါဝေ၍
သည်အင်းမြေ ငွေသောင်ပြန့်မှာ
ဖူးအံ့မခန်း
စာရေးဆရာ ဗန်းမော် ညိုနွဲ့ကလဲ
ဤကဲ့သို့ စာဖွဲ့ထားခဲ့ပါတယ်။
အင်းတော်ကြီးဒေသမှ နွေးထွေးစွာ
ကြိုဆိုနေလျက်
မူကြိုကျောင်းသား
No comments:
Post a Comment