လောကကြီးတွင် ဖန်ဆင်းရှင်သုံးပါးရှိသည်။
ကံဉာဏ်ဝီရိယတို့ ဖြစ်သည်။ ကံဟူသည် အလုပ်ဖြစ် သည်။ ကံတွင်အတိတ်ကံနှင့် ပစ္စုပ္ပန်ကံဟူ၍
နှစ်မျိုးရှိပြန်သည်။ အတိတ်ကံသည် ပြောင်းလဲ၍မရပေ။ မိမိတို့ပြုခဲ့သည့် အတိတ်ကံအတိုင်းပင်
မိမိတို့ခံစား ခံစားရသည်။ ပစ္စုပ္ပန်ကံကိုတော့ ကောင်းအောင် လုပ်၍ အကောင်းပြုပြင်နိုင်ပေသည်။
တစ်ခါတစ်ရံတွင် အတိတ်ကံ၏အစွမ်းကို တစ်မျိုးတစ်ဖုံဖြစ်သွား ရန်လည်း ပစ္စုပ္ပန်ကံကပြောင်းလဲနိုင်စွမ်းသည်။
ထို့ကြောင့် လူတစ်ဦးသည်အရာရာတွင် အတိတ်ကံကို ချည်းအားကိုး၍မရပေ။
ကုသိုလ် အကုသိုလ်ဟူသည်
ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသကဲ့သို့ပင်။ မိမိအပြုများရာအတိုင်း မိမိ ရရှိမည်ဖြစ်ပေသည်။
အတိတ်ကံပါရမီ အလွန်ကောင်းသူပင်လျှင် ပစ္စုပ္ပန်ကံမကောင်းပါက ဘဝရေစုန် မျောရသည်ပင်။ မြတ်စွာဘုရားလက်ထက်တော်က
ရဟန္တာ အနာဂါမ်ဖြစ်နိုင်သော သူဌေးလင်မယား နှစ်ဦးသည်ပင် အတိတ်ကံအားများလှသော်လည်း ပစ္စုပ္ပန်ကံမွဲရသောကြောင့်
ခွက်စွဲကာတောင်းစားရ သောဘဝသို့ရောက်ခဲ့ရပေသည် မဟုတ်ပါလား။ အမှန်စင်စစ်တွင် ဉာဏ်နှင့်
ဝီရိယဟူသည် ပစ္စုပ္ပန်ကံ ပင်ဖြစ်ပေသည်။ မိမိ၏ဉာဏ်နှင့်ဝီရိယကို သုံးစွဲ၍ကောင်းမှုများဆောင်ရွက်ပါက
ပစ္စုပ္ပန်ကံကောင်း၍ အကျိုးများမည်ဖြစ်သည်။ မိမိတွင်ဉာဏ်မရှိသည့်အပြင် ဝီရိယလည်းနည်းပါက
အလင်းမှလာသော် လည်း အမှောင်သို့ပြန်ရပေမည်ဖြစ်သည်။
ဝီရိယချင်းတူလျှင် ဉာဏ်ရှိသူကသာသည်။
ဝီရိယကော ဉာဏ်ရှိတောကောတူလျှင် ကံရှိသူကသာ သည်ဟူ၍ ဆိုကြသည်။ ထို့ပြင်ကံဇာတ်ဆရာ၏ အရေးပါပုံကိုပြသော
‘ကံမရှိ ဉာဏ်ရှိတိုင်းမွဲ၊ ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး’
ဟူသောစကားများလည်းရှိရာ အတိတ်ကံ၏ အရေးပါပုံကိုလည်း သိနိုင်ပေသည်။ သို့သော် ပစ္စုပ္ပန်ကံသည်ပို၍
အရေးကြီးလှသည်ဖြစ်ရာ ယနေ့မိမိ လုပ်သောအလုပ်ကိုသာ ပို၍အလေးထားရမည်ဖြစ်သည်။
လောကုတ္တရာဘက်တွင်လည်း ဘုရား၊
ရဟန္တာများသည်ဉာဏ်နှင့် ဝီရိယများကိုသာ အားစိုက်၍ကြိုး စားခဲ့ကြခြင်းဖြစ်ပါသည်။ ထို့အတူ
လောကီဘက်တွင်လည်း ဉာဏ်နှင့်ဝီရိယကို ဦးဆောင်ဦးရွက်ပြု၍ ကြိုးစားပါက အောင်မြင်မည်ဖြစ်သည်။
အတိတ်ကံမည်မျှကောင်းသော်လည်း ပစ္စုပ္ပန်ကံဖြစ်သော ဉာဏ်နှင့်ဝီရိယတို့ လျော့နည်းနေပါက
စားရရုံသာမန်အနေအထားမှ တိုးတက်လာမည်မဟုတ်ပေ။ အတိတ်ကံလွန်စွာကောင်း၍ ဉာဏ်ဝီရိယ တအားစိုက်ထုတ်စရာမလိုဘဲ
အလွန်အောင်မြင်နေသူများ နှင့် အတိတ်ကံမလှပ၍ ပစ္စုပ္ပန်ကံလှအောင် ကြိုးစားနေရသော မိမိဘဝတို့တူချင်မှတူပေမည်ကိုလည်း
သိသင့်ပေသည်။
ရေစုန်အတိုင်းမျောနေနိုင်သော
ထိုသူတို့နှင့်မိမိမှာ မတူနိုင်ပေ။ အတိတ်ကံမွဲသော မိမိတို့ဘဝမှာ ရေဆန်ကိုလှော်ခတ်ရသော
ဘဝနှင့်တူပေသည်။ ထိုကြားထဲတွင်ပင် မုန်တိုင်းနှင့်လည်း ကြုံနိုင်သည်။ လေထန်၍ လှိုင်းကြမ်းကာ
အခက်အခဲများစွာနှင့်လည်း တွေ့နိုင်သည်။ သို့သော်ရေဆန်ကိုအန်တုရ မည်မှာ မိမိတို့တာဝန်ဖြစ်သည်။
နောက်ဆုံးတွင်တော့ ဝီရိယ၏အကျိုးအဖြစ် အောင်မြင်မှုကိုရရှိမည်မှာ မလွဲပေ။ ထို့ကြောင့်
လက်ရှိအခြေအနေကိုသာ အဓိကထား ကြိုးစားရမည်ဖြစ်သည်။
စာရေးသူတို့ငယ်စဉ်ကပင်
ကြားခဲ့ဖူးပါသည်။ ကိုယ်တိုင်လည်းပြောခဲ့ဖူးပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အချို့ကျောင်းသား၊
ကျောင်းသူများ စာကြိုးစားသည်ကိုမတွေ့ဘဲ လွယ်ကူစွာအောင်မြင် ကြ၍အချို့မှာ အအိပ်ပျက်ခံကာ
ပင်ပန်းခံကြိုးစားသော်လည်း ကျရှုံးရခြင်းများကိုပင်ဖြစ်သည်။ ‘သူက ကံကောင်းလိုက်တာ စာကျက်တာလည်းမတွေ့ဘဲ
အောင်သွားတယ်။ သူကတော့သနားပါတယ်။ ဉာဏ်လည်းမဆိုးပါဘူး။ စာလည်းကြိုးစားရက်နဲ့ ကျသွားရှာတယ်’
ဟူ၍ပင်။
စာရှုသူတို့လည်း မြင်ဖူးကြပေမည်။
အချို့မှာ မှန်းသလောက်တွက်ခြေမကိုက်ဘဲ အချို့မှာမထင်သလို ဖြစ်လာကြသည်။ ဉာဏ်ကောင်း၍
ဖြေပုံဖြေနည်းတတ်သောကြောင့်လား၊ ကံကောင်း၍ အမှတ်အလွန် ပေးသော ဆရာမနှင့်ကြုံခဲ့၍လား
မသိသော်လည်း၊ အောင်မြင်သူများကတော့ အောင်မြင်ခဲ့ကြပြီး ကျရှုံးသူများကတော့ ကျရှုံးခဲ့ကြပေသည်။
ကျဆုံးတိုင်း ဝမ်းနည်းစရာတော့ မဟုတ်ပေ။ ကျရှုံးတိုင်းပြန် မကြိုးစားခြင်းသည်သာ ရှက်ဖွယ်ဖြစ်ပါသည်။
စာရေးသူ ဤစာကိုရေးရခြင်းသည်
၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မအောင်မြင်ခဲ့၍ ဝမ်းနည်းနေခဲ့ကြသော ကျောင်းသား၊
ကျောင်းသူများအတွက်ဖြစ်ပါသည်။ မနှစ်ကစာမေးပွဲမအောင်ခဲ့ သောလူငယ်တစ်ဦးက စာရေးသူကိုလာပြောပါသည်။
“အစ်မရယ် ကျွန်တော်စာမေးပွဲတကယ်ဖြေနိုင်ခဲ့ပါတယ်။
အီကိုတစ်ဘာသာတောင် ဂုဏ်ထူးထွက်မယ် လို့မှန်းထားတာ။ အောင်စာရင်းမှာ ကျွန်တော့်နာမည်မပါတုန်းကဆို
သတ်သေချင်စိတ်တောင် ပေါက်မိ တယ်ဗျာ။ ခုတော့အမှတ်စာရင်းသွားထုတ်တော့ ကျွန်တော်ဖြေနိုင်ခဲ့ရဲ့သားနဲ့
အင်္ဂလိပ်စာနဲ့ကျတာ အစ်မရဲ့” ဟူ၏။
စာရေးသူလည်း “အေးပါ မောင်လေးရယ်။
သတ်သေချင်စိတ်တော့ မဖြစ်ပါနဲ့။ အနိုင်နဲ့အရှုံးဆိုတာ ဒွန်တွဲနေတာပါ။ မနှစ်ကအစ်မအသိ မိန်းကလေးလည်း
ခြောက်ဘာသာဂုဏ်ထူးထိ မှန်းထားပေမယ့် အောင်ရုံပဲအောင်ခဲ့တယ်လေ။ တစ်ခါတစ်လေမှာ မှန်းထားတာနဲ့
တွက်ခြေမကိုက်တာ ဖြစ်တတ်ပါ တယ်။ ပထမဆုံးသင်ခန်းစာလို့ မှတ်ပြီးနောင်နှစ်အတွက် ကြိုးစားပေါ့။
မောင်လေးက ဉာဏ်လည်းမ ဆိုးပါဘူး။ အတွေ့အကြုံလည်းရှိနေတာပဲ။ နည်းနည်းလေးဖိကြိုးစားလိုက်ရင်
အောင်မြင်မှာပါ။ လိုနေ တဲ့ဘာသာရပ်ကို ပိုကြိုးစား။ ဟုတ်ပြီလား” ဟူ၍ပင်အားပေးခဲ့ပါသည်။
ထိုကျောင်းသားက သူ့ထက်ညံ့သော
သူ့သူငယ်ချင်းက အောင်မြင်သွားပြီး သူကကျရှုံးသွား၍ လွန်စွာခံ စားရကြောင်းပါ ပြောနေသောကြောင့်
တစ်ဦးနှင့်တစ်ဦး ကံချင်းမတူကြပုံပါ စာရေးသူက ရှင်းပြခဲ့သေး သည်။ ကျရှုံးသွားသော ကျောင်းသားများအနေဖြင့်လည်း
အောင်သွားသော သူငယ်ချင်းများအပေါ် တွင်အားကျစိတ်သာ ဖြစ်စေချင်ပါသည်။ တစ်နှစ်တာကုန်ဆုံးခဲ့ရသော
အချိန်အတွက် နောင်နှစ်တွင် နှစ်ဆပြန်ရအောင် ကြိုးစားမည်ဟု ခံယူချက်ထားကာ နှစ်ဆမကပြန်ကြိုးစားလျှင်
မအောင်မြင်ရန် မရှိ ပေ။
ယခု ၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း
စာမေးပွဲတွင်လည်း စာရေးသူအသိ မောင်ငယ်တစ်ဦး အောင်မြင် သွားပါသည်။ စာမေးပွဲကို နှစ်နှစ်ဆက်တိုက်ရှုံး၍
ယခုသုံးနှစ်ပြန်ဖြေခြင်းတွင် အောင်မြင်ခဲ့ခြင်းဖြစ် သည်။ သူကအောင်စာရင်းမထွက်ခင်ကပင်
စာရေးသူကိုပြောပါသည်။ ဒီနှစ်မအောင်သေးလျှင် အောင် သည်အထိ ဆက်ဖြေပါမည်ဟူ၏။ ကြိုးစားပါ။
ဆုတောင်းပေးပါမည်ဟူ၍လည်း စာရေးသူက ပြောခဲ့ သေးသည်။ မည်သို့ဆိုစေ။ ကျရှုံးတိုင်းပြန်လည်ထမည်ဟု
ခံယူထားသူများကို စာရေးသူကအားပေးပါ သည်။ ဖြစ်သင့်သော ကိစ္စပင်မဟုတ်ပါလား။ စာရေးသူအသိ
အစ်မတစ်ဦးဆိုလျှင်လည်း ငါးနှစ်ဆက် တိုက်ဖြေမှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။
မဆုတ်မနစ်သော ကြိုးစားမှုဟုပင်
ဆိုရပေမည်။ အချို့ကျောင်းသား၊ ကျောင်းသူများသည် စာကြိုးစား သော်လည်း မအောင်မြင်ဖြစ်နေကြခြင်းဖြစ်သည်။
ထိုသူတို့သည် ဝီရိယတော့မလျှော့ပေ။
ထို့ကြောင့်လည်း တစ်ချိန်တွင်
တက္ကသိုလ်ဝင်တန်းဟူသော တံတိုင်းကို ဝီရိယအကျိုးဖြင့် ကျော်လွှား နိုင်ကာ အောင်မြင်ကြခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၃-၂၀၁၄
ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကြိုးစားခဲ့သော်လည်း မျက်နှာပန်း မလှကျရှုံးခဲ့သော
ကျောင်းသား၊ ကျောင်းသူများသည် အတိတ်ကံကြောင့် အတားအဆီးဖြစ်ခဲ့သည်ဟူ ၍ယူဆကာ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို
ရအောင်ကျော်ဖြတ်မည်ဟူသော စိတ်မွေးရပေ မည်။ ထို့အပြင်မုန်တိုင်းတိုက်ပြီးပါက လေပြေပြန်လာဦးမည်ဟုခံယူကာ
အောင်မြင်မှုကို ကြိုဆိုရပေ မည်။ ယမန်နှစ်ကထက် ဉာဏ်နှင့်ဝီရိယကိုစိုက်ထုတ်ကာ ပစ္စုပ္ပန်ကောင်းကံများကိုပြုလုပ်၍
ကောင်း ကျိုးများကို ရယူရပေမည်။
လဲကျခြင်း၊ ကျရှုံးခြင်းဟူသည်
လူတိုင်ြးံကုံကြရသောအရာဖြစ်သောကြောင့် ရှက်စရာမဟုတ်ပေ။ စိတ် ဓာတ်ကျစရာလည်း မဟုတ်ပေ။
လဲကျခြင်း ကျရှုံးခြင်းမှ သင်ခန်းစာမယူဘဲ ပြန်လည်မကြိုးစားမှ သာလျှင် ရှက်စရာဖြစ်သည်။
အထင်သေးစရာဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ်မှ အအောင်မြင်ဆုံးသော
ပုဂ္ဂိုလ်ကြီးများသည် လဲကျမှုအကြိမ်ကြိမ်မှ အခါခါပြန်ထပြန် ကြိုးစားခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် ကျရှုံးခဲ့သည်များအတွက် အားမငယ်ပါနှင့်။ ဝီရိယနှင့် ကြိုး စားပါ။ ဉာဏ်နှင့်ယှဉ်ကာဆောင်ရွက်ပါ။
မနှစ်က အနာမှဒီနှစ်အသာဖြစ်အောင် ယခုနှစ်ကတည်းက ကြိုးစားပါ။
အောင်မြင်မှုသည် မဝေးပါဟူ၍
မောင်ညီမငယ်တို့အား စိတ်တက်ကြွရန်အလို့ငှာ ဤစာကိုဆန္ဒပြု ရေး သားလိုက်ပါသည်။ ။
Written by ဆုမြတ်မြင့်မိုရ်
(မေတ္တာပန်းကလေး)
ကြေးမုံသတင်းစာ
ဇူလိုင် (၁၇) ရက်၊ ၂၀၁၄
ခုနှစ်
No comments:
Post a Comment