မြန်မာစာသည်ဒို့စာ
မြန်မာစာပေသမိုင်းကြောင်းကို
ပြန်လည်စေ့ငုပါက ပုဂံခေတ်ကစတင်၍ ဗိသုကာ၊ ပန်း ၁ဝ မျိုး၊ နံရံဆေးရေး ပန်းချီတို့နှင့်အတူ
''မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်'' အစချီကဗျာများနှင့် ကျောက်စာ အရေးအသားများပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ရာ မြန်မာစာပေသည် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် စာပေဖြစ်ပါ၏။
ပြည်တွင်းပြည်ပ သုတေသနပညာရှင်များ၏
စမ်းသပ်တွေ့ရှိချက်များအရ မြန်မာနိုင်ငံအတွင်းရှိ ပုံတောင်ပုံညာဒေသတွင် တွေ့ရှိရသော
လူ့လက်ဖျံရိုး၊ လူ့မေးရိုးဟု သိသာနိုင်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်းမှာ နှစ်သန်း
၎ဝ ရှိပြီဟု တညီတညွတ်တည်း အဖြေထုတ်ခဲ့ကြသည်ဟုဆိုလေရာ ထိုအတိုင်းဆိုလျှင် ''ကမ္ဘာ့လူသားအစ
မြန်မာက''ဟုပင် ဂုဏ်ယူဝင့်ကြွား ရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာဟူသည်က ကိုယ့် လူမျိုးနှင့်ကိုယ်
ရပ်တည်ခဲ့ကြသူများဖြစ်ပါ၏။
ထို့ကြောင့် မြန်မာဟူသည်
ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ ထုံးတမ်းစဉ်လာနှင့်
ခိုင်မာစွာရပ်တည်ခဲ့သည့် မြင့်မြတ်သော အစဉ်အလာရှိသူများဖြစ်ကြပါသည်။
လွတ်လပ်ရေးအတွက် ကလောင်လက်နက်
ထိုသို့နှစ်ပေါင်းထောင်ချီ၍
ဖြစ်တည်လာခဲ့သည့် မြန်မာစာပေကို ရေးသားခဲ့ကြသော စာပေပညာရှင်ကြီး များသည် ပြည်သူ ပြည်သားတို့၏
အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတအဖြာဖြာတို့ကို ဖြန့်ဝေပေးစွမ်းနိုင်ရုံမျှ သာမကဘဲ သမိုင်းတစ်ခေတ်
ဆိုးညစ်ခဲ့ရချိန်တွင် ကျွန်သပေါက်ဘဝမှ လွတ်မြောက်အောင် စွမ်းဆောင်ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊
ဖက်ဆစ်လွတ်မြောက်ရေး တိုက်ပွဲများ၌ ရရာလက်နက်ကိုကိုင်စွဲ၍ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်
နိုင်ငံနှင့်အဝှမ်း တော်လှန်ခဲ့စဉ်က ကလောင်လက်နက်ကိုကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည့်
အမျိုးသားရေးတာဝန်ကျေပွန်ခဲ့ကြ သူများဖြစ်ကြပါသည်။
စာဆိုပွဲတော် လနတ်တော်
၁၃ဝ၆ ခုနှစ် ဂျပန်ခေတ်အတွင်း
ထိုစဉ်က မြန်မာနိုင်ငံစာရေးဆရာအသင်း အမှုဆောင်အဖွဲ့ဝင်များနှင့် စာပေဆိုင်ရာ ဝါရင့်ပညာရှင်ကြီးများ၏
ဆွေးနွေးညှိနှိုင်းမှုများအရ နတ်တော်လဆန်း ၁ ရက်ကို စာဆိုတော်နေ့ အဖြစ် စတင်သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးယခင် မင်းများလက်ထက်က
နတ်တော်လရာသီသည် နတ်ပူဇော်ပွဲသဘင်များ ကျင်းပလေ့ရှိခဲ့ကြရာ ယခုအခါတွင်မူ စာဆိုတော်နေ့အဖြစ်
သတ်မှတ်၍ သက်ကြီးဝါကြီးပညာဉာဏ်ကြီးသည့် ဝါရင့်စာပေပညာ ရှင်ကြီးများကို ပူဇော်ကန်တော့ခြင်းဖြင့်
ဆောင်ရွက်ခဲ့ ကြပါသည်။
မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင်
နဝမမြောက်လ၊ ဟေမန္တဆောင်းကာလဖြစ်ပြီး နေချင်စဖွယ် ခြေခင်းလက်ခင်းသာသော အခါသမယချိန်တွင်
စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေပညာရှင်သက်ကြီး ဝါကြီးများကို ပူဇော်ကန်တော့ခြင်း၊
စာပေဆုနှင်းသဘင်များ ချီးမြှင့်ခြင်း၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲအစရှိသည့်
စာပေဆိုင်ရာ ပြပွဲပြိုင်ပွဲများ ကျင်းပခြင်းတို့ကို နိုင်ငံနှင့်အဝှမ်းပြုလုပ်ခဲ့ကြပါသည်။
ကမ္ဘာမှာ မြန်မာတွင်သာရှိသည့်
အစဉ်အလာ
''စာရေးဆရာတွေကို ဒီလိုကန်တော့တာ
ကမ္ဘာမှာ မြန်မာတစ်နိုင်ငံပဲရှိတယ်။ အခုလို ကန်တော့တာ ဂုဏ်ယူ စရာလည်းကောင်းတယ်။ ဝမ်းလည်းဝမ်းသာတယ်။
ကြည်နူးစရာလည်းကောင်းတယ်'' ဟု အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီး မင်းယုဝေက ယခုနှစ်
နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့တွင် ကျင်းပ သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ၌
နှစ်ထောင်းအားရစွာ ပြောကြားခဲ့ပါသည်။
မှန်ပါသည်။ ထိုသို့ပူဇော်ကန်တော့သည့်
အစဉ်အလာကို စာပေလုပ်သားအဖွဲ့က ၁၉၈ဝ ပြည့်နှစ်ကပင် စတင်၍ ဆောင်ရွက်ခဲ့ရာ ယခင်က ဒေသအဆင့်သာ
စုစည်းနိုင်ခဲ့ရာမှ ၁၉၉၆ ခုနှစ်တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာအထိ လုပ်ဆောင်လာနိုင်ခဲ့ရာ
ယနေ့တိုင် ဖြစ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်းက
နှစ်စဉ်မပျက် ကြီးမှူးပြုလုပ်သော သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ ပွဲ၌ ယခုနှစ်တွင်
အသက်(၈ဝ)နှစ်အထက် စာပေပညာရှင်ကြီး ၁၈ဝ ကို ကန်တော့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။
မင်္ဂလာဆင့်ထပ်
ယခုနှစ်စာဆိုတော်နေ့၏ ထူးခြားချက်မှာ
မြန်မာနိုင်ငံစာရေးဆရာအသင်းအပြင် ၂ဝ၁၂ ခုနှစ်မှစတင်၍ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သော
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းမှ ပထမဆုံးအကြိမ် သက်ကြီးသတင်းစာ ပညာရှင်များ ပူဇော်ကန်တော့ပွဲကို
ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အသင်းဖြစ်တည်မှု နှစ်နှစ်တာ တိုတောင်းသော ကာလအတွင်းမှာပင်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၇၅)နှစ်အထက် သတင်းစာပညာရှင် ၅၇ ဦးကို ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း
သိရှိရပါသည်။
စာပေဆိုင်ရာ အဖွဲ့အစည်းများ၏
သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲအပါအဝင် နိုင်ငံတော်အဆင့်
တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များ၏ စေတနာ
အလျောက် သဒ္ဓါပေါက်လှူဒါန်းမှုများကလည်း ကြည်နူးဝမ်းမြောက်ဖွယ်ဖြစ်သလို ပေးပို့လာသော
သဝဏ်လွှာများကလည်း သက်ဆိုင်ရာလောကသားများအတွက် အားဆေးပမာ အရေးပါလှသည်ဟု ထင်မြင်မိပါသည်။
ဝါရင့်စာပေပညာရှင်၊ သတင်းစာပညာရှင်ကြီးများ
အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် တိုင်းကျိုးပြည်ပြု စာပေများ ဆက်လက်ရေးသားရင်း မျိုးဆက်သစ်စာပေ
ပညာရှင်များကို လက်တွဲခေါ်ယူနိုင်ပါစေကြောင်း ဆန္ဒပြု မိပါသည်။
မင်္ဂလာစင်မြင့်ပေါ်က စာပေဆုများ
စာဆိုတော်ရာသီ၏ အထိမ်းအမှတ်လက္ခဏာတစ်ခု
အဖြစ်ထင်ရှားသည့် အခမ်းအနားမှာ နိုင်ငံတော်အဆင့် ချီးမြှင့်သည့် အမျိုးသားစာပေဆုနှင်းသဘင်ပင်
ဖြစ်ပါသည်။ အမျိုးသားစာပေဆုသည် မြန်မာနိုင်ငံ၏ လွတ်လပ် ရေးသမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည်ဟုပင်
မှတ်ယူရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပြုတိုက်တွန်းချက်အရ ၁၉၄၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံ
ဘာသာပြန်စာပေအသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အဆိုပါအသင်း၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့်
''မြန်မာစာပေနှင့် မြန်မာ့အနုပညာရပ်များ စူးစမ်းရှာဖွေမှုကို အားပေးရန်''အတွက် ၁၉၄၈
ခုနှစ်မှစတင်၍ စာပေ ဗိမာန်ကာလပေါ်ဝတ္ထုဆုအမည်ဖြင့်ချီးမြှင့်ခဲ့ရာ အမျိုးသား စာပေဆု၏
အဦးအစပင်ဖြစ်ပါသည်။
၁၉၆၅ ခုနှစ်တွင် အမျိုးသားစာပေဆုဟု
အမည်ပြောင်းလဲခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင်မူ ပုံနှိပ်ပြီး စာအုပ်များကို အမျိုးသားစာပေဆုအဖြစ်လည်းကောင်း၊
ပုံမနှိပ်ရသေးသည့် စာမူအဆင့်များကို စာပေဗိမာန်စာမူဆုဟူ၍ လည်းကောင်း ခွဲခြားဆောင်ရွက်ခဲ့ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ခြင်းမပြုရသေးသည့် စာပေပညာရှင်များ၏ စာကောင်းပေမွန်များကို
စာအုပ်အဖြစ် ပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာပေဗိမာန်စာမူဆုအဖြစ် သတ်မှတ်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု
ခေတ်အဆက်ဆက်တွင် စာပေဆုဘာသာရပ်များကို
တိုးမြှင့်သတ်မှတ်ပေးခဲ့ရာ ယခုအခါ အမျိုးသားစာပေဆု တွင် ဘာသာရပ် ၁၆ မျိုးဖြစ်ပြီးယင်းတို့မှာ
ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ စာပဒေသာ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ၊
ကလေးစာပေ၊ လူငယ်စာပေ၊ ဘာသာပြန်(သုတ)၊ ဘာသာပြန်(ရသ)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ(ရိုးရိုးသိပံ္ပ)၊
သုတပဒေသာ (အသုံးချ သိပံ္ပ)၊ ပြဇာတ်၊ နိုင်ငံရေး၊ အင်္ဂလိပ်ဘာသာ(သုတ)၊ အင်္ဂလိပ်ဘာသာ (ရသ)တို့ဖြစ်ပါသည်။
စာပေဗိမာန်စာမူဆုကိုလည်း
အမျိုးသားစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ်များအနက်မှ ဘာသာပြန် စာပေတွင်သုတနှင့် ရသတွဲ၍လည်းကောင်း၊
အင်္ဂလိပ်စာတွင် သုတနှင့် ရသတွဲ၍လည်းကောင်း၊ သုတပဒေသာတွင် သိပံ္ပနှင့် အသုံးချသိပံ္ပတွဲ၍လည်းကောင်း
စုစုပေါင်း ၁၃ မျိုးသတ်မှတ်ပေးခဲ့ပါသည်။ ထို့အပြင် အမျိုးသားစာပေဆုကို အကောင်းဆုံးတစ်အုပ်တည်းသာ
ချီးမြှင့်သော်လည်း စာပေဗိမာန်ဆုတွင်မူ ဘာသာပြန်နှင့် အင်္ဂလိပ်စာမူတို့မှအပ ကျန်ဘာသာရပ်
၁၁ မျိုးကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ ချီးမြှင့်ပေးခဲ့ပါသည်။
အမျိုးသားစာပေ တစ်သက်တာဆုရှင်များ
ထို့အပြင် ၂ဝဝ၁ ခုနှစ်မှစ၍
ဘဝတစ်သက်တာတစ်လျှောက် စာပေပညာဖြင့် အများအကျိုးကို သယ်ပိုး ရွက်ဆောင်ခဲ့သည့် စာကောင်းပေမွန်များကို
ရေးသားပြုစုနိုင်ခဲ့သည့် လူအများက ရိုသေလေးစားလောက်သော စာရေးဆရာ၏ ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့်
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်နေသည့်
သက်ကြီးဝါကြီးစာပေပညာ ရှင်များအနက်မှ တစ်ဦးကို အမျိုးသားစာပေတစ်သက်တာ ဆုရှင်အဖြစ်
ရွေးချယ်ချီးမြှောက်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်မှ စ၍ သုံးဦးအထိ ရွေးချယ်ခဲ့ရာ ယခုအခါ တစ်သက်တာ
စာပေပညာရှင် ၁၇ ဦး ပေါ်ထွန်းခဲ့ပြီးဖြစ်ပြီး ယင်းတို့ အနက်မှ ငါးဦးမှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။
နှစ်အလိုက်ရရှိခဲ့ကြသော
အမျိုးသားစာပေ တစ်သက်တာဆုရှင်များကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဖော်ပြရလျှင် ဆရာကြီး
စည်သူဦးလှကြိုင်(ပါရဂူ) (ကွယ်လွန်) (၂ဝဝ၁)၊ ဆရာကြီးစည်သူဦးထင်ဖတ်(မောင် ထင်) (ကွယ်လွန်)
(၂ဝဝ၂)၊ ဆရာကြီးစည်သူဦးဌေးမောင် (ဌေးမောင်) (၂ဝဝ၃)၊ ဆရာကြီးစည်သူဦးလေးမြိုင် (လေးမြိုင်)(၂ဝဝ၄)၊
ဆရာမကြီး စည်သူဒေါ်ရင်ရင် (စောမုံညင်း) (ကွယ်လွန်)(၂ဝဝ၅)၊ ဆရာမကြီး စည်သူ ဒေါ်ကြန်(မကြန်)
(၂ဝဝ၆)၊ ဆရာကြီးစည်သူဦးကြည်အေး (ဆင်ဖြူကျွန်းအောင်သိန်း) (၂ဝဝ၇)၊ ဆရာကြီး စည်သူ ဒေါက်တာကျော်စိန်
(ဒေါက်တာကျော်စိန်)(ကွယ်လွန်) (၂ဝဝ၈)၊ ဆရာကြီးစည်သူဒေါက်တာ ခင်မောင်ညွန့် (ဒေါက်တာခင်မောင်ညွန့်)(၂ဝဝ၉)၊
ဆရာကြီး စည်သူ ဒေါက်တာသော်ကောင်း (ဒေါက်တာသော်ကောင်း) (၂ဝ၁ဝ)၊ ဆရာကြီးဦးဝင်းမောင်
(မင်းယုဝေ)(၂ဝ၁၁)၊ ဆရာမကြီးဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း(အောင်သင်း)
(ကွယ်လွန်)နှင့် ဆရာကြီး ဦးတင်မောင်(သိပံ္ပမှူးတင်) (၂ဝ၁၂)၊ ဆရာကြီး ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊
ဆရာကြီးစည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နှင့် ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)
(၂ဝ၁၃)တို့ဖြစ်ကြပါသည်။
တိုးမြင့်လာသည့် ဆုချီးမြှင့်ငွေများ
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်
စာပေပညာရှင်များကို အလေးထားသည့်အနေဖြင့် စာပေဆုချီးမြှင့်ငွေ များကို ခေတ်အခြေအနေပေါ်မူတည်၍
တိုးမြှင့်ပေးခဲ့ပါသည်။ ယခုအစိုးရလက်ထက်တွင်လည်း နှစ်စဉ်တိုးမြှင့် လာခဲ့ရာ ယခင်အစိုးရလက်ထက်
တစ်သက်တာစာပေဆုကို ငွေကျပ် ခြောက်သိန်းချီးမြှင့်ခဲ့ရာမှ ကျပ် ၂၅ သိန်းအထိ လည်းကောင်း၊
အမျိုးသားစာပေဆုကို ကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှကျပ် ၁၅ သိန်းအထိလည်းကောင်း၊ စာပေဗိမာန်စာမူ
ဆုများကို ပထမဆု ငွေကျပ် ၁၅ဝဝဝဝ၊ ဒုတိယဆု ကျပ် တစ်သိန်း၊ တတိယဆု ကျပ် ၇၅ဝဝဝ ချီးမြှင့်ခဲ့ရာမှ
ပထမ ဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ် ငါးသိန်း၊ တတိယဆု ကျပ် သုံးသိန်းအထိလည်းကောင်း
ချီးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ အလားတူ ဆုတံဆိပ်များကိုလည်း အမြတ်တနိုး ရေရှည်ထားရှိနိုင်ရန်ရည်ရွယ်၍
ခံ့ညားသေသပ်စွာ ပြုလုပ် ပေးထားကြောင်း တွေ့ရှိရပါသည်။
ယခု ၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ
ဆုရှင် သုံးဦး၊ အမျိုးသားစာပေဆုရှင် ၁၃ဦး၊ စာပေ ဗိမာန်စာမူဆု ပထမဆု ၁ဝ ဦး၊ ဒုတိယဆု
ရှစ်ဦး၊ တတိယ ဆု ခြောက်ဦးတို့ချီးမြှင့်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆုနှင်းသဘင်အခမ်းအနားကို
နိုင်ငံတော်ဒုတိယသမ္မတကိုယ်တိုင်တက်ရောက်ချီးမြှင့်ပြီး စာပေပညာရှင်များ စုံစုံ ညီညီတက်ရောက်နိုင်သည့်
ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ခမ်းနားစွာ ကျင်းပနိုင်ခဲ့ခြင်းမှာလည်း ဂုဏ်ယူဖွယ်
အစဉ်အလာကောင်းတစ်ရပ်ပင်ဖြစ်ပါသည်။
မြန်မာကို ကမ္ဘာကအသိအမှတ်ပြုရလေအောင်
ယနေ့အချိန်သည် မြန်မာနိုင်ငံအနေဖြင့်
ဒီမိုကရေစီ စနစ်ကိုပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် အသွင် ကူးပြောင်းနေဆဲကာလဖြစ်ပြီး
ပြုပြင်ပြောင်းလဲမှု အရပ်အရပ်အပေါ် နိုင်ငံတကာက စိတ်ဝင်စားနေချိန် ဖြစ်ပါသည်။ ထို့အပြင်
ပထမဆုံးသော အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ကျေပွန်စွာ၊ အားမာန်တက်ကြွစွာ ဆောင်ရွက်နိုင်ခဲ့မှုအပေါ်
နိုင်ငံတကာက မှတ်မှတ်ထင်ထင်ဂရုပြုမိနေသည့်ကာလလည်း ဖြစ်ပါသည်။
သို့ဖြစ်လေရာ မြန်မာ့စာပေအစွမ်းဖြင့်
ကမ္ဘာ့စာပေ ရေစီးကြောင်းတွင် စီးမျောနိုင်စေရန်မှာမူ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊
အမျိုးဘာသာ သာသနာ မြင့်မြတ်သည့် အစဉ်အလာများ၊ ကိုယ်ပိုင်ဟန်ဖြင့် ဖြစ်တည်လာခဲ့သည့်
မြန်မာ့ရိုးရာအမွေအနှစ်များကို နိုင်ငံတကာက သိရှိစေရန်လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်၍
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာ့ပုံရိပ်များကို ထင်ဟပ်စေမည့် စာအုပ်စာစောင်များ
ပိုမိုထွက်ပေါ်စေရေးနှင့် နိုင်ငံတကာစာပေနယ်သို့ ထိုးဖောက်နိုင်ရေးတို့မှာ အထူးအရေးကြီးလှပါသည်။
ယခု ဆုနှင်းသဘင်အခမ်းအနားတွင်လည်း
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ''ဆရာကြီး ဆရာမကြီးများ ရေးသားပြုစုလိုက်သည့် စာပေများသည်
ကမ္ဘာ့အဆင့်ဘာသာပြန်စာပေများအဖြစ် ပေါ်ပေါက်လာသည်အထိ ဦးတည်ရေးသားကြစေလိုပါကြောင်း၊ နိုင်ငံ
တော်ကပေးသည့် စာပေဆုများအပြင် နိုင်ငံတကာကပေးသည့် စာပေဆုများကို ဆွတ်ခူးနိုင်သည်အထိလည်း
ရည်မှန်းချက်ထားရေးသားကြစေလိုပါကြောင်း၊ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်သည့်
အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ်ပေးသည့် Pulitzer Prize ဆုသုံးခုအနက် စာပေဆုတစ်ဆုလည်း
ပါသည်ဟုသိရ ပါကြောင်း၊ ထို့အတူပင် နာမည်ကျော်လှသည့် နိုဘယ်လ်ဆု ခြောက်ဆုထဲတွင်လည်း
စာပေဆုတစ်ဆု ပါဝင်ပါ ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာအဆင့်ချီးမြှင့်သည့် စာပေဆုများကိုပါ
မိမိတို့နိုင်ငံမှ စာဆိုတော်ကြီးများက ဆွတ်ခူး ရရှိနိုင်မည်ဆိုလျှင် မိမိတို့နိုင်ငံသည်
သိက္ခာရှိရှိနှင့် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်ပါကြောင်း'' အလေးအနက်ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်မှချီးမြှင့်သည့်
အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများအပြင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ
ဆောင်ရွက်လျက်ရှိကြသည့် ပခုက္ကူစာပေဆု၊ ဆရာဝန်တင်ရွှေစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊
သုတစွယ်စုံစာပေဆု၊ ရွှေအမြုတေစာပေဆုစသည့် ပုဂ္ဂလိကစာပေဆုများကလည်း နိုင်ငံတကာစာပေနယ်ကိုရည်မှန်း၍
ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုပါသည်။
လူထုအကျိုးရှိမည့်စာပေ
စာရေးဆရာကြီး လူထုဦးလှက''တိုးတက်လာသော
စာရေးဆရာများအနေနှင့်ကား (၁)ငါဘာမြင်သလဲ၊ (၂) အမှန်အတိုင်း ငါမြင်သလား၊ (၃) ဤအကြောင်းတရားကိုရေးလျှင်
ပြည်သူလူထုအတွက် အကျိုးရှိမလားဆိုသည့် အမေးသုံးရပ်ကို အထူးသတိချပ်ကြရမည်ဟု ကျွန်တော်ယူဆသည်။
ဤအချက်သုံးချက်ကို လက်ကိုင်ထားပြီး သတိရှိရှိနှင့် မိမိရေးသားမည့် အကြောင်းအရာကို သုံးသပ်ဝေဖန်မည်ဆိုလျှင်
စာရေးဆရာတစ်ဦး၊ စာပေပညာရှင်တစ်ယောက် ဖောက်ဖောက်ပြန်ပြန်၊ မှားမှား ယွင်းယွင်းစာပေများကို
ရေးသားမိတော့မည်မဟုတ်ဟု ကျွန်တော်ယူဆသည်''ဟု ရေးသားခဲ့ဖူးပါသည်။ စာရေး ဆရာ၏တာဝန်ကား
ကြီးမားမွန်မြတ်လွန်းလေစွ။
အစဉ်အလာမပျက် ဆက်ခံထိန်းသိမ်း
စာဆိုတော်တို့၏ နတ်တော်လရာသီချိန်ခါသည်
စာပေ၏ကြီးမြတ်သောဂုဏ်၊ မြင့်မြတ်သော အစဉ်အလာ များကို ဖော်ကျူးသည့် အခါသမယဖြစ်ပါသည်။
ထိုကဲ့သို့သော နေ့ထူးနေ့မြတ်ကာလတွင် စတုတ္ထမဏ္ဍိုင်အဖြစ် အလေးအမြတ်ပြုရသည့် စာရေးဆရာကြီးများ၊
သတင်းစာဆရာကြီးများနှင့် စာနယ်ဇင်းမီဒီယာအသီးသီးမှ ပညာရှင်များအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ
စောင့်ထိန်းကျင့်ကြံရင်း မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာပေ၏မြင့်မြတ်သည့် အစဉ်အလာကောင်းများကို
နိုင်ငံတကာမျက်နှာစာဝယ် ဝင့်ထည်ခိုင်မတ်စွာရပ်တည် နိုင်ရေးအတွက် ဆတက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း
ဆန္ဒပြုလိုက်ရပါသည်။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှု
အဓွန့်ရှည်တည်တံ့ ပါစေသတည်း။ ။
by ဝေယံမောင်
ကြေးမုံသတင်းစာ
No comments:
Post a Comment