“နှင်းရည်စိုရွှဲ တပို့တွဲ”ဟူသော
လရာသီသို့ရောက်ခဲ့ပေပြီ။ တပို့တွဲလ သည် ဆောင်းရာသီ၏ နောက်ဆုံးလ ဖြစ်သည်။ မြူနှင်းမှုန်များကြားမှ
ချမ်းအေးခြင်း ဟူသောရသကို ခံစားရသည့် လတစ်လဖြစ်သလို ချမ်းအေးခြင်း ကြားမှ ပျော်ရွှင်ကြည်နူးမှုကို
ခံစားရသောလတစ်လလည်း ဖြစ်ပါသည်။
“ရွှေယုဂန်နန်းညိုမြက၊ စန်းစိုခလျှံလူ၊
ချမ်းဆိုမျှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူးရွှေလက်ကင်သည်၊ ရေစက်တွင်အေးတဲ့သည်လ”ဟု
ဦးကြော့ က ရေးဖွဲ့ခဲ့သည်။ တပို့တွဲလ၏ အချမ်းဒဏ်ကား အံ့ဩဖွယ်ပင် ဖြစ်သည်။ သုံးလောကထွတ်ထား
မြတ်စွာဘုရားရှင်ပင်လျှင် တပို့တွဲလ ဆီးနှင်းများပြင်းစွာ ကျသဖြင့် ဓာတ်ကြီး လေးပါး
မျှတစေခြင်းငှာ မီးအိုးကင်းတွင် လက်တော် ကင်တော်မူသည်ဟု ဆိုကြသည်။
ထို့အပြင် “စုံမြိုင်ခွင်တွင်၊
ပျော်ရွှင်ကျေးသား၊ လူးလာကြက်တော၊ ဥဩဖိုမ၊ ကြွေးကြော်ကြသား၊ မဿခေါ်မြဲ တပို့တွဲ” ဟူ၍တပို့တွဲ
လတွင် တောမြိုင်ယံ၌ ကျေးငှက်သာရကာတို့ ပျော်ရွှင်မြူးတူးနေပုံကိုလည်း ဖွင့်ဆိုသည်။ ထို့ကြောင့်
တပို့တွဲလသည် သာယာသော လရာသီ တစ်ခုပင် ဖြစ်သည်။တပို့တွဲလသည် မြန်မာမှုအရ ကုံရာသီ ဖြစ်ပြီး
စန်းယှဉ် နက္ခတ်မှာ မာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်ပြီး ရာသီရုပ်မှာ
အိုးထမ်း သမားရုပ်ဖြစ်သည်။
တပို့တွဲလကို ပုဂံခေတ်ကျောက်စာများတွင်
“တပိုဝ်ထွယ်” ဟုရေးကြသည်။ အဓိပ္ပာယ်မှာ ထန်းဖူးထန်းခိုင်တို့ကို တွဲညွှတ်အောင် ပြုလုပ်သောလ
ဟူ၍ ဖြစ်သည်။ မြန်မာအဘိဓာန်တွင် တပို့တွဲလကို “ထန်းဖူးထန်းခိုင် တို့အား အောက်သို့ကိုင်းညွတ်အောင်
ပြုလုပ်သည့်လ၊ ထန်းရည်နင်း လ၊ မြန်မာ့တစ်ဆယ့် နှစ်လတွင် ဆယ့်တစ်လမြောက်သောလ၊ ကုံရာသီ”
ဟု ဖော်ပြထားသည်။
တပို့တွဲလရာသီကို “ချိုးဥမှ
တိမ်စုံလေ၊သတ္တဗိသျှ၊ နက္ခတ္တနှင့် ယှဉ်ကြမလွဲ၊တပို့တွဲ၌ ပေါက်လဲငုံကင်း၊ ထန်းရည်နင်းကြ
သည်၊ နှင်းထုံထုံ ငယ်နှင့်လေး”ဟု စာဆိုတော်မယ်ခွေက ရေးဖွဲ့ခဲ့ဖူးသည်။ တပို့တွဲဟူသော
အမည်သည် ထန်းလုပ်ငန်းကို အကြောင်းခံပြီး ဖြစ်ပေါ်လာသည်ဟုလည်း အဆိုရှိသည်။ ထန်း အလုပ်သမားတို့
ထန်းရည်ခံရန် အချိန်သင့်ပြီဟု ဆော်သြ သည့်အနေဖြင့် တိုက်သောလေကို “ထန်းဆော်လေ” ဟုခေါ်သည်။
တပို့တွဲလတွင် ထန်းဆော်လေ
တိုက်သောအခါ ထန်းတက်သမားတို့ ထန်းပင်ပေါ်တက်ကာ ထန်းလက်၊ ထန်းနို့၊ ထန်းခိုင်တို့ ညွတ်
ကျအောင် ခြေဖြင့်နင်းကြသည်။ ပြီးလျှင် ထန်းလှီးကာ ထန်းရည်ခံကြသည။် ထိုသို့နင်းသည် ကို
ထန်းရည်နင်းသည်ဟု ခေါ်ကြသည်။ ထန်းပို့များ တွဲကျသောလဖြစ်၍ “ထန်းပို့တွဲ” ဟုခေါ်ရာမှ
“ထန်းဆော် လေသက်၊ ပင်ခြေထက်လည်း၊ ရော်ရွက်မြေနွဲ၊ကြွေမစဲနှင့်၊ ပေါက်လဲငုံမြန်း၊ မံသခဏ်းသို့၊
လျှံလန်းနီဝင်း၊ စုံခပင်းမူ” ဟူ၍ဝက်မစွတ်မြို့စား ရေးဖွဲ့သော ကဗျာတစ်ပုဒ်တွင် တပို့တွဲလ၏သရုပ်ကို
ပေါ်လွင်စွာ တွေ့မြင် နိုင်သည်။
တပို့တွဲလတွင် ပေါက်ပန်းနှင့်
လဲပန်းများ ပွင့်လေ့ရှိကြသည်။ ရဲရဲနီသောပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှား သည့် အလှတစ်ပါး
ပင်။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းဝယ် နီစွေးသော ပေါက်ပန်းတို့က မျက်စိ ပသာဒဖြစ်စေသည်။
တပို့တွဲလတွင် ထင်ရှားသော နေ့ထူးနေ့မြတ်မှာ ဩဝါဒပါတိမောက် အခါတော်နေ့ဟု ခေါ်ဆိုသည့်
တပို့တွဲလပြည့်နေ့ ပင် ဖြစ်သည်။ ထိုနေ့သည် မြတ်စွာဘုရားရှင်လက်ထက် ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်
ကျောင်းတော်၌ ရဟန္တာပေါင်း ၁၂၅၀တက်ရောက်သော “ပထမသံဃသန္နိပါတ” ပထမဆုံး သံဃာ့အ စည်းအဝေးကို
ကျင်းပကာ ဘုရားအဆူဆူ၏ ဆုံးမစကားဩဝါဒ ပါတိမောက် ချီးမြှင့်သောနေ့ ဖြစ်သည်။
ထို့ပြင် လက်ျာရံ အဂ္ဂသာဝက
အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်က ဧတဒဂ်ရာထူး အပ်နှင်းသောနေ့ ဖြစ်သည်
ဟုလည်းဆိုသည်။ တပို့တွဲလ၏ ပွဲတော်မှာ မီးဖုန်းပွဲနှင့် ထမနဲပွဲပင်ဖြစ်သည်။ မီးဖုန်းပွဲဆိုသည်မှာ
မြတ်စွာဘုရားရှင် လက်ထက်က ရဟန်းတို့အား ဝိနည်းတော်အရ မီးမလှုံရန်တားမြစ် ချက်ရှိသော်လည်း
တပို့တွဲလနှင့် တပေါင်းလကြား ကာလရှစ်ရက်သည် အလွန်ချမ်းအေးသဖြင့် ထိုရက်များတွင် မီးလှုံခွင့်ပြုတော်မူခဲ့သည်
ဆိုသည့် အချက်ကို အစွဲပြုကာ နံ့သာထင်းများကို မီးရှို့
ပူဇော်သည့် မီးဖုန်းသဘင်
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဖုန်းဆိုသည်မှာ ပုညဟူသောပုဒ်မှ ဆင်းသက် လာကာ ကုသ်ုလ်အလှူဟု
အဓိပ္ပာယ်ရသည်။ ထို့ကြောင့်မီးဖုန်းပွဲဆိုသည်မှာ မီးအလှူ၊ မီးကုသိုလ်ပွဲပင် ဖြစ်သည်။
ယနေ့ကာလတွင် မီးဖုန်းပွဲများမှာ မတွေ့ရတော့သလောက် ရှားပါးသွားပြီဖြစ်ပြီး အညာကျေးလက်
ဒေသများတွင်သာ ကျင်းပလေ့ရှိတော့သည်။
တပို့တွဲလဆိုသည်နှင့် ယှဉ်တွဲဖြစ်ပေါ်လာသည့်
နိမိတ်ပုံမှာ ထမနဲပွဲပင် ဖြစ်သည်။ မီးဖုန်းပွဲကျင်းပသည့် တပို့တွဲလတွင် မြတ်စွာဘုရားသခင်ကို
ယာဂုကပ်လူ ရာမှ တစ်ဆင့်ပြီးတစ်ဆင့် ထမနဲဟူ ၍ူ ပြောင်းလဲလာခဲ့ သည်ဟု ဆိုကြသည်။ စာဆိုအကျော်အမော်
ဖိုးသူတော်ဦးမင်းစပ်ဆိုသည့် ကဗျာတစ်ပုဒ်တွင် “တမာငုံနု၊ စုံကျေးဥလျှင်၊ ယာဂုငယ်လူတော်၊လေးတန
တန်ဆော်နှင့်” ဟူသည့် အဖွဲ့ကို တွေ့ရသဖြင့် ရှေးယခင်က ယာဂု ဟု သုံးနှုန်းခဲ့သည်ကို သိနိုင်သည်။
“တပို့တွဲလ ထမနဲပွဲ” ဟူ၍ ထမနဲပွဲကို တပို့တွဲလ၏ ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
“တပို့တွဲ ပေါက်လဲငယ် ထိန်ထိန်လျှံ၊ တေးဖွဲ့သံ တစာစာနဲ့၊ ထမနဲပွဲလဲ နွှဲကြသည်” ဆိုသည့်
“ဆယ့်နှစ်လရာသီ” သီချင်းထဲကလိုပင် မြန်မာ့ရိုးရာထမနဲပွဲတော်ကို ကောက်ဦးပေါ်စ တပို့တွဲလတွင်
ကျင်းပလေ့ရှိကြသည်။
တပို့တွဲလ တွင်ဆောင်ရာသီ၏
ချမ်းအေးမှုကို အံတုနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန် ရှေးအစဉ်အဆက် ထမနဲထိုးပွဲကို
လက်ဆင့်ကမ်းခဲ့ကြသည်။ ထမနဲသည် မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်သည့် ရာသီစာတစ်ခုဖြစ်သည်။
ထမနဲကို ကောက်ညှင်း၊ အုန်းသီး၊ ချင်း၊ မြေပဲ၊ဆီ စသည့် အမယ်များဖြင့် ဖွဲ့စည်းပြုလုပ်ထား
သည်။ ကောက်ညှင်းကို ကျေ ညက် စေးကပ်သွား အောင် နယ်ရနှဲရသဖြင့် “ထမင်းနှဲ” ဟု ခေါ်ရာမှ
“ထမနဲ”ဟု ပြောင်းလဲလာခဲ့သည်။ အချို့ကလည်း နှမ်းမနဲဟု ခေါ်ကြသည်။ ထမနဲထိုးရာတွင်ချင်း၊
အုန်းသီးစိတ်၊ မြေပဲ၊ နှမ်းနှင့် ဆားတို့ကိုရောကာ ဆီများများနှင့် စေးကပ် ကာတွဲ သွားအောင်
ယောက်မကြီး များနှင့် ယောက်ျားသားများက အားကုန်သုံးကာ ထိုးရသည်။ ထမနဲတစ်ဒယ် လျှင် လူသုံးယောက်
ပါဝင်သည်။ နှစ်ယောက် က ဘေးမှယောက်မ တစ်ချောင်းစီနှင့် ထိုးကာ အလယ်မှ တစ်ယောက်က ထိုယောက်မနှစ်ချောင်းကို
ကိုင်ပြီး စည်းချက်ကျကျ၊ အတိုင်အဖောက်ညီညီ မွှေပေးရသည်။
အားကောင်းမောင်းသန် ယောက်ျားကြီးများက
ခါးတောင်းမြောင်အောင် ကျိုက်ကာ အားသွန်ခွန်စိုက် ယောက်မကြီး များဖြင့် မွှေကာထမနဲထိုး
သည့် မြင်ကွင်းကို မြန်မာ့ရိုးရာ ထမနဲပွဲမြင်ကွင်းအဖြစ် သရုပ်ဖော်လေ့ ရှိသည်။ တပို့တွဲလရာသီတွင်
ထမနဲထိုးပွဲကိုဒေသအ လိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြသည်။ ချမ်းအေးသော ဆောင်းရာသီတွင်
မီးဖိုကြီးများနှင့် ထမနဲထိုးပွဲများ ကျင်းပသည်ကို မြင်တွေ့ရသည်မှာ အချမ်းပြေသည့်အပြင်
စိတ်အင်အား တက်ကြွစေပါသည်။ ထမနဲထိုးနေသူများကို အိုးစည်ဗုံမောင်းများဖြင့် အားပေးနေကြသည်
မှာ ပျောရွှင်ကြည်နူးဖွယ်ပင်ဖြစ်သည်။
ထိုသို့ထမနဲထိုးပြီးလျှင်
ဘုရားကပ်လှူခြင်း၊ သံဃာတော်များကို လှူဒါန်းခြင်း၊ လာရောက် အားပေးသည့် ဧည့်ပရိတ်သတ်များ
ကို ဝေငှခြင်း စသည်တို့ ပြုလုပ်လေ့ရှိသည်။ အချို့သော ဒေသများတွင် ထမနဲပြိုင်ပွဲ များပြုလုပ်ကာ
အရသာအစပ်အဟပ်၊ အချိန်မီပြီးစီးမှု စသည်တို့ကို ကြည့်ရှု အကဲဖြတ်ပြီး ဆုပေးသည့် အလေ့အထလည်း
ရှိကြသည်။ထမနဲသည် တစ်ဦးတစ်ယောက်တည်း ပြုလုပ်၍ ရသည့် စားစရာမဟုတ်ပေ။ စုပေါင်း အင်အားဖြင့်ပြုလုပ်ရသည့်
စားသောက် ကုန်တစ်ခုဖြစ်သဖြင့် ထမနဲပွဲ သည် သာမန်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကို ပြသသော
ပွဲတစ်ခု လည်း ဖြစ်သည်။ မြန်မာတို့၏ ရိုးရာ ပွဲတော်များကို လေ့လာကြည့်ရင်း ရာသီဥတုနှင့်
အပ်စပ်သော၊ ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသော၊ စိတ်စေတနာ ထက်သန်မှုကို ဖော်သြော အဓိပ္ပာယ်ပြည့်ဝသည့်
ပွဲတော်များသာဖြစ်သည် ကို တွေ့ရသည်။
ယနေ့ကာလတွင် ပြောင်းလဲလာသော
ရာသီဥတုများ၊ ရောထွေးလာသည့် ယဉ်ကျေးမှုများကြားတွင် မြန်မာတို့၏ ချစ်စဖွယ် ရိုးရာပွဲတော်များမှာ
တဖြည်းဖြည်း လျော့ပါးလာသည်ကို တွေ့ရသည်။ ပျောက်ကွယ်လု နီးပါး ဖြစ်နေသောပွဲတော်များ
ရှိသလို အသွင်သဏ္ဌာန် ရွေ့လျားပြောင်းလဲ လာသော ပွဲတော်များကိုလည်း တွေ့ ရသည်။
မည်သို့ပင်ဖြစ်စေ မိမိတို့ယဉ်ကျေးမှု
ဓလေ့ထုံးစံ၏ ပြယုဂ်ဖြစ်သော၊ မြန်မာတို့၏ စိတ်ဓာတ်နှင့် ဘာသာတရား ရိုသေကိုင်းရှိုင်းမှုကို
ဖော်ပြသော စည်းလုံးညီညွတ်မှုနှင့် ရိုင်းပင်းကူညီမှု၏ လက္ခဏာဖြစ်သော ပွဲတော်များကို မပျောက်ပျက်အာင်
ထိန်းသိမ်းကြရမည်ဖြစ်သည်။ ပြောင်းလဲလာ သည့်ခေတ်နှင့် လျော်ညီအောင် ရွေ့လျား လာသော ပွဲတော်များ
ရှိမည်ဖြစ်သလို ရှေးယဉ်ကျေးမှု မပျက်စေဘဲ ဆက်လက် တည်တံ့နေအောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်
မြန်မာ့ရိုးရာပွဲတော်များလည်း ရှိနေပေရာ တပို့တွဲလတွင် ကျင်းပသည့် ထမနဲပွဲတော်မှာ သားစဉ်မြေးဆက်
လက်ဆင့်ကမ်း သယ်ယူသွားရမည့် အဓိပ္ပါယ် အနှစ်သာရပြည့်ဝသည့် ပွဲတော်များတွင် တစ်ခု အပါအဝင်ပင်
ဖြစ်ပါတော့သည်။
MOI Webportal Myanmar
မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment