သံဃာ့ဂုဏ်တော်ကိုးပါးမှာပါတဲ့
‘ပုညက္ခေတံ္တ အနုတ္တရံ’ အရ “ရဟန်းသံဃာသည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ
လယ်မြေယာမြေနှင့် တူတဲ့အတွက် အလှူခံဟာ လယ်ပမာ လို့ဆိုထားကြပါတယ်။
မြေသြဇာ ထက်သန်ကောင်းမွန်တဲ့
လယ်မြေမှာ စိုက်ပျိုးရင် စိုက်ပျိုးသလောက် အကျိုးဖြစ်ထွန်းနိုင်ပေမယ့် 'နွားခွာလည်းတုံး၊
ကျက်တီးကုန်း၊ သုံးတင်းကြဲမှ တစ်ခွဲရ' ဆိုတဲ့ မြေမျိုးကျတော့ စိုက်ပျိုးသလောက် အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။
သီလဆိုတဲ့ မြေသြာဇာမကောင်းတဲ့ ရဟန်းသံဃာက ကျက်တီးကုန်းနဲ့တူသလို အကျင့်သီလ သိက္ခာရှိတဲ့
ရဟန်းသံဃာတွေကတော့ မြေသြာဇာ ထက်သန်ကောင်းမွန်တဲ့ လယ်ယာမြေနဲ့တူပါတယ်။
သဂါထာ ဝဂ္ဂသံယုတ် ဣဿတ္တသုတ်မှာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကောသလမင်းကြီးကို "အလှူလုပ်ရင် မိမိကြည်ညိုတဲ့သူကို
လှူရမယ်။ သီလရှိရင် အကျိုးကြီးမယ်၊ သီလမရှိရင် အကျိုးတရားမကြီးမှားဘူး"လို့ ဟေားကြားထားခဲ့ဖူးပါတယ်။
သီလမရှိရင်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်အရ အလှူခံပုဂ္ဂိုလ်နဲ့ အလှူပေးပုဂ္ဂိုလ် ၂ ဦးစလုံးနဲ့
သက်ဆိုင်နေပါတယ်။
သီလရှိတဲ့ရဟန်းသံဃာကိုလှူရင်
အကျိုးပေးသန်သလို မြေသြဇာကောင်းတဲ့လယ်ယာမြေမှာ စိုက်ပျိုးရင် အကျိုးဖြစ်ထွန်းတယ်ဆိုတဲ့သဘောပါ။
အလှူခံပုဂ္ဂိုလ်က သီလရှိတာနဲ့ လယ်ယာမြေက ဓာတ်မြေသြဇာကောင်းရုံနဲ့ အကျိုးပေးကောင်းမယ်လို့
ထင်နေကြပါလိမ့်မယ်။ တကယ်တော့ ရဟန်းသံဃာက သီလရှိပြီး အလှူပေးသူက သီလမရှိပြန်ရင်လည်း
မြေသြဇာကောင်းတဲ့ လယ်ယာမြေမှာ မကျွမ်းကျင်တဲ့ လယ်သမား ယာသမားက ထွန်ယက်မစိုက်ပျိုးတတ်ရင်
စိုက်ပျိုးမှု နည်းစနစ်မကျရင် မဖြစ်ထွန်းနိုင်ပါဘူး။ အလှူခံပုဂ္ဂိုလ်က သီလနဲ့ပြည့်စုံရသလို
အလှူပေးပုဂ္ဂိုလ်ကလည်း ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်သီလတော့ ရှိထားသင့်ပါတယ်။ ဒါမှလဲ
လယ်ယာမြေကောင်းမှာ စိုက်ပျိုးသူရဲ့ ကျွမ်းကျင်မှုနဲ့အတူ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။
သီလမရှိရင် အကျိုးပေးမကြီးဘူးဆိုတာမှာလည်း
မည်မျှပင် ထွန်ယက်စိုက်ပျိုးမှု မဖြစ်နိုင်တဲ့ ကျတ်တီးကုန်းလို နေရာမျိုးမှာ ဓာတ်မြေသြဇာကောင်းကောင်း
မျိုးစေ့ကောင်းကောင်းနဲ့ နည်းပညာကျွမ်းကျင်တဲ့စိုက်ပျိုးရေးသမားက စိုက်ပျိုးတတ်ရင်
အောင်မြင်ဖြစ်ထွန်းနိုင်တာမို့ အလှူခံပုဂ္ဂိုလ်က သီလမရှိတောင်မှ အလှူပေးပုဂ္ဂိုလ်ရဲ့
ရှိသင့်ရှိထိုက်တဲ့သီလတွေ သန့်စင်တဲ့ အလှူဝတ္ထုတွေနဲ့ လှူမယ်တန်းမယ်ဆိုရင် အကျိုးပေးကြီးပါတယ်။
လှူကြသူများ လယ်သမား ဆိုတာက
လယ်ယာမြေနဲ့တူတဲ့ အလှူခံပုဂ္ဂိုလ်တွေကို လှူကြတန်းကြတဲ့ အလှူပေးပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ။
လယ်ယာမြေကောင်းမှာ စိုက်ပျိုးရင် အကျိုးပေးကောင်းသလို လယ်ယာမြေမကောင်းမှာ စိုက်ပျိုးရင်လည်း
လယ်သမားရဲ့ ကျွမ်းကျင်မှုရှိရင် အကျိုးပေးကောင်းနိုင်ပါတယ်။ လယ်သမားက ကျွမ်းကျင်မှုမရှိပြန်ရင်တော့
ဘယ်လောက်ပဲ လယ်မြေကောင်းကောင်း အကျိုးပေးမကောင်းနိုင်ပါဘူး။
မြေသြဇာအင်မတန် ထက်သန်ကောင်းမွန်တဲ့
လယ်မြေယာမြေမှာ စိုက်ပျိုးခဲ့လျှင် မျိုးစေ့ကျရုံနှင့် ဖြစ်ထွန်းနိုင်ပေမယ့် ပေါင်းသင်ခြင်း
မြေတောင်မြှောက်ခြင်း ရေသွင်း ရေထုတ်ခြင်း ဆေးဖြန်းခြင်း အချိန်မှန် ရိတ်သိမ်းခြင်း
စသည်ဖြင့် ဂရုတစိုက်မပြုခဲ့လျှင် ဖြစ်ထွန်းလာတဲ့အပင်ဟာ စိတ်ထင်သလောက် မကြီးပွားနိုင်ပါဘူး။
အလွန်မြေသြဇာထက်သန်ကောင်းမွန်တဲ့
ဘုရား ရဟန္တာ အရိယာတို့ကို မျိုးစေ့နှင့်တူတဲ့ အလှူဒါနတွေ လှူဖွယ်တန်းဖွယ်တွေကို လှူဒါန်းရုံနဲ့လည်း
အလှူပေးပုဂ္ဂိုလ်က ပုဗ္ဗ မုဉ္စ အပရ စေတနာချို့တဲ့ခဲ့လျှင် အကျိုးမကြီးနိုင်ပါဘူး။ ကျတ်တီးကုန်းဖြစ်လို့
ဘာမျှစိုက်ပျိုးမဖြစ်တဲ့ မြေပင်ဖြစ်စေ စိုက်ပျိုးတဲ့သူက မြေသြဇာထည့်ခြင်း, ရေလောင်းခြင်း,မြေတော်မြှောက်ခြင်း,
ပေါင်းသင်ခြင်း စသည်ကို ပြုလုပ်ပေးခဲ့လျှင် အဲသည်မြေညံ့ကသော်လည်း ထွားကျိုးင်းတဲ့အပင်များ
ဖြစ်ထွန်းလာနိုင်တယ်၊ အလှူခံပုဂ္ဂိုလ်က အလဇ္ဇီ ဒုဿီလ ပါပဘိက္ခုပင်ဖြစ်သော်လည်း အလှူပေးပုဂ္ဂိုလ်က
စေတနာသန့်ရှင်းလျှင် အကျိုးပေးကြီးမှားပါတယ်။ အလှူတစ်ခုရဲ့ အကျိုးပေးမပေးမှုဟာ အလှူခံပုဂ္ဂိုလ်မှာချည်း
တာဝန်ရှိတာမဟုတ်ပါဘူး၊ အလှူပေးပုဂ္ဂိုလ်မှာလည်း တာဝန်ရှိတယ်ဆိုတာ ဤမျှနဲ့ သဘောပေါက်သင့်ပါတယ်။
အများလှူဖွယ် မျိုးစေ့နယ်
ဆိုတာက အလှူခံပုဂ္ဂိုလ်တွေကို လှူကြတန်းကြမယ့် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးစတဲ့
အလှူဒါနပစ္စည်းတွေကိုဆိုလိုပါတယ်။ တရားသဖြင့် ရှာလို့ ဖွေလို့ ရထားတဲ့ အလှူဝတ္ထု ပစ္စည်းတွေဖြစ်နေမယ်ဆိုရင်
အလှူခံပုဂ္ဂိုလ် သီလ ရှိရှိ မရှိရှိ အကျိုပေးကောင်းနိုင်ပါတယ်။ လယ်ယာမြေ ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ လယ်သမား၏ ကျွမ်းကျင်မှုနှင့် မျိုးစေ့များ ကောင်းမွန်မှုကြောင့် အမျိုးမှန်လို့
အပင်သန်သလိုမျိုး အလှူဝတ္ထုပစ္စည်း စင်ကြယ်မှုကြောင့်လည်း အကျိုးပေးကောင်းနိုင်ပါလိမ့်မယ်။
ထို့ကြောင့် ခရီးသွား လမ်းသွားရင် လမ်းဘေးမှာ ခွက်ဆွဲတောင်းစားနေကြတဲ့ သူတွေကိုတွေ့ရင်
တတ်နိုင်သမျှ တတ်စွမ်းသမျှ ပေးကမ်းစွန့်ကြဲသင့်ပါတယ်။ ခွေလေးတွေ ကြောင်လေးတွေ ငှက်ကလေးတွေ
တိရိစ္ဆာန်လေးတွေကအစ စေတနာထားကာ စားကြွင်းစားကျန်များကျွေးမွေးပြီး ကုသိုလ်ယူလို့ရပါတယ်။
မရှိဆင်းရဲသား မိဘပစ်ထား မိဘမဲ့ကလေးများနဲ့ သားသမီးပစ်ထား ဘိုးဘွားများကိုလည်း ဤစာကိုဖတ်မိသည်မှနောက်နောင်ကာလများမှာ
လမ်းဘေး ၀ဲယာ တွေ့လာကြုံလာ ဆုံလာခဲ့ရင် စေတနာထားကာ ပေးပါ ကမ်းပါး စွန့်ကျဲပါလို့ တိုက်တွန်းလိုက်ပါတယ်။
နောင်ဝယ် အသီးစား ဆိုတာက
မိမိလှူဒါန်းလိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးဆက်ကြောင့် နောက်နောင်ကာလတွေမှ လူချမ်းသာ
နတ်ချမ်းသာ စတဲ့ချမ်းသာမှုတွေနဲ့အတူ အချိန်တန်ရင် မအိုမနာ မသေရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိခြင်းဆိုတဲ့
အကျိုးတရားတွေကို ရရှိမယ်လို့ ဆိုလိုပါတယ်။
အလှူပေးအကျိုးကြီးမကြီးနဲ့
ပတ်သက်ပြီး လက္ဘက်ရည်ဆိုင်ထိုင် ဘောပွဲကြည့် ကွမ်းစား ထီးထမ်း လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကို
အပြစ်မြင်ကာ အကုသိုလ်ပွားနေကြသူတွေအနေနဲ့ သတိထားဆင်ခြင်ရမှာက သူတစ်ပါးကို အပြစ်ပြ လက်ညိုးထိုးလိုက်တာက
လက်ညိုးတစ်ချောင်းထဲ ဖြစ်နေပြီး ကျန်တဲ့လက်ချောင်း ၄ ချောင်းက ကိုယ့်ဖက်ကို လှည့်နေတာကို
မေ့နေတတ်ကြသလို သူများမျက်ချေးပဲမြင်ပြီး ကိုယ့်မျက်ချေးကို မမြင်ပဲ ဖြစ်နေကြတာကို
သတိမမူပဲ ဖြစ်နေကြတယ်။ မိမိတို့မျက်စိရှေ့ မြင်နေတွေ့နေရသော ရဟန်းသံဃာများလောက်သာ မြင်ပြီး
အပြစ်မပြောပဲ ဘုရား ရဟန္တာ အရိယာသံဃာ အားလုံးကို ကြည့်ပြီး ကြည်ညိုလေးစားသင့်ပါတယ်။
အလှူခံပုဂ္ဂိုလ်ကလည်း သီလစင်ကြယ်ရသလို အလှူပေးပုဂ္ဂိုလ် ဒကာ - ဒကာမတွေကလည်း သီလစင်ကြယ်ရပါတယ်။
အလှူပေးဝတ္ထု ပစ္စည်းတွေကလည်း ခိုးဆိုး တိုက်ခိုက် လိမ်ညာ လှည့်ပတ်လို့ ရှာဖွေထားတာမဟုတ်ပဲ
သမ္မာအာဇီဝနည်းနဲ့ ရှာလို့ ဖွေလို့ရထားတဲ့ ပစ္စည်းများဖြစ်ဖို့လိုပါတယ်။ အလှူခံပုဂ္ဂိုလ်လဲ
သီလရှိမယ် အလှူပေးပုဂ္ဂိုလ်လဲ သီရှိမယ် လှူဖွယ်ပစ္စည်းတွေကလည်း ဖြူစင်သန့်ရှင်းမယ် အပြစ်ကင်းမယ်ဆိုရင်တော့
မြေကြီးလက်ခတ်မလွှဲ အကျိုးပေးကောင်းပါလိမ့်မယ်။
ဒါ့ထက် အကျိုးပေး ပိုသေချာသွားချင်ရင်တော့
“အလှူ မှန်သမျှ သံဃိက မုချ အကျိုးကြီးမားသည်” ဆိုသလို သံဃာဟုဆိုရာ၌ အရိယာသံဃာ၊ ပုထုဇဉ်
သံဃာ(ဝါ) ပရမတ္ထသံဃာ၊ သမုတိသံဃာဟု ခွဲခြားမနေပဲ ပုဂ္ဂိုလ်ကိုမကြည့်ပဲ သံဃဿ ဒေမ ဟုဆိုကာ
သံဃိက ဒါနအဖြစ် လှူကြတန်းကြရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ သီလရှိတဲ့ ရဟန်းဖြစ်စေ သီလမရှိတဲ့
ရဟန်းဖြစ်စေ မိမိရဲ့ စိတ်ထားနဲ့စေတနာသာလျှင် အဓိကမို့ ဘာပဲလှူလှူ သံဃိကဒါနမြောက်အောင်
လှူဒါန်းနိုင်ဖို့ အရေးကြီးကြောင်း အထူးသတိပြုသင့်လှပါတယ်။
အလှူပေးတတ်၍ အလှူပေးမြတ်ကြပါစေ။
(မူကြိုကျောင်းသား)
22.1.2015
22.1.2015
No comments:
Post a Comment