Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, January 28, 2015

မိတ်ဆွေဝတ်



သိင်္ဂါလောဝါဒသုတ်လာ မိတ်ဆွေ ၀တ္တရား ငါးပါးကတော့-
(၁) ပေးကမ်းချီးမြှင့်
(၂) ကိုယ်နှင့်ယှဉ်ထား
(၃) စီးပွားဆောင်ရွက်
(၄) နှုတ်မြွက်ချိုသာ
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ တဲ့။
“ပေးကမ်းချီးမြှင့်” ဆိုတာက မိတ်ဆွေကို ပေးကမ်းသင့်တဲ့ ပစ္စည်းဥစ္စာ၊ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ မိတ်ဆွေ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ အမှတ်တရ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ ပစ္စည်းလက်ဆောင်သာမက စကားလက်ဆောင်၊ အကြံကောင်း ဥာဏ်ကောင်း လက်ဆောင်ပေးတာလည်း အကျုံးဝင်ပါလိမ့်မယ်။

“ကိုယ်နှင့်ယှဉ်ထား” ဆိုတာက ကိုယ်နဲ့ထပ်တူ သဘောထားပြီး ဆက်ဆံတာပါပဲ။ စာနာတဲ့သဘော၊ ခင်မင် လေးစားတဲ့ သဘောတွေ အကျုံးဝင်ပါတယ်။ တန်းတူရည်တူ ဆက်ဆံတဲ့ သဘောပေါ့။ တစ်နည်းပြောရရင် မိတ်ဆွေက ကိုယ့်ထက် အခြေအနေ နိမ့်ပါးနေရင်တောင်မှ နှိမ့်နှိမ့်ချချ မဆက်ဆံဆံပဲ တန်းတူ ခင်ခင်မင်မင် ဆက်ဆံတာမျိုးပါ။
“စီးပွားဆောင်ရွက်” ဆိုတာက မိတ်ဆွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပဲ။ မိတ်ဆွေအကျိုးအတွက် ကိုယ်တတ်နိုင်တာ၊ လုပ်ခိုင်းတာ ဆောင်ရွက်ပေးခြင်းဖြင့် မိတ်ဆွေဝတ္တရား ကျေပွန်ရာ ရောက်ပါတယ်။
“နှုတ်မြွက်ချွေတာ”ဆိုတာကတော့ ပြောဆိုဆက်ဆံတဲ့ နေရာမှာ ပြေပြေပြစ်ပြစ် ချိုချိုသာသာ ပြောဆိုဖို့ပါပဲ။ စကားပြေပြစ်ဖို့ဟာ မိတ်ဆွေချင်းဆက်ဆံရာမှာလည်း အရေးကြီးပါတယ်။ ယဉ်ကျေးချေငံတဲ့စကားနဲ့ ပြောဆိုဆက်ဆံဖို့ပါပဲ။
“သစ္စာမှန်စေ” ဆိုတာက မိတ်ဆွေကို သစ္စာရှိရှိ ဖြောင့်ဖြောင့်မှန်မှန် ဆက်ဆံဖို့ပါပဲ။ မိတ်ဆွေရဲ့ အရေးကိစ္စတွေ ပေါ်လျှင်လည်း နှုတ်လှုံဖို့၊ ကတိတည်ဖို့၊ သစ္စာရှိဖို့၊ ယုံကြည်ထိုက်တဲ့သူ ဖြစ်ဖို့ဆိုတာတွေအထိ အကျုံးဝင်ပါတယ်။
လူမှုဆက်ဆံရေးမှာ မိတ်ကောင်းဆွေကောင်းဟာ အရေးကြီးပါတယ်။ ဘယ်လိုမိတ်ဆွေမျိုးဟာ မိတ်ဆွေစစ်လဲ၊ ဘယ်လိုမိတ်ဆွေမျိုးက မိတ်ဆွေတုလည်း ဆိုတာကို ဘုရားရှင်က သိင်္ဂါလောဝါဒသုတ်မှာပဲ ညွှန်ကြား မိန့်ဆို တော်မူထားပါတယ်။
မိတ်ဆွေတုဆိုတာ ဘယ်လို မိတ်ဆွေတွေလည်းဆိုရင် ယူသာယူတတ်တဲ့ မိတ်ဆွေတဲ့။ နှုတ်နဲ့သာ လောကွတ် လုပ်တတ်တဲ့ မိတ်ဆွေတဲ့။ အကြိုက်လိုက်ပြီး ပြောတတ်တဲ့ မိတ်ဆွေတဲ့။ ပြီးတော့ ပျက်စီးရာ ပျက်စီးကြောင်း အပေါင်းအဖော် လုပ်တတ်တဲ့ မိတ်ဆွေတဲ့။ အဲဒီ မိတ်ဆွေလေးမျိုးဟာ မိတ်ဆွေ အတုတွေပါတဲ့။
အဲဒီလိုပါပဲမိတ်ဆွေကောင်း လေးယောက်လည်းရှိပါတယ်။ ကျေးဇူးပြုတတ်တဲ့ စိတ်ကောင်းတဲ့ မိတ်ဆွေရယ်၊ ချမ်းသာအတူ ဆင်းရဲအတူ သဘောထားတဲ့ မိတ်ဆွေရယ်၊ အကျိုးစီးပွားကို ပြောတတ်တဲ့ မိတ်ဆွေရယ်၊ အစဉ်သနားတတ်တဲ့ စိတ်ကောင်းရှိတဲ့ မိတ်ဆွေရယ်၊ အဲဒီမိတ်ဆွေတွေဟာ မိတ်ဆွေကောင်းတွေပါပဲ။
သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင်ဟောကြားတော်မူတဲ့မိတ်ဆွေ အကြောင်းတွေကို မှတ်သားပြီး ဆင်ခြင် သုံးသပ်ခြင်းအားဖြင့် မိမိတို့ရဲ့ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာအကျိုးရှိရှိ နေထိုင်သွားနိုင် ပါလိမ့်မယ်။
(မှတ်ချက်။ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

No comments:

Post a Comment