ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ်
ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ပါ။ နန်းမတော်မယ်နု
ဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်းတော်ကြီးမှာ သီးတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်း
ဆရာတော်လို့လည်း ခေါ်ကြပါတယ်။ ဆရာတော်ဦးဗုဓ် သီးတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီး
ဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။
ဆရာတော်ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ
ပရိယတ္တိပညာရေးသမိုင်းမှာ စာတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင် အသီးသီးက (လယ်တီ ဆရာတော်တို့
အပါအ၀င် ပေါ့) တညီတညွတ်တည်း အသိအမှတ်ပြုထားရတဲ့ ဆရာတော်ပါ။ ဒါကြောင့် ဗုဓ်အစ၊ ဗုဓ်အလယ်၊
ဗုဓ်အဆုံး ဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။
အဲဒီဥဒါန်းစကားရဲ့အဓိပ္ပါ့ယ်က
ဗုဓ်အစဆိုတာ ဗုဒ္ဓဘုရား၊ ဗုဓ်အလယ်ဆိုတာက အရှင်မဟာဗုဓ္ဓဃောသပါ။ အရှင်မဟာဗုဒ္ဓဃောသဆိုတာက
သီရိဓမ္မာသောကမင်းပေါ်ပြီး နောက်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ထေရ်အရှင်ပါ။ ဘုရားဟောပါဠိတော်အားလုံးရဲ့
အဖွင့်ဖြစ်တဲ့ အဌကထာတွေကို ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ စကားမစပ်လို့ ပြောရရင်း ပါဠိတော်ရယ်၊
အဋ္ဌကထာရယ် ၊ ဋီကာရယ်ကို ကွဲကွဲပြားပြားသိထားစေချင်ပါတယ်။
ပါဠိတော်ဆိုတာ ဘုရားဟောခဲ့တဲ့
မူရင်းစကားတွေကို ခေါ်တာပါ။ အဌကထာဆိုတာ ဘုရားဟော ပါဠိတော်တွေကို ဥာဏ်နုသူတွေ လေ့လာကျက်မှတ်တဲ့အခါ
မရှင်းမလင်းနဲ့ အခက်အခဲတွေ့မှာဆိုးလို့ ပါဠိပုဒ် တစ်ပုဒ်ချင်းကို ဖွင့်ဆိုအကျယ်ချဲ့ပြီး
ရေးသားထားတဲ့ကျမ်းစာပါ။ ဋီကာဆိုတာကတော့ အဲဒီအဌကထာကျမ်းကို တစ်ခါထပ်ပြီး ထပ်ဆင့်ဖွင့်ဆို
ရေးသားထားတဲ့ ကျမ်းစာပါ။ ဒီဋီကာကျမ်းကိုပဲ မရှင်းမှာဆိုးလို့ဆိုပြီး ထပ်ဆင့်ဖွင့်ဆိုတဲ့
အနုဋီကာ၊ မဓုဋီကာဆိုတာတွေလဲရှိပါသေးတယ်။ ဒါက ကျမ်းစာအမျိုးအစားတွေကို ခွဲခြားသိရအောင်
ပြောပြတာပါ။
အထက်ကစကားကို ပြန်ကောက်ရင်
ဗုဓ်အဆုံးဆိုတာကတော့ ဆရာတော်ဦးဗုဓ်ပါပဲ။ ဆိုလိုရင်းကတော့ ဗုဒ္ဓမြတ်စွာရယ်၊ အရှင်မဟာဗုဒ္ဓဃောသရယ်၊
ဆရာတော်ဦးဗုဓ်ရယ် အဲဒီသုံးပါးဟာ ဗုဒ္ဓဘာသာပညာအရာမှာ ခေတ်ကာလအလျောက်ပေါ့ အတော်ဆုံး အတတ်ဆုံးပါတဲ့။
ဆရာတော်ဦးဗုဓ်ဟာ မြန်မာပြည်မှာ
စာအတတ်ဆုံးလို့ ဆိုကြတာကတော့ ဆရာတော်ရဲ့ နောက်ခံသမိုင်း တစ်ခုတည်းကို ကြည့်ပြီးပြောကြတာတော့
မဟုတ်ပါဘူး။ အဓိကကတော့ ဆရာတော်ပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပါ။
ဒီနေရာမှာ ဆရာတော်ဦးဗုဓ်ရဲ့ စာပေစွမ်းရည်ကို အရင်မပြောခင် ဆရာတော်နဲ့ ဆက်နွယ်နေတဲ့
ပုဂ္ဂိုလ်အကြောင်း အနည်းငယ်ပြောပြချင်ပါသေးတယ်။ ပထမဆုံးတွေ့ရတာက ဘကြီးတော်မင်းတရားနဲ့
နန်းမတော်မယ်နုပါ။
အထူးသဖြင့်တော့ နန်းမတော်မယ်နုပေါ့လေ။
ဆရာတော်ဦးဗုဓ်ဟာ မင်းနဲ့ မိဖုရားနှစ်ပါး အထူးကိုးကွယ်တဲ့ ဆရာတော်ပါ။ ဒါပေမယ့် ဆရာတော်ဟာ
မင်းနဲ့ မိဖုရားနှစ်ပါးကို မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းတိုက်ဆိုင်လာလို့ ပြောစရာရှိရင်လဲ၊
တိုတိုတုတ်တုတ်နဲ့ ထိထိမိမိခပ်ပြတ်ပြတ်သာ ပြောလေ့ရှိပါတယ်။ မျက်နှာသာမပေးပုံကတော့ အုတ်ကျောင်းတော်ကြီးပေါ်ကို
ရောက်ရောက်ချင်းပဲ ဇာတိပြတော့တာပါပဲ။ မင်းမိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကိုပင့်ပြီး
အုတ်ကျောင်းတော်ကြီးကို ရေစက်ချ လှူုဒါန်းပါတယ်။ အဲဒီကျောင်းရေစက်ချပွဲမှာ ပရိသတ်ကလဲ
စုံလှပါတယ်။ ရဟန်းပရိသတ်၊ လူပရိသတ်ပေါ့။ အဲဒီမှာရေစက်ချပြီးတော့ မင်းနဲ့ မိဖုရားနှစ်ပါးက
ဆရာတော်ဦးဗုဓ်ကို သြ၀ါဒပေးဖို့ တောင်းပန်ပါတယ်။ ဆရာတော်က ဘယ်လိုသြ၀ါဒပေးလဲဆိုတော့
” မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြ၀ါဒ ပေးရန်မလို၊ မင်းနှင့်တူအောင်မကျင့်က ငါတို့နှင်မဆိုင်
အ၀ီစိနှင့်သာ ဆိုင်သည်” ကဲ ဘယ်လောက်တိပြီး ဘယ်လောက်ထိ မလိုက်ပါသလဲ။ ဆရာတော်နှင့် မင်းမိဖုရားတို့ဟာ
အခုမှတွေ့ကြတာပါ။ အရင်က မတွေ့ဖူးပါဘူး။ ဆရာတ်ာဘ၀ သမိုင်းစာမျက်နှာမှာ စကားပြောတာ သိပ်မတွေ့ရပါဘူး။
အမြဲစာကြည့် စာရေးအလုပ်နဲ့ပဲ အချိန်ကုန်နေတာပါပဲ။ မန္တလေးက စာချဆရာတော်တစ်ပါး ပြောသလို
ပရိယတ္တိနဲ့ ကိလေသာ ပယ်ထားတဲ့သဘောပါ။ ဆရာတော်က မလွှဲမရှောင်သာ စကားပြောရရင်လဲ တိုတိုနဲ့ထိထိမိမိပဲ
ပြောလေ့ရှိပါတယ်။ အပိုမပြောပါဘူး။
ဆရာတော် စကားကို ထိထိမိမိပြောတတ်ပုံနဲ့
ပက်သတ်ပြီး အမတ်ကြီးဦးပေါ်ဦးကို ပြေးပြီး သတိရမိပါသေးတယ်။ အမတ်ကြီးဦးပေါ်ဦးဆိုတာ
စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးအဖြစ် အားလုံးသိထားပြီးသားပါ။ ဒီလိုနဲ့ တစ်နေ့မှာပေါ့
အမတ်ကြီးဦးပေါ်ဦးတစ်ယောက် ဆရာတော်ကို ဖူးမြော်ကန်တော့ဖို့ ကျောင်းကို ရောက်လာပါတယ်။
အမတ်ကြီး ရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။ အဲဒီတော့
အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်ပေါ့။ ဦးချပြီးတော့ ဆရာတော်နဲ့
အမတ်ကြီးဦးပေါ်ဦး အပြန်အလှန် စကားပြောပုံကို ကြည့်ပါဦး။
ဦးပေါ်ဦး - ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဆရာတော် အေး ကောင်းတယ်။
ဦးပေါ်ဦး - ရေကလဲ အလွန်ကြည်ပါပေတယ်
ဘုရား။
ဆရာတော် - အေး ကြည်တယ်။
ဦးပေါ်ဦး - ရေကန်ကြီး ဘယ်လောက်နက်ပါသလဲ
ဘုရား
ဆရာတော် - ငါမသိဘူး။
ဦးပေါ်ဦး - ဆရာတော် သီတင်းသုံးတော်မူတဲ့
ကျောင်းတိုက်အတွင်းမှာဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်ထားမိပါတယ်ဘုရား
ဆရာတော် - နီးတိုင်းသာ
သိရမယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိပါသလဲ။
ဦးပေါ်ဦး - သတိမထားမိ၍
ဘယ်နှစ်ပင်ရှိကြောင်း မသိပါဘုရား။
ဆရာတော် - သင့်နှုတ်ခမ်းမွေးကိုမှ
ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော ငါ သိနိုင်မှာလား။
ဆရာတော် ပြောလိုက်တဲ့ စကားကြောင့်
အမတ်ကြီးဦးပေါ်ဦးလဲ ရှေးကိုစကားမဆက်နိုင်တော့ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ ပြတ်သွားရပါတော့တယ်။
ဆရာတော်ဟာ အပြောအဆိုသာ ထိမိတာ မဟုတ်ပါဘူး။ အပြုအမူပိုင်းမှာလဲ ထိမိလှပါတယ်။ အပြူအမူ
ထိမိပုံကတော့ ကျမ်းပြုတဲ့ ရဟန်းငယ်တစ်ပါးနဲ့ ဆက်စပ်နေပါတယ်။
တစ်နေ့မှာ ရဟန်းငယ်တစ်ပါးဟာ
ဆယ်ကြောင်းပေ သုံးအင်္ဂါရှိတဲ့ ကျမ်းတစ်စောင်ရေးသားပြီး ဆရာတော်ထံ ယူလာပါတယ်။ ဆရာတော်ထံ
ရောက်တော့ သူရဲ့ကျမ်းစာကို ကြည့်ရှူပြီး အမှားရှိရင် မှားတဲ့နေရာကို ထုံးစက်ပြပေးပါဘုရားတဲ့။
ဆရာတော်ကလဲ အေး ထားခဲ့ မနက်ဖြန်ညနေ လာယူလို့ မိန့်လိုက်ပါတယ်၊ ရဟန်းငယ်ရေးတဲ့ကျမ်းစာကို
သေချာကြည့်ရှူပါတယ်။ ကြည့်ရှူ့တော့ ကျမ်းစာက တစ်စောင်လုံး ကမောက်ကမနဲ့ အမှားတွေချည်းပါပဲ။
အဲဒီတော့ ဆရာတော်က အနားမှာ ရှိတဲ့ တပည့်ရဟန်းတပါးကို ခေါ်ပြီး မောင်ပဉ္ဇင်း ဒီပေစာကို
ဟိုထုံးအိုးကြီးထဲမှာ မြုပ်သွားအောင် သွားနှစ်ထားလိုက်ပါ။
နောက်တစ်နေ့ညနေ စာမူရှင်ရဟန်း
စာမူလာယူတော့ ဆရာတော်က ကိုယ်တော်ရဲ့ပေစာဟိုထုံးအိုးကြီးထဲမှာ နှစ်ထားတယ် ယူသွားလို့
မိန့်လိုက်ပါတယ်။ စာမူရှင်ရဟန်းကလည်း ကိုယ့်ပေစာကိုယူပြီး မိမိကျောင်း ပြန်သွားပါတယ်။
ကျောင်းပြန်ရောက်တော့ သီတင်းသုံးဖော် သူငယ်ချင်းတွေကို အကျိုးအကြောင်း ပြောပြပါသတဲ့။
သီတင်းသုံးဖော် သူငယ်ချင်းတွေက ဆရာတော်အပြုအမူကို သဘောကျလွန်းလို့ ဆရာတော်ရှိရာ ကျောင်းတိုက်ကို
မှန်းပြီး ဦးချကြပါသတဲ့။ ကုန်းဘောင်ခေတ်ရဲ့ စာပေဝေဖန်ရေးဆိုရင်လဲ ဆိုနိုင်ပါတယ်။ စဉ်းစားကြည့်မိပါတယ်။
တကယ်လို့သာ ဆရာတော်က အမှားတွေ ထူလဗျစ်နဲ့ ကျမ်းစာကို ဝေဖန်ရမှာ အားနာလို့၊ ဒါမှမဟုတ်
အကြောင်းတစ်ခုခုကို ငဲ့လို့ ကောင်းပါတယ် လို့ပြောပြီး ပြန်ပေးလိုက်ရင် ခေတ်အဆက်ဆက်
ဒီနေ့ စာသင်သားတွေ အထိပေါ့ မတွေးဝံ့စရာပါပဲ။ ဝေဖန်စရာရှိရင် ဝေဖန်ပြီး ချီးကျူုးစရာရှိရင်လဲ
ချီးကျူုးတာ ပညာရှိတွေရဲ့ သဘောတံထွာ ဓမ္မတာပါ။
တကယ်တော့ ဆရာတော်ဦးဗုဓ်ဟာ
သက်တော် ၅၅ နှစ်ပဲ နေထိုင်သွားရပါတယ်။ ၅၅ နှစ်ပဲ နေသွားရပေမယ့် ပြုစုရေးသားသွားတဲ့
ကျမ်းစာတွေကတော့ ၆၀ ကျော်ပါတယ်။ သက်တော် ၈၀ လောက်များနေခဲ့ရင် ကျမ်းပေါင်း ၂၀၀ ကျော်လောက်များ
ပြုစုသွားမလားလို့ တွေးမိပါသေးတယ်။ ဆရာတော်ပြုစုတဲ့ ကျမ်းပေါင်း ၆၀ ကျော်ထဲမှာ နိဿယကျမ်းချဉ်း
၄၅ ကျမ်းတိတိရှိတယ်လို့ ဆရာတော်မာဂဓီ(သာစည်) တို့က ဖော်ထုတ်ပြထားပါတယ်။ ဘာဖြစ်လို့
နိဿယကျမ်းချည်း အဓိကထားပြီး ပြုပြင်ရသလဲဆိုရင် နောင်ခေတ် စာသင်သားတွေ မပင်မပန်း၊ ချမ်းချမ်းသာသာ
သင်ယူလေ့ကျက်နိုင်အောင် ဖြစ်ပါတယ်။ ဒီနေ့ သတင်းစာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ
နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ လောကနီတိဟာ ဆရာတော်ဦးဗုဓ်နိဿယ ပြန်ဆိုခဲ့တာပါ။
နိဿယပြန်ဆိုရေးတဲ့နေရာမှာလဲ
ကျမ်းစုံလှပါတယ်။ နိဿယတွေထဲမှာ သံပျင်ဋီကာနိဿယတောင် ပါလိုက်ပါသေးတယ်။ သံပျင်ဋီကာဆိုတာ
ကျစွာမင်းရဲ့သမက်ဖြစ်ပေမယ့် ရဟန်းငယ်တစ်ပါး ပြုစုခဲ့တာပါ။ ဒီကျမ်းပြုစုလို့လဲ ဘုရင့်သမီးတော်
ရခဲ့တဲ့ရာဇ၀င် ရှိပါတယ်။ သံပျင်ဋီကာနဲ့ပက်သက်လို့ သီးသန့်ရေးသားပါဦးမယ်။
ဆရာတော်ပြုစုခဲ့တဲ့ နိဿယကျမ်းတွေထဲက
မြန်မာပြည်အရပ်ရပ်က အိမ်တိုင်းအိမ်တိုင်းမှာ တွေ့နေရတဲ့ နိဿယကျမ်း တစ်စောင်ကို ပြပါဆိုရင်
ဓမ္မစကြာနိဿယကိုပဲ ပြရမှာပါ။ မြန်မာပြည် သာသနာသမိုင်းမှာ ဓမ္မစကြာပါဠိကို ပထမဆုံး နိဿယပြန်ဆိုတာ
ဆရာတော်ဦးဗုဓ်ဖြစ်တယ်လို့ သမိုင်းဆရာတို့က ဆိုကြပါတယ်။ ဓမ္မစကြာပါဠိကို ခေတ်အဆက်ဆက်
တခြားဆရာတော်တွေ နိဿယပြန်ဆိုခဲ့ပေမယ့် ဆရာတော်ဦးဗုဓ်နိဿယကို မကျော်နိုင်ခဲ့လို့လဲ
အစမှာ ” ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ၊ ဣသိပတန နာမကေ” အစချီတဲ့ အမွှမ်းဂါထာသုံးပုဒ် ရှိပါတယ်။ အဲဒီဂါထာသုံးပုဒ်က
ဘုရားဟော မဟုတ်ပါဘူး။ ဆရာတော်ဦးဗုဓ် ဓမ္မစကြာပါဠိနိဿယ ပြန်ဆိုရေးသားစဉ်က ဓမ္မစကြာကို
ကြည်ညိုလွန်းလို့ဆိုပြီး ဆရာတော်ကိုယ်တိုင် ပါဠိဂါထာသုံးပုဒ်ကို သီကုံးပြီး ထည့်သွင်းခဲ့တာပါ။
ဒီနေ့အထိ အဲဒီဂါထာသုံးပုဒ်ကို ဓမ္မစကြာရဲ့ ပါဠိအစမှာ တွေ့နိုင်ပါတယ်။ ဆရာတော်ဦးဗုဓ်နဲ့
ပက်သက်ပြီးပြောရမယ်ဆိုရင် ပြောစရာတွေအများကြီးပါပဲ။ ပြောချင်တာတွေထဲက တစ်ခုပြောစရာရှိပါသေးတယ်။
အဲဒါခုဒ္ဒသိက္ခာနိဿယကျမ်းရဲ့ ရာဇ၀င်ပါ။ ခုဒ္ဒသိက္ခာကျမ်းဆိုတာ ရဟန်းတော်တွေ အတွက် ၀ိနည်းကျင့်ဝတ်တွေကို
ပြထားတဲ့ကျမ်းပါ။ ဂါထာပေါင်း ၄၈ ဂါထာရှိပါတယ်။
အဲဒီခုဒ္ဒသိက္ခာကျမ်းကို
နိဿယပြန်ဆိုနေချိန်မှာ ဆရာတော်ဦးဗုဓ်ရဲ့ ကျန်းမာရေးက လုံးဝမကောင်းပါဘူး။ ဒူလာသွေးဝမ်းကျရောဂါ
ဖြစ်နေပါတယ်။ ရောဂါက လျော့မသွားပဲ တိုးလို့ တိုးလို့သာ ဖြစ်နေပါတယ်။ အဲဒီတော့ ကုဋီတက်လိုက်၊
ကျောင်းပေါ်ပြန်တက်ပြီး စားရေးလိုက်နဲ့ စာရေးရတာ အတော်ဒုက္ခရောက်ပါတယ်။ စားရေးတယ်ဆိုတဲ့
နေရာမှာလည်း ပြောစရာက ရှိလာပြန်ပါတယ်။ ဆရာတော်ဦးဗုဓ်တို့ ခေတ်တုန်းက ဒီခေတ်လို ဘောလ်ပင်တွေ
ဖောင်တိန်တွေနဲ့ ရေးရတာမဟုတ်ပါဘူး။ ပေရွက်ပေါ်မှာ ကညစ်တံနဲ့ ခဲရာခဲဆစ်ရေးရတာပါ။ ဘယ်လောက်
ဒုက္ခရောက်မလဲဆိုတာ တွေးသာကြည့်ပါတော့။
ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး
စာရေးလိုက်နဲ့ စာရေးရတာ အတော်အနှောင့်အယှက်ဖြစ်နေတာ နောက်ပိုင်း ကျောင်းပေါ်ပြန်မတက်တော့ပဲ
ကုဋီထဲမှာပဲ နေလိုက်ပါတော့တယ်။ တပည့်ကြီးတွေကို ကုဋီနံရံမှာ သင်ပုန်းလိုမီးသွေးနဲ့
သုတ်လိမ်းခိုင်းစေပါတယ်။ ၀မ်းသွားလိုက်၊ စာထရေးလိုက်နဲ့ နေ့မနား ညမနား ရေးသားပါတယ်။
ဆရာတော်ရေးပြီးတဲ့ ကုဋီနံရံကစာတွေကို တပည့်ကြီးတွေကလာပြီး ပုရပိုက်နဲ့တစ်ဆင့် ကူးယူပေးထားရပါတယ်။
ဒီလိုနဲ့ ကျမ်းတစ်စောင်ပြီးတဲ့ အထိပါပဲ။
ဆရာတော်ရောဂါဖြစ်နေတဲ့ကြားက
အနားမယူဘဲ ဘာကြောင့် ကျမ်းတစ်စောင်ပြီးအောင်ရေးခဲ့သလဲ။ သာသနာတော်အတွက်ဆိုတဲ့ ယုံကြည်ချက်
တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကျော်ကြားမူ၊ ဘာအောင်မြင်မူကိုမှ မျှော်ကိုးပြီး ရေးသားခဲ့တာမဟုတ်ပါဘူး။
တကယ့်သဒ္ဓါစစ်စစ်နဲ့ ရေးသွားတာပါ။
ဆရာတော်က ဒီအကြောင်းအရာနဲ့
ပက်သက်ပြီး ခုဒ္ဒသိက္ခာနိဿယ နိဂုံးမှာ အောက်ပါအတိုင်း ရေးသားပေးထားတာကို တွေ့ရပါတယ်။
ဝိဇ္ဖ မာနေပိ ရောဂမှိ၊
တံ နပေက္ခ ၀ယောကတော
တသ္မာဟိ မနုယုဉ္စန္တု။
သောတာရတ္တာန ပေက္ခိနော၊
မြန်မာပြန်
” ကိုယ့်စိတ်မသာ ကျင်နာခြင်း
ရှိလျှက်လည်း ထိုရောဂါကို မငဲ့မူ၍သာလျှင် ခုဒ္ဒသိက္ခာနိဿယကို ရေးသားပြုစုအပ်၏။ ထိုကြောင့်
သင်စာသင်သားတို့သည် ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ ဤခုဒ္ဒသိက္ခာကျမ်းကို ကိစ္စတစ်ပါး၊ စွန့်ပစ်ထား၍
ဖန်များကြိမ်ခါ လွန်စွာကြိုးထုတ် အားထုတ်မြဲပင် ယှဉ်စေကုန်သတည်း”
ဒီနိဂုံးပါဠိ အမှာလေးကို ပြန်ပြန်ကြည့်မိတိုင်း ဆရာတော့်အပေါ် ကြည်ညိုလို့မဆုံး ဖြစ်မိပါတယ်။
ဒီနိဂုံးပါဠိ အမှာလေးကို ပြန်ပြန်ကြည့်မိတိုင်း ဆရာတော့်အပေါ် ကြည်ညိုလို့မဆုံး ဖြစ်မိပါတယ်။
ဆရာတော်ဦးဗုဓ်ဟာ စကားအလွန်နည်းတော့
တသီးတသန့် သြ၀ါဒပေးထားတာတွေ ဘာတွေ သိပ်မတွေ့ရပါဘူး။ သြ၀ါဒပေးတာလည်း သိပ်ပြီးအားသန်ပုံ
မပေါ်ပါဘူး။ အသက်ထက်ဆုံး လက်ကိုင်ထားပြီး ကိုယ်တိုင်လဲကျင့်သုံး တပည့်တွေကိုလည်း ကျင့်သုံးစေခဲ့တဲ့
ရွှေစကားလေးတစ်ခုရှိပါတယ်။ အဲဒီ ရွှေစကားလေးကတော့ ” ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရားမကဲ့ရဲ့အောင်နေ”
ပါတဲ့
ကျမ်းကိုး၊
၁။ ညောင်ကန်သာသနာဝင်(ဦးသုဒဿန)
၂၊ ဆရာတော်ဦးဗုဓ် ( နှစ် (၂၀၀) ပြည့်စာစောင်
၃။ မယ်နုအုတ်ကျောင်းဆရာတော်( အရှင်ပညာသာမိ)
မှီခိုကျမ်းကိုး-
-၁။ ညောင်ကန်သာသနာဝင်(ဦးသုဒဿန)
၂၊ ဆရာတော်ဦးဗုဓ် ( နှစ် (၂၀၀) ပြည့်စာစောင်
၃။ မယ်နုအုတ်ကျောင်း ဆရာတော်( အရှင်ပညာသာမိ)
- ဆရာတော် ရဝေနွယ် (အင်းမ)၏
""ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့ ၊ ဘုရားမကဲ့ရဲ့အောင်နေ” "ဓမ္မဆောင်းပါး ။
မြတ်သတိ မတ် ၂၀၀၁
နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်-
"လုံမငြိမ်းချမ်း"
12th, August.2013
(12:35pm)
No comments:
Post a Comment