
မြတ်စွာဘုရားအား
မစောင့်ရှောက်ရသော တရားလေးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ-
-
ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော ကိုယ်အကျင့် ရှိတော်မူ၏၊ ''ငါ၏ ဤကာယ ဒုစရိုက်မှုကိုသူတစ်ပါး
မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ကာယဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။
-
ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော နှုတ်အကျင့်ရှိတော်မူ၏၊ ''ငါ၏ ဤဝစီဒုစရိုက်မှုကိုသူတစ်ပါး
မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ဝစီဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။
-
ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော စိတ်အကျင့်ရှိတော်မူ၏၊ ''ငါ၏ ဤမနောဒုစရိုက်မှုကိုသူတစ်ပါး
မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် မနောဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။
-
ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော အသက်မွေးမှု ရှိတော်မူ၏၊ ''ငါ၏ ဤမှားယွင်းသောအသက်မွေးမှုကို
သူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက်ရသည့် မိစ္ဆာဇီဝမျိုးသည်မြတ်စွာဘုရားအား
မရှိ။
မြတ်စွာဘုရားအား
မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း။
.....................................................................
အဘယ်
အကြောင်းသုံးမျိုးတို့ဖြင့် (မြတ်စွာဘုရားအား) မစွပ်စွဲအပ်သနည်း။
-
ရဟန်းတို့ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထား၏၊
ထိုအရာ၌
သမဏဖြစ်စေဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို ''ဤအကြောင်းကြောင့်
အသျှင်သည် တရားတော်ကို ကောင်းစွာ ဟောသူ မဟုတ်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွစောဒနာ
နိုင်လိမ့်မည်ဟူသော အကြောင်းကို ငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍
ဘေး မရှိခြင်းသို့ ရောက်သည် ကြောက်ရွံ့မှုကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ရောက်သည်
ဖြစ်၍ နေ၏။
-
ရဟန်းတို့ တပည့်သာဝကတို့အား နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ငါကောင်းစွာ ပညတ်ထား၏၊
ပညတ်တော်မူတိုင်း
ကျင့်ကုန်သော ငါ၏ တပည့်သာဝကတို့သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော
လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင်
ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက်နေရကုန်၏။
ထိုအရာ၌
သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေလောက၌ မည်သူမဆို ''ဤအကြောင်းကြောင့်
အသျှင်သည် တပည့်သာဝကတို့အားနိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကောင်းစွာ ပညတ်ထားသည် မဟုတ်၊
ပညတ်တိုင်း ကျင့်ကြကုန်သောအသျှင်၏ တပည့်သာဝကတို့သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။
မျက်မှောက်ပြု၍ရောက်လျက် မနေရကုန်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွ စောဒနာလိမ့်မည်
ဟူသော အကြောင်းကိုငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍ ဘေးမရှိခြင်းသို့
ရောက်သည်ကြောက်ရွံ့မှု ကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ ရောက်သည် ဖြစ်၍ နေ၏။
-
ရဟန်းတို့ အရာမက များစွာကုန်သော ငါ၏ တပည့်သာဝက ပရိသတ်တို့သည် အာသဝေါတရား တို့၏ကုန်ခြင်းကြောင့်။ပ။
မျက်မှောက်ပြု၍ ရောက်လျက် နေကြရကုန်၏။
ထိုအရာ၌
သမဏဖြစ်စေဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို ''ဤအကြောင်းကြောင့်အသျှင်၏
အရာမက များစွာကုန်သော တပည့်သာဝကပရိသတ်တို့သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော
လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင်
ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်လျက် မနေရကုန်''ဟု ဤသို့ ငါ့ကို အကြောင်းနှင့်တကွ
စောဒနာလိမ့်မည်ဟူသော ထိုအကြောင်းကို ငါမမြင်။ ရဟန်းတို့ ငါသည် ထိုအကြောင်းကို မမြင်သည်ဖြစ်၍
ဘေး မရှိခြင်းသို့ ရောက်သည် ကြောက်ရွံ့မှုကင်းခြင်းသို့ ရောက်သည် ရဲရင့်ခြင်းသို့ ရောက်သည်
ဖြစ်၍ နေ၏။
ဤအကြောင်းသုံးမျိုးတို့ဖြင့်
(မြတ်စွာဘုရားအား) မစွပ်စွဲအပ်။
ရဟန်းတို့
မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း၊ ဤအကြောင်းသုံးမျိုးတို့ဖြင့်လည်း
(မြတ်စွာဘုရားအား) မစွပ်စွဲအပ်ဟု (မိန့်တော်မူ၏)။
{အင်္ဂုတ္တရနိကာယ်၊
သတ္တကနိပါတ်၊ ပဏ္ဏာသက၊ အဗျာကတဝဂ်၊ အရက္ခေယျသုတ်}
No comments:
Post a Comment