Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, February 12, 2014

တပို့တွဲလပြည့် သြဝါဒ ပါတိမောက် အခါတော်နေ့ နှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ



 ကချင်ပြည်နယ်၊ ဟိုပင်မြို့ အရှေ့ကျောင်းကြီးတိုက်တွင် နှစ်စဉ် တပို့တွဲလဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ၇ ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည်။ ယခင် ရဟန်းသံဃား ရှားပါးစဉ်ကာလက မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်မှ သံဃာတော်များအပါအ၀င် နှစ်စဉ် ရဟန်း ၁၀၀ ကျော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ကြွရောက်ကာ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကြပါသည်။ ယခုအခါ ဟိုပင်မြို့နယ်တွင် သာသာနာစည်ပင်ဝေဖြာလာ၍ ကျောင်းကန်ဘုရားများ ပေါများလာကာ ရဟန်းတော်များစွာ သီတင်းသုံးနေထိုင်လာကြသည့်အတွက် ၎င်းမြို့နယ်မှ ရဟန်းတော် ၁၀၀ ကျော်မျှဖြင့် ဆက်လက်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို နှစ်စဉ် ကျင်းပကာ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက်ရှိပေသည်။


ယခင် စီးပွားရေး လုပ်ငန်း ကိုင်ငန်း ကောင်းစဉ်အခါက ဖားကန့်ခေတ်ကောင်းစဉ်အခါက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် ကြွရောက်တော်မူလာကြသော ရဟန်းသံဃာတော် ၁၀၀ ကျော်ကို တစ်ဦးချင်း တစ်ယောက်ချင်း ကုသိုလ်ရှင်များမှ ၇ ရက်တိုင်တိုင် ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြပါသည်။ ခေတ်မကောင်း၍ စီးပွားရေးအဆင်မပြေလာကြသောအခါတွင်လည်း ဆွမ်းဝိုင်း ၁ ၀ိုင်းလျှင် ၅၀၀၀ နှုန်းဖြင့် စုပေါင်းလှူဒါန်းမှုတွေ များလာခဲ့သောကြောင့် မြို့သူမြို့သားများ၏ ညီညွှတ်မှုစွမ်းအား သဒါတရားကား လျှော့မသွားခဲ့ပေ။

နေ့လည် နေ့ခင်းများတွင် ရပ်ဝေးရပ်နီးမှ ပဋ္ဌာန်းတရားနာယူရန်ရောက်ရှိလာကြသော ဧည့်သည်များကိုလည်း ထမနဲများ၊ ဇီးသီးဆားရေစိမ်၊ ဇီးဖြူသီး ဆားရေစိမ်များဖြင့်၊ ၇ ရက်တိုင်တိုင် ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် တည်ခင်းဧည့်ခံကာ ကုသိုလ်ယူကြပေသည်။

ကြွရောက်တော်မူလာကြသော သံဃာတော် ၁၀၀ ကျော်ကလည်း ယခင်နှစ်များနှင့်မတူ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာ ၇ ရက်တိုင်တိုင် ရပ်ကွက်တွင်းသို့ အလှည့်ကျ ဆွမ်းဆန်စိမ်းခံကြွရောက် ချီးမြှောက်ကြပါသည်။ ၇ ရက်ပြည့်၍ တပို့တွဲလပြည့် ပဋ္ဌာန်းသိမ်းပွဲနေ့တွင်လည်း ၇ ရက်တိုင်တိုင် စေတနာရှင် ကုသိုလ်ရှင်များ ပဋ္ဌာန်းတရားနာကြွရောက်လာကြသည့် ရပ်ဝေးရပ်နီးမှ ဒကာ-ဒကာမများလှူဒါန်းထားသော န၀ကမ္မ အလှူတော်ငွေများ ဒါတဗ္ဗ၀တ္ထုအစုစုတို့ကို စာရေးတံမဲချလှူဒါန်းကာ ကုသိုလ်ယူကြပါသည်။ ကချင်ပြည်နယ် ဟိုပင်မြို့တွင် ကျင်းပသော အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကား တနယ်လုံးတွင် တစ်နေရာတည်းသာ မြို့နယ်လုံးကျွတ် ကျင်းပပြုလုပ်ရသည့်အတွက်  အခြားအခြားသော နေရာဒေသများမှ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီးများ နှင့် မတူအောင် စည်ကားသိုက်မြိုက်လှပေသည်။

သြ၀ါဒပါတိမောက်အခါတော်နေ့

တပို့တွဲလပြည့်သည် ဘုရားရှင်တိုင်းတပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်တွေကတော့
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့
- အရှင်သာရိပုတ္တရာ ပညာအရာဧတဒဂ်ရပြီး အရှင်မဟာမောဂ္ဂလန် တန်ခိုးအရာ ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... စသည်ဖြင့် အများကြီးရှိပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။ ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။ ဥပမာ ...

၁) ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂) သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃) ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။
၎) ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့သည် သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့ကား ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင် အဆုံးအမ သြဝါဒ နှင့် ပညတ်တော် မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်လို့ ခေါ်ပါသည်။ ဘုရားရှင်အားလုံး သြဝါဒ ပါတိမောက် ဂါထာကို ရွတ်မြဲ ပြမြဲ ဖြစ်ပါသည်။

အပါယ်ဘေးမှ ကင်းဝေးစေသည့် အဆုံးအမကို သြဝါဒ ဟုခေါ်ပြီး ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒ ပါတိမောက်ပြသည် ဟု ဆိုလိုသည်။

ပါတိမောက်သည် သြဝါဒပါတိမောက် နှင့် အာဏာ ပါတိမောက် ဟု ၂ မျိုးရှိ၏။ သြဝါဒ ပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြုခွင့်ရှိပြီး၊ တပည့်သာဝက တို့ကား ပြခွင့်မရှိပါ။ တပည့်သံဃာတို့သည် အာဏာပါတိမောက်ကိုသာ ပြုခွင့်ရှိပါသည်။

လောဘ၊ဒေါသ ၊ မောဟ စရိုက်များများထူပြောချိန်တွင် သြဝါဒတည်မြဲရန် ခဲယဉ်းသောကြောင့် ၊ ဝါတော် -၂၀ လွန်လျှင်၊ တပည့်သံဃာတို့အား ၊ အာဏာပါတိမောက်ကို ပြစေရပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခု ရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ... ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

လွန်ကဲစွာ အမြဲသည်းခံခြင်းသည် မြတ်သော အကျင့်မည်၏၊
နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့ ဟောတော်မူကုန်၏၊
သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်သူသည် ရဟန်းမဟုတ်။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား၊
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ သုံးဖြာ၍စကား။

အနုပဝါဒေါ အနုပဃာတော ၊ ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ ဟ ဘတ္တသ္မိံ။ ပန္တဉ္စ သယနာသနံ ။
အဓိစိတ္တေ စ အာယာဂေါ ၊ ဧတံ ဗုဒ္ဓါန သာသနံ။ 

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့မှာ ဘုရားရှင်တို့ ဟောကြားတော်မူသော သြ၀ါဒပါတိမောက် ဒေသနာတော်ကို ရွတ်ဖတ်ပွါးများ အားထုတ်ခြင်းဖြင့် ကုသိုလ် ယူနိုင်ကြပါစေ)

No comments:

Post a Comment