ညောင်ရွှေမြို့၏ မူလအမည်မှာ
ရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှ ကုန်းမြေဟု အဓိပ္ပာယ်ရသည်။ ယောင်ဝှေဟုပြောသော
ရှမ်းသံကို မြန်မာတို့က ညောင်ရွှေဟုကြား၍ မှတ်တမ်းတင် ရေးသား၊ ခေါ်ဆိုရာမှ ညောင်ရွှေဟု
အမည်ခေါ်တွင်ခဲ့သည်။ သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သော စော်ဘွားကြီး
ဆီဆိုင်ဖလက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့်ကာလ၊ ယခုသန်းထောင်ဘုရားနယ်မြေအတွင်း
တစ်ခုသောနေရာတွင် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှာ
ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြသည်။
ထိုအခါ စော်ဘွားကြီးဆီဆိုင်ဖ ထံသွားရောက် သတင်းပေး ကြလေသည်။
စော်ဘွားကြီးဆီဆိုင်ဖသည်
အားရ၀မ်းသာဖြစ်ပြီး ဆွေတော်မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ်မြောက်မြားစွာ ခြံရံ၍
သန်းထောင်အရပ်သို့ ချီတတ်လာကာ ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို
တူးဖော်ကြည့်ရာ ဘုရားရှင်ရုပ်ပွားတော်(၅)ဆူတို့ကို ဖူးမြင်တွေ့ရှိရလေသည်။ ၎င်းရုပ်ပွားတော်ငါးဆူအနက်
နှစ်ဆူမှာရဟန္တာပုံတော်ဟု သိရှိရသည်။ ၎င်းရုပ်ပွားတော်ငါးဆူတို့ကို ဖောင်တော်ဦး ရုပ်ပွားတော်ဟု
ခေါ်ဝေါ်ခဲ့ကြသည်။ ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဆိုရခြင်းအကြောင်းအရင်းမှာ ကောဇာသက္ကရာဇ်
(၄၀၄)ခုနှစ်တွင် မင်းအဖြစ်ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိအလောင်းစည်သူမင်းကြီးသည်
သာသနာတော်မြတ် စည်ပင်ပြန့်ပွားထွန်းကားခြင်းကို လိုလားသောမင်းမြတ်ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း
အလုံးစုံနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက် သီဟိုဠ်မင်းက
ဆက်သလိုက်သော သင်းကနတ်ဖောင်တော်ဖြင့် လှည့်လည်ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းသို့
ရောက်လျှင် (၎င်းကျွန်းသည် အန္ဒိယပြည်မဒရပ်နယ် တောင်ဘက်ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ၊ ကရမက်စသည်
အလွန်ပေါသည်ဟု သိရသည်။) သိကြားမင်းက ဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွ သရက္ခန်နံ့သာနှစ်အသားတို့ကို
ရုပ်ပွားတော်(၅)ဆူထုလုပ်စေတော်မူပြီးလျှင် ဖောင်တော်၏ရှေ့ဦးတွင် ပင့်တင်ကိုးကွယ်ယူဆောင်တော်မူလျက်
နေပြည်တော်ပုဂံမြို့သို့ ရောက်ရှိတော်မူလေသည်။ ဤသို့ ဖောင်တော်အရှေ့ဦး၌ တင်ယူကိုးကွယ်ခဲ့သော
ဘုရားဖြစ်ခြင်းကြောင့် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်းဖြစ်သည်။
စော်ဘွားကြီးဆီဆိုင်ဖသည်
ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိနေပြည်တော် ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး
ဟော်နန်းဦးစံပြဿဒ်ပေါ်တွင် ကိုးကွယ်ပူဇော်တော်မူပြီးမှ နှစ်စဉ်သီတင်းကျွတ်လဆန်း(၇)ရက်သို့
ရောက်သော အခါ ဟော်နန်းဦးစံပြဿဒ်မှ အောက်သို့ ပင့်ဆောင်တော်မူပြီး လှပတင့်တယ်စွာ ဆောက်လုပ်ထားသော
ပြဿဒ်မဏ္ဍပ်အတွင်း ကောင်းမွန်စွာ စံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင်ကို
ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ ဟော်နန်းဦးစံပြဿဒ်ဆောင်မှ
မြို့တွင်း သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ လူ့ပြည်သို့ ကြွဆင်းလာသော မြတ်စွာဘုရားကို
(စ၀်ဖရားလုံးစိုင်း)ဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သဖြင့် မူလဖောင်တော်ဦးဟူသောအမည်မှာ
အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ ညောင်ရွှေမြို့၌ နှစ်ပေါင်း(၂၅၆)နှစ်ကြာ ပွဲတော်များ
ကျင်းပနိုင်ခဲ့၍ သက္ကရာဇ်(၉၇၇)ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ(စောဝ်နန်းမ၊စောဝ်နန်းဟေး)
လက်ထက်ရောက်သောအခါ ၎င်းမြို့တော် ပတ်ဝန်းကျင်ရှိ အခြားစော်ဘွားမြို့စားတို့က မြို့တော်ကို
ထိပါးတိုက်ခိုက် နှောင့်ယှက် ဝေဖန်မှုများသောကြောင့် ဗုဒ္ဓဘာသာရှမ်းမြန်မာတို့ အထွတ်အထိပ်ဖြစ်သော
ယင်းဖောင်တော်ဦးရုပ်ပွားတော်(၅)ဆူတို့ကို စစ်ဘေး၊ စစ်ဒဏ်ရန်အန္တရာယ် ကင်းရှင်းရာဖြစ်သော
ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့်ကျွန်သီးတော်တို့အား (၁၂)မှုမင်းရေးကိစ္စကို
ခပ်သိမ်းလွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ၎င်းတို့၏ သူကြီးအား ရုပ်ပွားတော်တို့ကို စောင့်ရှောက်
ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အ၀၀တိုင်းကို အမိန့်အာဏာများ အပ်နှင်းပြီး အထူးထိန်းသိမ်း
စောင့်ရှောက်စေခဲ့သည်။
၎င်းအသည်တော်တို့ နေထိုင်ရာရပ်ကွက်၌
စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းစေသော အကြောင်းအရင်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၌
ဘုရားကိုယ်စားရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက် ကိုးကွယ်ထားသော
ကျွန်သီးတော်ခေါ်အသည်တော်များ နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ၀င်ရောက်တိုက်ခိုက်
နှောက်ယှက်ထိပါး ဖျက်ဆီးခြင်း မပြုလုပ်ရဟူသော ဘာသာတရားအရ ရန်သူတစ်ဦးတစ်ယောက်မျှ
ဝင်ရောက်နှောင့်ယှက်ခြင်းမပြုရ ဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာ
နေထိုင်ရသောသူများ ဖြစ်သည့်အလျောက် ၎င်းတို့နေထိုင်ရာရပ်ကွက်၌ စစ်ဘေး၊ စစ်ဒဏ် ရန်အန္တရာယ်ကင်းရှင်းခြင်းဖြစ်သည်။
၎င်းရပ်ကွက်ကား ရွှေအင်းတိမ်ဘုရားကြီး၏ အရှေ့ဘက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း
တောင်ဘက် ယခုဆော်မရွာဟုခေါ်သော ရပ်ကွက်ပင် ဖြစ်လေသည်။ ဆော်မရွာအနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု
ရှေးကရှိခဲ့သည်။ ၎င်းရွာသည် အယုတ်တော်များ နေရာရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ၊
လူကြီးများ နှုတ်အမှတ်အသားထားရှိခဲ့ကြကြောင်း သိရှိရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော
အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရားဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြသည်။
ဖောင်တော်ဦးဘုရား ဒေသစာရီ
ကြွချီခြင်း၊
ဖောင်တော်ဦးရုပ်ပွားတော်မြတ်တို့ကို
အသည်တော်များက အစဉ်အလာမပျက် ဆက်လက်ကျင်းပလာခဲ့သော မူလပွဲတော်ရက်ဖြစ်သည့် သီတင်းကျွတ်လဆန်း(၇)ရက်နေ့တွင်
ညောင်ရွှေမြို့သို့ အရောက် ပင့်ဆောင်ရမည်ဟု အာဏာပိုင်တို့ အမိန့်ပညတ်ချက်များအရ...
သီတင်းကျွတ်လဆန်း (၅) ရက်၊
ဆော်မရွာ ကျောင်းတော်မှ အောက်သို့ဆင်းကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၆) ရက်၊
ဟဲယာရွာမသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၇) ရက်၊
ညောင်ရွှေမြို့ သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၈) ရက်၊
နမ့်သဲရွာသို့ကြွ နေ့ဆွမ်းကပ်ပြီးလျှင် နမ့်ပန်သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၉) ရက်၊
နောင်တောရွာသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၀)
ရက်၊ ရွာကြီးဘန်းပုံသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၁)
ရက်၊ ဆော်မရွာကျောင်းတော်သို့ အရောက်ကြွတော်မူကာ မြို့ရွာနေ၊ ပြည်သူပြည်သားတို့၏ အပူဇော်ခံ(၈)ဌာန
ပွဲတော်သဘင်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့လေသည်။
သက္ကရာဇ်(၁၁၃၃)ခုနှစ် အချိန်ကာလတွင်
အင်းတိမ်ဆော်မရွာရှိ ဖောင်တော်ဦးကျောင်းတော်ကို မီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင်
ကျောင်းတော်ဆောက်လုပ်ပြီး ရုပ်ပွားတော်(၅)ဆူကို ပင့်တင့်ရွှေ့ပြောင်းပြီးလျှင် စောင့်ရှောက်ထားရာမှ
သက္ကရာဇ်(၁၂၄၃)ခုနှစ်တွင် ရွာကြီးဘန်းပုံကျောင်းတော်မှ သာလေးတိုက်နမ့်ဟူးရွာ နမ့်ဟူးကျောင်းတော်သို့
ရွှေ့ပြောင်း စောင့်ရှောက်ခဲ့လေသည်။ ထို့နောက် မူလ(၈)ဌာနသို့ ဒေသစာရီကြွချီရာမှ (၁၉)ဌာနတိုင်အောင်
ကြွချီတော်မူပြန်သည်။
သီတင်းကျွတ်လဆန်း (၃) ရက်၊
မူလဂန္ဓကုဋီမှကျောင်းဦး ဗုဒ္ဓါသန ပလ္လင်တော်
သီတင်းကျွတ်လဆန်း (၄) ရက်၊
ကျောင်းတော်မှ အင်းတိမ်
သီတင်းကျွတ်လဆန်း (၅) ရက်၊
အင်းတိမ်မှ ဟဲယာရွာမ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊
ဟဲယာရွာမမှ ညောင်ရွှေ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၉) ရက်၊
ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၉) ရက်၊
နမ့်သဲမုန့်ထုပ်မှ လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၀)
ရက်၊ လင်းကင်းမှ ကြေးစား (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁)
ရက်၊ မိုင်းသောက်မှ သလဲဦး (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁)
ရက်၊ သလဲဦးမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂)
ရက်၊ ငါးဖယ်ချောင်မှ ဇရပ်ကြီး (၁) နာရီ
သီတင်းကျွတ်လဆန်း (၁၂)
ရက်၊ ဇရပ်ကြီးမှ ဘုရားပေါက် (၅) နာရီ
သီတင်းကျွတ်လဆန်း (၁၂)
ရက်၊ ဘုရားပေါက်မှ နမ့်ပန် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃)
ရက်၊ နမ့်ပန်မှ နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄)
ရက်၊ နောင်တောမှ မန်ကျည်းဆိပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၁၄)
ရက်၊ မန်ကျည်းဆိပ်မှ ကျိုမ့်ခမ်း (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်
(၁) ရက်၊ ကျိုင့်ခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်
(၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (၅) နာရီခွဲ
သီတင်းကျွတ်လပြည့်ကျော်
(၂) ရက်၊ အင်းပေါခုံမှ ရွာကြီးရေသာ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊
ကျောင်ဦးဗုဒ္ဓါသနပလ္လင်မှ မူလဂန္ဓကုဋီတိုက်သို့ ဒေသစာရီ ကြွချီတော်မူလေသည်။
ယခုအခါတွင တော်သလင်းလကွယ်နေ့မှစ၍
သီတင်းကျွတ် လပြည့်ကျော်(၃)ရက်နေ့အထိ တိုင်အောင် (၁၈) ရက် ဒေသစာရီကြွချီတော်မူသော အရပ်ဒေသများမှာ...
တော်သလင်းလကွယ်နေ့ မူလ
ဂန္ဓကုဋီတိုက်မှ ကျောင်းဦး ဗုဒ္ဓါသနပလ္လင်တော်
သီတင်းကျွတ်လဆန်း (၁) ရက်၊
ကျောင်းတော်မှ အင်းတိမ်သို့ကြွ (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၂) ရက်၊
အင်းတိမ်မှ ဟဲယာရွာမ (၂) ညကျိန်း
သီတင်းကျွတ်လဆန်း (၄) ရက်၊
ဟဲယာရွာမမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၅) ရက်၊
ငါးဖယ်ချောင်းမှ ကြေးစားကုန်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၆) ရက်၊
ကြေးစားကုန်းမှ ပွဲစာကုန်း (နေ့ဆွမ်း) လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊
လင်းကင်းမှ ညောင်ရွှေမြို့
သီတင်းကျွတ်လဆန်း (၁၀)
ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (နေ့ဆွမ်းး) မိုင်းသောက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၁)
ရက်၊ မိုင်းသောက်မှ သလဲဦး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂)
ရက်၊ သလဲဦးမှ ကေလာ (နေ့ဆွမ်း) ဇရပ်ကြီး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃)
ရက်၊ ဇရပ်ကြီးမှ နန်းပန်ဘုရားပေါက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄)
ရက်၊ ဘုရားပေါက်မှ မန်ကျည်းဆိပ် (နေ့ဆွမ်း) ကျိုင်းခမ်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၅)
ရက်၊ ကျိုင်းခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်
(၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (နေ့ဆွမ်း) နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်
(၂) ရက်၊ နောင်တောမှ ရွာကြီးရေသေ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်
(၃) ရက်၊ ရွာကြီး ရေသေမှ မူလဂန္ဓာကုဋီတိုက်သို့ ပြန်လည် ရောက်ရှိ တော်မူပါသည်။
ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား
ကြည်ညိုသဒ္ဓါ ပွားများစေလိုသည့် စေတနာ၊ အင်းသူ/အင်းသားတို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုသည်
မည်မျှကြီးမားကြောင်းကို သိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် တင်ပြရခြင်းဖြစ်ပါသည်။
From မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတီတော်များ
No comments:
Post a Comment