လူဟုဖြစ်လာလျှင် တစ်ဦးတစ်ယောက်တည်းနေ၍
မရပါ၊ နိုင်ငံရေးအားဖြင့်လည်း တစ်နိုင်ငံတည်းရပ်တည်၍ မရပါ၊ ချမ်းသာသည့်နိုင်ငံကြီးပင်ဖြစ်စေကာမူ
နိုင်ငံတကာနှင့်ပေါင်းသင်းဆက်ဆံရပါသည်၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ
ပေါင်းသင်းဆက်ဆံလုပ်ကိုင်ကြပါမှ မိမိတို့အလိုရှိသော စီးပွားရေး ပညာရေး ကျမ်းမာရေးအစရှိသည်တို့သည်
လွယ်ကူစွာ တိုးတက်ဖြစ်ထွန်းနိုင်စွမ်းရှိပါသည် ။
ယခုခေတ် မျက်မြင်အားဖြင့်
တစ်နိုင်ငံနှင့်တစ်နိုင်ငံ မဟာမိတ်ဖွဲ့ကာ မိမိတို့နိုင်ငံတိုးတက်ကြီးပွားရန်အတွက် ကူးသန်းရောင်းဝယ်ခြင်း၊
နည်းပညာ ဖလှယ်ခြင်းစသော လုပ်ငန်းများကို နိုင်ငံတိုင်း၍ လုပ်နေကြသည်မှာ သက်သေပင် ဖြစ်သည်
။ ထိုကဲ့သို့ လုပ်ကိုင်နေကြရာတွင် လူမှုဆက်ဆံရေးကောင်းသော သံတမန်နည်း လိမ္မာကျွမ်းကျင်သောနိုင်ငံသည်
လွယ်ကူစွာတိုးတက်၍ ဆက်ဆံရေးမလိမ္မာ မကျွမ်းကျင်သောနိုင်ငံသည် အောက်ကျနောက်ကျ ဖြစ်နေပုံကို
ယခု မိမိတို့နိုင်ငံကို ကြည့်ခြင်းအားဖြင့်လည်းကောင်း ၊ အိမ်နီးချင်းနိုင်ငံတို့ကို
ကြည့်ခြင်းအားဖြင့်လည်းကောင်း လွယ်ကူစွာ သိနိုင်ပါသည် ၊ ပေါင်းသင်းဆက်ဆံရေး မလိမ္မာ၍
အလုပ်မှ ထုတ်ခံရခြင်း ၊ ရသင့်သော စည်းစိမ်ဥစ္စာ အခွင့်အရေးစသည်တို့ ဆုံးရှုံးရခြင်း၊
အဖွဲ့အစည်းထဲက အလိုလို အပြင်သို့ ရောက်ရှိသွားခြင်း ၊ နိုင်ငံရေး၌ စီးပွားရေးပိတ်ဆို့
အရေးယူခံရခြင်းတို့သည် နေရာတကာ၌ ဒုနှင့်ဒေးပင်ဖြစ်သည် ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့
အရေးယူခံရသော နိုင်ငံသည် များစွာနစ်နာမှုဖြစ်ကြောင်း မိမိတို့နိုင်ငံတစ်ခုတည်းကိုပင်ကြည့်၍
သက်သေပြုနိုင်ပါသည် ။
မိမိတို့ရပ်ရွာ နိုင်ငံ
လွယ်လွယ်တိုးတက်ကြီးပွားရန်အတွက် လူမှုဆက်ဆံရေးကောင်းဖို့ လွန်စွာ အရေးကြီးသည် ၊ တစ်ဦးချင်း
တစ်ယောက်ချင်း တစ်မိသားစုချင်း အရာခပ်သိမ်း အဆင်ပြေရန်အတွက် ပေါင်းသင်းဆက်ဆံရေး လိမ္မာဖို့
လိုပါသည် ၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် စကားသည် အရေးအကြီးဆုံးဖြစ်ပါသည်၊
ကြမ်းကျွံက နုတ်ရသေး၏ ၊ စကားကျွံက နုတ်မရဟူသော မြန်မာစကားပုံ ဆိုရိုးအတိုင်း စကားတစ်လုံးကြောင့်
မိတ်ပျက်သွားခြင်း ၊ စကားတစ်ခွန်းကြောင့်ပင် သွေးချောင်းစီး စစ်ပွဲကြီးများ ဖြစ်ပွားရခြင်းကို
မြန်မာ့သမိုင်း၌လည်းကောင်း ၊ ကမ္ဘာ့သမိုင်း၌လည်ကောင်း မြင်တွေ့နိုင်ပါသည်၊ မြန်မာ့သမိုင်းရာဇ၀င်တွင်
စုက္ကတေးမင်းနှင့် အနော်ရထာမင်းတို့ စီးချင်းထိုးကြခြင်းသည်လည်း ဤစကားကြောင့်ပင် ဖြစ်သည်၊
ပုဂံရာဇ၀င်တွင် ပုဂံမင်းဆက်
၅၅-ဆက်ရှိခဲ့ရာ ကောဇာသက္ကရာဇ် ၃၂၆-ခုနှစ်တွင် ၃၉-ဆက်မြောက်ဖြစ်သော ကွမ်းဆော်ကြောင်ဖြူမင်း
နန်းတက်သည်၊ ထိုမင်း၏ မိဖုရားသုံးပါးမှ အစဉ်အတိုင်း ကျည်စိုး၊ စုက္ကတေး၊ အနော်ရထာဟူ၍
မွေးဖွားသည်၊ ပထမ ကျည်စိုးမင်းသား မင်းဖြစ်၍ မုဆိုးက သမင်နှင့်မှား၍ ပစ်မိသောကြောင့်
ကံတော်ကုန်ရာ ဒုတိယ စုက္ကတေးမင်း နန်းတက်သည်၊ စုက္ကတေးမင်းက အနော်ရထာ၏မိခင်ကို မိဖုရားဆက်မြောက်ပြီးနောက်
အနော်ရထာကို ကျီစယ်သောအားဖြင့် လူပုံအလယ်တွင် “ ညီသား နောင်မယ် “ ဟု ခေါ်ရာ အနော်ရထာက
အမျက်ထွက်ပြီး ညီအကိုအချင်းချင်း စစ်ထိုးရသည်အထိ ဖြစ်သွားရသည် ၊ နောက်ဆုံး အနော်ရထာ၏
လှံချက်မိပြီး စုက္ကတေးမင်း ကျဆုံးသွားရပါသည်၊ ညီသား နောင်မယ်ဟု ကျီစယ်ခံရရုံမျှဖြင့်
ဤမျှဆတ်ဆတ်ခါဖြစ်၍ ညီနောင်အချင်းချင်း စစ်ထိုးသေဆုံး ရသည်အထိ ဖြစ်ရသလားဟူ၍ကား အပြစ်မဆိုသင့်၊
စိတ်ထိခိုက်စရာကြုံ၍ စိတ်ထိခိုက်နေသူကို စာနာနားလည်မှုမပေးပဲ စိတ်ထိခိုက်ရကောင်းလားဟု
ပစ်ပစ်ခါခါ မပြောသင့်ပေ၊ တစ်ချို့စကားလုံးများနှင့် အပြုအမူတို့သည် မိမိအတွက် ရယ်ရွှင်ဖွယ်မျှဖြစ်သော်လည်း
သူ့အတွက်မှာတော့ နာကျည်းစရာ အခံခက်စရာ ဖြစ်နေတတ်သည်၊ ထို့ကြောင့် ဆက်ဆံရေးတွင် အဓိကလက်နက်ဖြစ်သော
စကားလုံးတို့ကို မဆင်မခြင်ပေါ့ပေါ့ဆဆအသုံးမပြုပဲ ဆင်ဆင်ခြင်ခြင် သတိထားပြောဆိုသုံးနှုန်းသင့်ပါသည်
၊
ပါးနုနေသောအသားကို လက်ညှိုးဖြင့်
တို့ကာမျှဖြင့် ဆတ်ဆတ်ခါ နာ၏၊ ထူသော အသားကိုကား ထိရုံမက ရိုက်နက်သော်ငြားလည်း မဖြုံ
၊ အယားပြေရုံမျှသာ ဖြစ်၏ ၊ ထို့အတူ စရိုက်လက္ခဏာသို့လိုက်၍ သာမန်ပြောရိုးပြောစဉ် စကားလုံးတို့သည်
အချို့လူများအတွက် ရယ်ရွှင်ဖွယ်၊ အချို့လူများအတွက်ကား နာကျည်းဒေါသထွက်ဖွယ် ဖြစ်နေတတ်ကြောင်း
ကောင်းစွာသတိထားကြရပါမည်။
လူမှုဆက်ဆံရေးနယ်ပယ်၌ စကားပြောဆိုသောအခါ
သတိမပြတ်ရှိစေရန် မြန်မာစကားပုံတို့၌လည်း “ နုတ်ချို လျှိုတစ်ပါး “ဟု လည်းကောင်း ၊
ရှင်မဟာရဋ္ဌသာရဆုံးမစာတွင် “ တစ်ယောက်စကား ၊ တစ်ယောက်နားမှာ ၊ မခါးရအောင် ၊ သတိဆောင်၍၊
မောင်တို့ဆိုလေ ၊ ပျားသကာသို့ ချိုလှစေ “ဟု လည်းကောင်း ညွှန်ပြတော်မူခဲ့ကြပါသည်၊ ထိုမှတစ်ပါးလည်း
မြန်မာစာပေတွင် လူမှုဆက်ဆံရေး၌ အဆင်ပြေချောမွေ့ စေရန် စကားကြီးဆယ်ခွန်းဟူ၍ရှိရာ ထိုဆယ်ခွန်းထဲမှ
“ခက်တင်မောင်းနင်း ပြောနည်း “ ကို အနည်းငယ် ထုတ်ဖော်ပြပါမည် ။
တစ်ခါသော် ရဲမက်ဗိုလ်ပါတို့သည်
ခိုးသူတစ်ယောက်ကို ရိုက်ပုတ်ညှင်းဆဲလျှက် သတ်ရန် သူသတ်ကုန်းသို့ ထုတ်ဆောင်လာ၏၊ ခိုးသူက
ကြောက်ကြောက်လန့်လန့်နှင့် ထိုခေတ်က မင်းရောပြည်သူပါ လေးစားကြည်ညိုရသော တောင်ဗလူးဆရာတော်၏
တူအရင်းပါဟု ပြောသောအခါ ရဲမက်ဗိုလ်ပါတို့က တောင်ဗလူးဆရာတော်ထံသို့ ခိုးသူကိုခေါ်လာ၍
ဟုတ် မဟုတ် မေးလျှောက်ကြ၏ ၊ ထိုနေရာတွင် တောင်ဗလူးဆရာတော်က အမှန်အတိုင်း မဟုတ်ဘူးပြောလျှင်
ဒီခိုးသူ အသတ်ခံရပေတော့မည်၊ ဟုတ်ပါသည်ဟု ပြောပြန်လျှင်လည်း လိမ်ညာရာ ရောက်ပေဦးမည်ဟု
စဉ်းစားဆင်ခြင်၍ “ ငါ့တူ မဟုတ်ဘူးဟု မည်သူပြောသနည်း “ ဟု မိန့်တော်မူလိုက်ရာ လိမ်ညာရာလည်း
မရောက်၊ ခိုးသူလည်း သတ်ခံရမည့်ဘေးမှ လွတ်မြောက်သွားလေသည် ၊ဆိုလိုသည်မှာ လူမှုဆက်ဆံရေးနယ်ပယ်၌
စကားဟူသည် အသုံးချတတ်မှု မချတတ်မှုအပေါ်၌ အဓိကမူတည်ကြောင်းပင် ဖြစ်သည် ၊ အသုံးချတတ်သူတို့အတွက်
စကားဟူသည် အကောင်းဆုံးသော လူမှုဆက်ဆံရေး တံတားတစ်စင်းဖြစ်၍ မိမိအလိုရှိအပ်သော လောကီ
လောကုတ္တရာ အကျိုးစီးပွားများ အလုံးစုံပြီးမြောက်ရန်ဖြစ်သကဲ့သို့ သူတစ်ပါးအကျိုးစီးပွားပြုလုပ်သူတို့
အတွက်လည်း အကောင်းဆုံးလက်နက်ပင်ဖြစ်ကြောင်း သိစေအပ်ပါသည်။
ကမ္ဘာ၌ သြဇာကြီးမားကြသော
နိုင်ငံရေးခေါင်းဆောင်တို့သည်လည်းကောင်း ၊ ဘာသာရေးခေါင်းဆောင် တို့သည်လည်းကောင်း ၊
နေရာဒေသအသီးသီးမှ ထင်ရှားသော လူထုခေါင်းဆောင်တို့သည်လည်းကောင်း ဒီစကားကိုပင် ကောင်းစွာအသုံးပြု၍
လောကအကျိုး သယ်ပိုးရွက်ဆောင်သွားကြပါသည် ၊ ထို့အတူ လူမှုဆက်ဆံရေး၌ စကားကို အသုံးမပြုတတ်သူတို့ကား
မိမိအကျိုးစီးပွားနှင့်တကွ သူတစ်ပါးအကျိုး စီးပွား၊ လောကအကျိုးစီးပွားများကို ပျက်သုဉ်းစေရန်
အဓိကအကြောင်းရင်းပင်ဖြစ်ကြောင်း သတိပြုဆင်ခြင်ရပါမည်
၊ နူးညံ့သိမ့်မွေ့သော စကားလုံးတို့ဖြင့် မွှမ်းထုံသော သာယာလှပသော ကမ္ဘာသစ်ကို မျှော်လင့်တောင့်တမိပါ၏
……………...။
No comments:
Post a Comment