အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားလို့
ဆိုလိုက်ရင် ရောက်ဖူးသူလည်း ရှိချင် ရှိမည်၊ မရောက်ဖူးသူများ ရှိကြသည်။ မကြားဖူးသူက
ပိုများပါသည်။ အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်းအိုင် ဖြစ်သလို၊ အရှေ့တောင်အာရှတွင်လည်း
အကြီးဆုံးအင်းဖြစ်ပါသည်။ ယခုအချိန်ဆိုလျှင် အင်းတော်ကြီးဘုရားပွဲ စည်ကားသိုက်မြိုက်စွာ
ကျင်းပနေပေပြီ၊ အကျွန်ုပ်သည် အင်းတော်ကြီးဒေသ ဟိုပင်မြို့တွင် မွေးဖွားခဲ့သည် မှန်သော်လဲ
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ အသက် ၂၀ ကျော်မှသာ ရောက်ဖူးခဲ့ပေသည်။ ဝေး၍လား ဆိုတော့လည်း
မဟုတ်ပါ၊ ယခင်က အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင် မနက်အစောကြီးထပြီးမှ
ခြေလျင် သွားကြရပါသည်။ မနက် ၆ နာရီ စထွက်သွားလျှင် နေ့လည် ၁၂ နာရီမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသို့
ရောက်ပါသည်။ အကွာအဝေးကာ ၁၀ မိုင်ကျော်ကျော်ခန့်သာ ရှိပါမည်။ ယခင်က လမ်းမကောင်းသလို
ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ မရှိ၍ သွားရလာရခက်ခဲပါသည်။ ကားတွေ ဆိုင်ကယ်တွ စက်ဘီးတွေရှိတော့ရော
သွားလို့ ရသလားဆိုရင် ကားက ဆင်စီးပြီး၊ ဆိုင်ကယ်နဲ့ စက်ဘီးက လူစီးပါမည်။ ယခုရော ကောင်းသွားပြီလားဆိုတော့
ကောင်းသွားပြီလို့ပဲ ပြောရတော့မှာပေါ့။ ချောင်းတွေ့လျှင် တံတားတွေ့လျှင် လမ်းဆင်းလျှောက်ပေါ့။
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင်
မန္တလေး - မြစ်ကြီးနား ရေမလာ၊ မီးမပါနဲ့ ကြမ်းပိုးကိုက်တဲ့ ရွှေမြန်မာရထားစီးပြီး သွားလို့ရပါသည်။
ဟိုပင်မြို့မှာ ဆင်းပြီး သွားလျှင် အဆင်အပြေဆုံး ဖြစ်ပါသည်။ နေပြည်တော် - မြစ်ကြီးနား
ရထားစီးလျှင်တော့ မိုးညှင်း မဟုတ်ရင် မိုးကောင်းမှာ ဆင်းရပါမည်။ ဟိုပင်မြို့က ဖားကန့်၊
တာမခံ၊ ဆိုင်းတောင်၊ အင်းတော်ကြီး၊ နန့်မွန်း၊ လုံးခင်း စသည်ကို သွားနိုင်လာနိုင်သည့်
လမ်းဆုံမြို့ဖြစ်သော်လည်း နေပြည်တော်-မြစ်ကြီးနား အထူးအမြန်ရထားကြီးကား မိုးညှင်း
- မိုးကောင်းမှာသာ ရပ်ပြီး မြစ်ကြီးနားမြို့တွင် ဂိတ်ဆုံးပါသည် (ဟိုပင်မြို့တွင် ရပ်မပေးပါ၊
ဘာကြောင့်လဲလို့ မပြောတတ်ပါ)။ ဒါကတော့ မြန်မာ့မီးရထားခရီးစဉ်ပါ။ ကားဖြင့်သွားချင်လျှင်တော့
လိုင်းကား မရှိပါဘူး။ ကုန်ပစ္စီးတွေ သယ်ယူပို့ဆောင်နေသည့် ၁၀ဘီးကား၊ ၁၂ ဘီးကားတွေ စီးသွားလျှင်တော့
ရနိုင်ပါသည်။ ကားလမ်းခရီးက ပိုစိတ်ချပြီး လုံခြုံမှုရှိမယ်လို့ မထင်လိုက်ပါနဲ့၊ လမ်းခရီးတွင်
KIA တပ်များ၏ မတရားငွေညှစ်ခြင်း၊ အစိုးရတပ်များ၏ မတရားငွေညှစ်ခြင်းများကား ယခုတိုင်
ရှိနေဆဲပါ။ ပွင့်လင်းရာသီမှာ ဘုရားဖူးကားများဖြင့် သွားလို့လည်း ရနိုင်ပါသည်။
ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော ရွှေမြို့တော်
ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း
(၂၅၀၀)ကျော်၊ ဘီစီ(၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရား သခင်သည် အနာဂတ် သာသနာတော်
တွင်ဖြစ်ပေါ်တွေ့ကြုံမည့် အရေး မျော်တွေးသိမြင်တော်မှုသဖြင့် အခါတစ်ပါးသော မဇ္စျိမဒေသမှ
ညီတော်အာနန္ဒာနှင့် တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီကြွချီတော်မှုရာ ယခုအင်းတော်ကြီး
ဖြစ်တည်သည့်ဒေသနှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိ တောင်
(ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင် အခါ အနာဂတ်ကာလ၌ အင်းကြီး ဖြစ်တည်
လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော်ထွန်းလင်း တောက်ပသည့် ဗုဓမြတ်ဘုရား၏ ဓါတ်တော်
မွေတော် များ ကိန်းအောင်း တော်မှုရာစေတီတော် ဘုရားတည်ရှိလတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မှု
ခဲ့လေသည်။
မှတ်ချက်။ ။ဗျာဒိတ်တော်
ပေးတော်မှုစဉ် ရပ်တန့်တော်မှုရာတောင်၏ အမည်ကိုရှေးသမိုင်း မှုများအရအမည် ကွဲများရှိသော်လည်း
နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။
သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင်
နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ(၃)ဦးနှင့် နဂါးပေါင်း(၃၈၀၁၂)တို့သည်
ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာခဲ့လေသည်၏။
သက္ကရာဇ်(၂၆၄)ခုနှစ်တွင်
လူဦးရေကိုးသန်းရှိသော (ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော
ဥတ္တရဌာနီ၊ စည်းခမ်း(သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး
စောဝ်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။ (ဗုဒ္ဒအယူ ကျောင်းချင်းမဟုတ် ၀ါဒဘာသာစုံ
ကျောင်းပေါင်း စုံဖြစ်ဖွယ်ရှိသည်။
သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင်
တောင်မြောက်အလျား (၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်)
ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။ ထို့ကြောင့်
ဘောဂ၀တီနဂါးပြည်မှ နတ်နဂါးများလာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည်ဆိုသော
အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင်ခဲ့သည်။
ဂေါတမဘုရားရှင် လက်ထက်တွင်
သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်းဟူ၍
အသီးသီးခေါ်တွင်ခဲ့လေသည်။ သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ
စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ်
ပြည့်မြောက် သောနှစ် ပေတည်း။
လေးမျိုးသောနဂါးတို့တွင်
ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ
စည်းခမ်းမြို့ကြီးကိုအင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏အမိန့်ကိုရရှိ သောအခါ ရေနတ် နဂါးမင်းသားက
စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော်
တိုင်းနေပြည်သူလူတို့ သေကြေပျက်စီးကြတော့မည်၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ
ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြား နေရာကို ငါသဘောမကျ
မနှစ်သက်ခဲ့၊ ဟယ် သို့သော်လည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့်
သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊
နေ့စဉ် ညတိုင်း ထိုင်းမှိုင်းတွေ ဝေ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ
များလေသည်၊
သို့ဖြစ်သည်ကြောင့် အလီလီ
တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့်
ကြွေးကြော်လေသည်မှာ ဤတိုင်းပြည်၌နေထိုင်ကြကုန်သော အသင်မနုဿ လူသားတို့သည် ရှေ့ ခုနှစ်ရက်
တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနှစ်ရက် မတိုင်ခင်
အကြားခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု
တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေသည်။
ဤသို့ တစ်ပြည်လုံး ကြားလောက်အောင်
ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့်
အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုး လင်းသောအခါ
အဒေါ်အိုမုဆိုးမက တအိမ်တက် တအိမ်ဆင်း သွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ
ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော
စကားကို ပြောကြားလေသည်၊ ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင်
ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်။
ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော
ဤစကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန်
သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန်
သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ
မောင်းနှင်ခြင်း ခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည်။
ဤမြို့ရွာရှိ မိမိဆွေမျိုးညာတိမြေး၊
မြစ်များကိုအပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ဘ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက
တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး
ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။
ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ်
တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင်
ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင်းကြီးဖြစ်၍
ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။
ယနေ့တိုင် ထိုမဆိုမ နောက်ကြောဘက်သို့
လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍
မွန်သည် မျှော် သည်ဟုအဓိပ္ပါယ်ရပါသည်။
မုဆိုးမသည် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့
တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည်
လင်ယောက်ျား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောက်ျား
သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး
လင်ယောက်ျား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့်
သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင်
ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။
ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။
ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။
ဥတ္တရစောဖြူရဲ့သား စောဝ်ဆေးဖိတ်
(ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍
အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင်
နောက်နန်းမွန်နှင့် တွေဆုံပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။ (၁)ခွန်ရံ (သိုကော်ဘွား)၊
(၂)ခွန်ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။
၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော
ရွှီရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ်
စေခဲ့သော နယ်ပယ်များ နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လါခဲ့ပေသည်။
အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး
အင်းတော်ကြီးသည် မြန်မာပြည်တွင်
အကြီးဆုံးအင်းဖြစ်သည်၊
(၁) အလျား ၈-တိုင်၊ အနံ
၎-တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး၊
(၂) အနောဒတ္ထအိုင်ကဲ့သို့
အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊
(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း
အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင်
ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး၊
(၄)-အင်းကြီးထဲတွင် မတော်တဆ
လူတို့ကျသေဆုံးရသောလည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပိုတ်ခတ်တင်ပေးခြင်း၊
(၅- အင်းနားတွင် ရွှေကျင်သော်
ရွှေများရရှိခြင်း၊
(၆)-အမိုက်သရိုက်များကို
အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊
(ရ)-တစ်နှစ် သုံးကြိမ်ကျ
သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊
(၈) -စစ်တိုက်ရာပါချောင်းများကို
အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊
(၉) -နှစ်စဉ်နှစ်တိုင်း
တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိ အင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ
(၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေး
ခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း။
ခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း။
ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော
ရွှေမြို့တော် ၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့)မြေပုံအရ အရှေ့လောင်ဂျီတွဒ်
(၉၆ံ ၂၃`နှင့် ၉၇ံ)ကြားတွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ) ကြားတွင်လည်းကောင်း၊
မြန်မာနိုင်ငံ(အထက်) မြောက်ပိုင်း (ကချင် ပြည်နယ် မိုးညှင်းမြို့နယ်)တွင် တည်ရှိ နေသည်။
အင်းတော်ကြီးအိုင်သည် ယေဘုယျခေါ်ဝေါ်အဆိုပြု
ကြသည့်အကျယ်အ၀န်းပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈မိုင်ရှိသည်ဟုဆိုသည် သို့ရာတွင်မြန်မာ့
စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း
ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည် မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး(သမိုင်းဗေဒ
ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။ သမိုင်း ဆိုသည် အငြင်းပွားမူလမ်းကြောင်းကို
ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့် သော် လည်းကောင်း၊ သဘာဝ တောတောင်ရေမြေ
တို့၏ ဖြစ်ပျက်ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း မည်တို့ ပင်ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများ
ဖြင့်ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီးသည် အလယ်တွင် ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား)
တည်ထား ကိုးကွယ်ကြသည်။ ဤ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည် ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး
နေသော် ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို သျှမ်းနီ လူမျိုး “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊
တိုင်းကတူး၊ တိုင်းကနန်း တို့၏ သမိုင်းဝင် ထင်ပေါ် ကျော်စော တန်းခိုးကြီး သော စေတီတော်
ဘုရားတဆူ ဖြစ်ကြောင်းသင်ပြလိုက်ရပါသည်။
**တပေါင်းလပွဲတော်ခါ ရွှမဉ္စူသို့**
အင်းရေညို ရစ်ဝိုင်းလို့
တံတိုင်းက အပြာခံ
မားမတ်ပျော်စံ
ရွှေပေါင်းငယ်ရံ ကြယ်ခြံတဲ့လ၀န်း
ပုထိုးစေတီဂူတို့
ရွှေမဉ္စူ ကာရံကာ ညွတ်တယ်
လူလွတ်နတ်ကျွန်း။
မြူမင်းလွင် ကြွေလောင်းတဲ့
တပေါင်းလပွဲတော်ခါ
ကြွေးကြော်ခြိမ့်ညာ
သဲခုံကသာ ရေပြာကအေး
အမောပြေ တထောက်နားလို့
ဘုရားဆီ ရင်ပြင်ဆိုက်အောင်
လိုက်ခဲ့ပါ့လေး။
ကျွန်းလယ်ခေါင် သောင်ဦးက
ကြာဖူးထွဋ် သဲသောင်ခုံ ခြည်းမီပြန်တုံ
လူမျိုးကစုံ ခိုလူံသည့်ပြည့်ကြမ်း
မောင်လဲသဒ္ဒါဝေ၍ မယ်လဲသဒ္ဒါဝေ၍
သည်အင်းမြေ ငွေသောင်ပြန့်မှာ ဖူးအံ့မခန်း
ရေး (ဗန်းမော် ညိုနွဲ့)
မြန်မာ့ စွယ်စုံကျမ်း၌
အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည်
မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး (သမိုင်းဗေဒ ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။
သမိုင်းဆိုသည် အငြင်းပွားမူလမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။
မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့်
သော်လည်းကောင်း၊ သဘာဝတောတောင်ရေမြေတို့၏ ဖြစ်ပျက် ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း
မည်သို့ပင် ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများဖြင့် ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီး၏အလယ်တွင်
ရွှေမဉ္စူစေတီတော် (ရေလယ်ဘုရား) တည်ထားကိုးကွယ်ကြသည် ထင်ပေါ်ကျော်စော တန်းခိုးကြီးသော
စေတီတော် ဘုရားတဆူ ဖြစ်လေသည်။ တခုဖြစ်ကြောင်းသင်ပြလိုက်ရပါသည်။
အင်းတော်ကြီးအိုင်သည်၊
မိုးကောင်း ချောင်းဖျားခံရာ၌ ရှိပေသည်၊ အင်း(အိုင်) ရေပြင်သည် စတုရန်းမိုင် (၁၀၀) ခန့်မျှရှိလေသည်
အင်၏ဘေးပတ်လည် အရှေ့ဖက် တွင် မိုးကောင်းမြို့နယ် အထိ၊ အရှေ့တောင်ဘက်တွင် ဟိုပင်- မိုးညှင်း
ကကျော်တောင်ကြားအထိ တောင်ဘက်တွင် စစ်ကိုင်းတိုင်း (ဟုံးမလင်းမြို့နယ်) မံစီကြီးအထိ
အနောက်ဘက်မြောက်ဘက် တွင်ကာမိုင်းမြို့နယ်ထိ အကျယ်ဝန်း စတုရန်းမိုင် ( )ခန့် အ၀န်းတခုလုံးကို
အင်းတော်ကြီးဒေသဟူ၍ လည်းကောင်း မိုးညှင်းမြို့နယ်၏ နယ်မြေအမှတ် (၅)ဒေသဟူ၍လည်းကောင်း
အသိ အမှတ်ပြု ခေါ်တွင်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်
အထက်ပိုင်း (ကချင်ပြည်နယ် တောင်ပိုင်း)အလယ်ရိုးမ တောင်တန်း တွင် ပါဝင်သော တောင်ကုန်း
တောင်တန်းတို့ဖြင့် အင်းတော်ကြီး ဒေသကိုဝန်းရံ ပတ်ဝိုင်းထား လေသည်၊ မြင်မားမတ်စောက်သော
တောင်ကုန်း တောင်တန်းများ တည်ရှိသည်။ အလယ်ရိုးမ တစ်ကြောတွင် အမြင့်ဆုံး ဒေသဟု ဆိုဘွယ်ဖြစ်သည။်
ရေချောင်း စီးဆင်းရာရေလဲတို့သည် မြောက် ဖက်သို့ (ပြောင်းပြန်)
စီး ဆင်းသည်၊ အင်းတောင် ဖက်ရှိသော၊ ဆင်ခေါင်းတောင်၊ ကန့်လန့်ကာ
(လော ခွန်း) တောင်တို့မှ စီးဆင်းသော ချောင်းရေ သည်၊ တောင်ဖက်မော်ဟန်၊
မိုးညှင်း (နန့်ရင်းချောင်း)သို့ စီးဆင်း၍ မြောက်ဖက်၌ အင်းတော်ကြီး
(အင်း)သို့စီးဆင်းသည်၊ အင်းအနောက်ဖက်ရှိသော နန့်စတုံး (၁၂၂၆)တောင်နှင့်
ဒုတိယ ကမ္ဘာစစ်ကာလမှယနေ့တိုင် မှန်ပြတောင်ဟူ၍ အမည်တွင်ခဲ့သော (၁၇၇၈)တောင်တို့မှ စီးဆင်းသော ချောင်းရေသည် အနောက်ဖက်၌ အင်းတော်ကြီး (အင်း) သို့ စီးဆင်း၏ အင်းတော်ကြီး (အိုင်)မှ လည်းလောင်း(ခေါ်) စည်ခမ်းချောင်းသည်
မြောက်ဖက် ပြောင်းပြန်) စီးဆင်း၍ မိုးကောင်းမြို့ အနီး မိုးကောင်းချောင်း
(နန့် ကောင်း)နှင့် ဆုံသည်၊ မိုးကောင်း(နန့်ကောင်း)ချောင်းသည် ဧရာဝတီမြစ်သို့စီးဆင်းသည်။
အင်းတော်ကြီးအင်းဘေးပတ်လည်၌
“ရှေးနှစ်”ရာစု များစွာကတည်းက လူနေ(မြို့ရွာ)များ တည်ရှိခြင်း ထင်ရှားသည်၊ သာဓကအားဖြင့်ယခု
မမုံကိုင်ရွာတောင်ဘက်ရှိ မြို့ဟောင်းကုန်းဆိုသောအရပ်၌ အရေ တွက်မခန့်မှန်းနိုင်သော မြို့ဟောင်းတံတိုင်း
ယနေ့ တိုင် တည်ရှိ၏။ မမုံကိုင်၊ မိုင်းနောင်ကြား မော်တော်ကားလမ်း ဘေးရှိရှေးဟောင်းဘုရားစေတီပျက်
တစ်ဆူသည် သီရိဓမ္မာသောကမင်း တည်သော စေတီပျက်တော်ပေါင်း (၈၄၀၀)အနက် တစ်ဆူအပါဝင်(ခိုင်လုံသော
သမိုင်းအထောက်အထားမရှိသော) ဖြစ်သည်ဟု ရှေးဘိုး ဘေးဘီဘင်များအဆိုအရ သိရ၏။
ဤကဲ့သို့ သမိုင်းအထောက်ထား
ကင်းမဲ့နေသော စေတီတော်ပျက်များ အင်းဘေးပတ်လည်၌ ၀မ်းနည်းဖွယ်ရာ အများအပြားတွေ့နိုင်၏
အာသောကမင်းသည် အဘိသိတ်မခံမီ (၄) နှစ် ဘိသိတ်ခံပြီး(၄)နှစ် သာသနာသက္ကရာဇ် (၂၁၈)၊ ဘီစီ
(၃၂၆) တွင် ၈၄၀၀၀ သော မြို့နိုင်ငံတို့၌ ၉၆-ကုဋေသော အဿပြာ တို့ဖြင့် စေတီတော် ကျောင်းတော်များ
တည်ခဲ့သည်၊ ဤသည်ကား မြို့ဟောင်းနှင့် ဆက်စပ်တွေးခေါ်နိုင်ဖွယ် ရှိသော သာဓကတစ်ရပ် တင်ပြခြင်းသာဖြစ်သည်၊
သို့ရာ၌ အင်းအိုင်ဖြစ်ပေါ်လာသည်ထက် စော၏။
အေဒီ ၁၉ - ရာစု ကုန်းဘောင်
(မြန်မာ) မင်းများလက်ထက် လူနေမှုမှတ်တမ်း တင်ရချိန်၌ သျှမ်းနီ (တိုင်းလျဲန်) ကချင်နှင့်
မြန်မာသွေးရင်းသားရင်များ(မြောက်များစွာ) တို့နေထိုင်ခဲ့လေသည်၊ အချင်းချင်း ယုံကြည်
လေးစား ရင်းနှီးခဲ့ကြ၏၊ ထိုစဉ်၌ အင်းတော်ကြီး ဒေသသည် မိုးကောင်းမြို့ စီရင်စု (စော်ဘွား)
လက်အောက်ခံတွင် ပေါမိုင်းနယ် (၄)နယ်နှင့် (၂)ဋ္ဌာနဟု နယ်နမိတ် သတ်မှတ်ထားခဲ့လေသည်။
ဤသို့တွင်
၁။ မိုင်းပင်း (ကုမမုံ)
ပေါမိုင်း
၂။ စည်းခမ်း (လွဲမွန်)
ပေါမိုင်း
၃။ ငွန်းဇင်း (နမ့်ဖေါင်းဇင်)
ပေါမိုင်း
၎။ မောက်တောင်း (ဟဲပန်)
ပေါမိုင်းနှင့် (၁)မပြင်တဋ္ဌာန (၂)လောဆွန် တစ်ဋ္ဌာဖြစ်သည်၊ အချုပ်အားဖြင့် (၄) ခရိုင်
(၆)ဋ္ဌာန ဟူ၍နယ်အားဖြင့် ခွဲခြားသတ်မှတ် ခေါ်ဆိုခဲ့သည်။
ပေါမိုင်း။ ။ပေါမိုင်းဟူသည်
ရှမ်းဘာသာ အခေါ်ဖြစ်၏ မြန်မာလို ပြန်သော မြို့ဘ (သူကြီး) ဟူ၍ အဓိပ္ပါယ်ရ၏။
အင်းတော်ကြီးဒေသ လူနေမှုအစဉ်အလာနှင့်
အုပ်ချုပ်မှု သမိုင်းမှတ်တမ်းများ တင်ရချိန်၌ အေဒီ(၂၀) ရာစုနှစ် မတိုင်မရှေးရာစု နုစ်
အတန်ကြာ ကာလတွင် သျှမ်းနီ (တိုင်းလျဲန်) တို့သည် မြေပြန့်(အင်းဘေး ) ဒေသတွင်လည်းကောင်း၊
ကချင်(ဂျိမ်းဖေါ)တို့သည် တောင်ပေါ်(တောင်တန်း) ဒေသတွင် လည်းကောင်း၊ အခြေချနေထိုင်ခဲ့လေ၏
သာဓကအားဖြင့် ရှေးနှစ်ပေါင်း ရာစုများစွာမှ အင်းလေး၌နေလာခဲ့သည်ဆိုသော တံငါအဖိုးကြီးတစ်ဦး၏
အမည်ကို သျှမ်းတို့က “ပူတွတ်လား” ဖိုးတွတ်လား ဟူ၍၎င်း၊ အင်းတော်ကြီး မြောက်ဖက်တွင် မြင့်မားမတ်စောက်သောတောင်တစ်လုံး၏
အမည်ကို ကချင်တို့က “က၀ါပွန်” အဖေ တောင်ဟူ၍၎င်း ယနေ့တိုင် အမည်တွင်ခေါ်ဝေါ် လျက်ရှိလေသည်။
ရှေးယခင်က သျှမ်းနီ(တိုင်းလျဲန်)တို့၏
အခြေချနေထိုင်ရာ ဤအင်းတော်ကြီး ဒေသ၌ သျှမ်း စာပေ ကျမ်းဂန်များ ထွန်းကာပေါက်မြောက်ခဲ့ရာတွင်
(ပုရပိုက်၊ ပေရွက်) ပေထက်အက္ခရာ သျှမ်းစာများကို ယနေ့တိုင် တွေ့မြင်နိုင်သေး၏။ သို့ရာတွင်
ယနေ့ အခါ၌ သျှမ်းနီ (တိုင်းလျဲန်)စာပေ သင်ကြားလေ့လာ တတ်မြောက်သူ မရှိသလောက် ရှားပါးလှသည်ကို
သျှမ်းနီလောက၌ အထင်အရှားပင်ဖြစ်လေသည်။
အင်းတော်ကြီး အင်း (အိုင်)
သည်ယေဘူယျအားဖြင့် အလျား (၁၆-မိုင်) အနံ(၈-မိုင်) မိုးကောင်းချောင်း (နန့်ကောင်းချောင်း)ဖျားခံ
ရာဒေသလည်းဖြစ်သည်။
စတုရန်းမိုင်-၁၀၀ခန့်ရှိသည်
မိုးညှင်းမြို့နယ်၏ အမှတ်(၅)ဒေသဟူ၍လည်းကောင်း အသိမှတ်ပြု ခေါ်တွင်လေသည်။ (နေလင်းအင်းတော်ကြီး-
အင်းတော်ကြီး သမိုင်း မှတ်တိုင်များမှ ထုတ်နုတ် သင်ပြလိုက်ရပါသည်။)
ရှမ်းနီလေး

No comments:
Post a Comment