ကုသိုလ်အလုပ်များ တားမိရင်
ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့
ကုသိုလ်တွေကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါတယ်။
လူတွေက ထင်ကြပါ့မယ်..။ ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ်
ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင်
တားဆီးကြတာရှိသလို.. မသိလို့ တားမိသလို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။
ကျွန်တော်တို့တွေအများစုဟာ
မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်ရတဲ့အတွက် ပိုပြီးတော့
သတိထားသင့်ပါတယ်..။ ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့
ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း
မဖြစ်မိအောင် ဆင်ခြင်စေလိုတာပါ။
မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ
သတိမထားလိုက်မိတဲ့အခါမှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။
အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး
နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်ဟစ်ဆူညံစွာ
ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။
သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အနှောက်ယှက်ဖြစ်အောင်
လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။
လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက်
ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။ သူတစ်ပါးရဲ့
ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာ ကိုယ့်အလှည့်ကျရင်လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ
အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိထားစေချင်တာပါ။
နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့
ဒါနကုသိုလ်တွေကို တားမိတဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ ဖြစ်သွားရတဲ့
အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ
ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေလှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။
အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာရှိတဲ့ ဥစ္စာပစ္စည်းတွေ
စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့်
အလှူဒါနကို တားစီးခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။
ဘယ်သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။ ဒီအကြောင်းအရာလေးဟာ တကယ်တော့
သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်အောင်
တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေးပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ
လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။
နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့
ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။
ယခုမျက်မှောက်ခေတ်က အကြောင်းအရာပါ။ လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး
သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း
ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေဟာ မကောင်းတဲ့
အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေးလို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။ ရဟန်းဝတ်ချင်ပေမယ့်
ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။
ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။
အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ..
ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ
သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။
ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်းတဲ့အခါမှာ မိဘတွေက
အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့်
အခွင့်အရေးတွေ.. တရားထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို
တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ.. နောက်ဘ၀ရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့်
ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။ လူငယ်တွေဘက်ကလည်း
ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကိုကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး
ပြောဆိုလုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး
ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။
ဒီအကြောင်းအရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်ထား သိစေချင်ပါတယ်။
အဓိကအနေနဲ့ပြောလိုတာကတော့
သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်တဲ့
အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက်
တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း
ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေးနဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ
မတားဖြစ်အောင် ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး..
ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင်
လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင်
သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့
ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
စာရေးသူ။ မောင်ကောင်း
(Face book page)
(ဓမ္မမေတ္တာပို့မှ ကူးယူဖော်ပြခြင်းဖြင့်
ဓမ္မဒါနပြုပါသည်)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်
အိန္ဒိယနိုင်ငံ)
No comments:
Post a Comment