တဏှာလောဘကိုပင် တချို့အရာတွင်
မာယာဟု ခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာအကြောင်းကိုလည်း ထည့်သွင်းဖော်ပြဦးမယ်။
မာယာသည် မျက်လှည့်သည်နှင့်တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်လို့ ရွှေတုံးထင်အောင်
လှည့်စား နိုင်သကဲ့သို့ ဤမာယာကလည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို
ဖုံးကွယ်တတ်လေသည်။
မိမိမှာ အပြစ်ရှိလျက် မရှိသလို
ဟန်ဆောင်တတ်သည်ဟု ဆိုလိုသည်။
မိမိအပြစ်ကို ဖုံးလွှမ်းရာတွင်
အပြစ်ကင်းဟန် ခပ်ထန်ထန်ဖြင့် ဆောင့်ကြီး အောင့်ကြီးလုပ် ဖုံးကွယ်ခြင်း၊ အပြစ်တင်မည့်သူကို
ကြောက်လောက်အောင် ခြောက်ပြီး ဖုံးကွယ်ခြင်း၊ မြှောက်လို့ ဖုံးကွယ်ခြင်း စသည်ဖြင့်
မာယာ၏ အပြစ်ဖုံးကွယ်ကာနည်းတွေ အမျိုးမျိုးရှိလေသည်။
ဤသို့ မာယာသဘောတွေ အလွန်ပေါများနေရကား
ရှေးလူကြီးတို့က ပရိယာယ်တစ်ထောင်၊ မာယာကောင် တစ်သိန်း၊ အပလိန်းအနန္တ၊ သဲကိုးဖြာ မလောက်လို့
ရှားကိုးပင်က ရှားရွက်တွေကိုပင် ရောနှောလို့ ရေတွက်ရသည် ဟု ပြောစမှတ် ပြုခဲ့ကြလေသည်။
မှတ်ချက် ။
ဤမာယာသည် မိန်းမမှာသာ ရှိသည်မဟုတ်၊ ယောက်ျားများတွင်လည်း ရှိသည်ပင်။
အရှင်ဇနကာဘိဝံသ
Re-Post By ACM
20-3-2013
No comments:
Post a Comment