Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Sunday, March 31, 2013

“ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်အကြောင်း



မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်းသော ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့သည် ။ ညနေချမ်းအချိန်တွင် မဟာဗောဓိ ညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမား လှူဒါန်းခဲ့သော မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူခဲ့သည်။ ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။
 ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊ အပြန့်အကျယ်လားဟုလည်းမေးကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။ ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြလို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။ ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။
၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်။
၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွ မာရ်စစ်သည်အပေါင်းကို အောင်တော်မူသည်။( အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။
၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။
၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။
၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။
၅။ မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။
ကျမ်းကိုး။          ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့ ကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment