တပေါင်းလသည် မြန်မာ လများတွင်
၁၂ လမြောက် ဖြစ်ပြီး တစ်နှစ်တာ၏ နောက်ဆုံးလ ဖြစ်သည်။ တပေါင်းလသည် ဆောင်းအကုန် နွေအကူး
မင်းလွင်မြူးသည့် လဖြစ်၍ သာယာ လှသော ရာသီ ဖြစ်ချေသည်။ တပေါင်းလကို မိန်ရာသီဟု ခေါ်ကြသည်။
ရာသီ ပွဲတော်သည် သဲပုံစေတီ
ပွဲတော် ဖြစ်လေသည်။ သရဖီပန်း၊ အင်ကြင်းပန်းနှင့် ပိတောက်ပန်းကို ရာသီပန်း အဖြစ် သတ်မှတ်ကြသည်။
ဥတ္တရ ဖလဂဏီ နက္ခတ်ထွန်း၍ နေ့နာရီ ၂၈၊ ညနာရီ ၃၂ ရှိ၏။ ဆောင်းတစ်ဝက် နွေတစ်ဝက်တွင် ပါဝင်၍
နေ့အခါတွင် အတော်အသင့် ပူလာပြီ ဖြစ်သော် လည်း ညချမ်း အခါ၌မူ ဆောင်းရာသီ၏ နှင်းကြွင်းတို့
ကျဆဲမို့ ဆောင်းရိပ်ဆောင်းငွေ့ မပြယ် သေးဘဲ အေးလျက်ရှိသည်။ ထို့ကြောင့် ရှေးလူကြီး
သူမများက ''နေ့ပူလို့ ညချမ်းတပေါင်း လသရမ်း၊ နေ့ပူလို့ ညချမ်း တပေါင်းလဆန်း'' ဟူ၍ အဆိုပြုခဲ့
ကြပေသည်။ 'လ'တကာလတွင် တပေါင်းလသည် အလွန်သာယာ လှပေသည်။ စာဆိုတော် ရှင်အုန်းညိုက တပေါင်းလ၏
သာယာပုံကို ''သာသည်ညင်းညင်း မြောက်လေကြွင်းနှင့် ဆီးနှင်းပကုန် ပူဟုန်မသည်း၊ ပျံ့ပျံ့
မည်းသား'' ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ထို့ပြင် စာဆိုများက ''တပေါင်းလသာ လတစ်ကာထက် နှိုင်းရာ
ဖက်ရှောင် လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်းသာထွေး၊ ရေလည်းသာလှ၊ ဖြူလွသောင်ပြင်၊
ငှက်ပေါင်းရွှင်လျက်'' ဟုစာဆိုတော် များက ချီးကျူးဖွဲ့ဆို ခဲ့ကြသည်။
နှင်းလွှကာ ပဝါခြုံလျက်
ထွက်ပြေးခဲ့ပြီ ဖြစ်သော ဆောင်းမင်းသမီး အစား နွေ၏ စေတမန် အဖြစ် ပုန်းကွယ်ရာမှ ထွက်လာသော
ဥသြငှက်က ဥသြ ဥသြဟု ကြွေးကြော် လိုက်လေသည်။ သူ၏ သာယာညှင်းပြောင်း ချိုတေးသံကား နွေဦးရောက်ပြီ
ဟေ့လို့ ကြွေးကြော် လိုက်သလို ရွက်ဝါတို့သည် လေတွင် ဝှေ့ဝိုက်၍ တဖြုတ်ဖြုတ် ကြွေလာပြီး
သြဘာ ပေးလိုက်ကြသည်။
နွေဦး၏ သဘာဝ ပြက္ခဒိန်က
ဥသြငှက်၏ တေးသံချိုနှင့် ရွက်ဝါတို့၏ တဖြုတ်ဖြုတ် ကြွေနေ ပုံသည် ခွဲခြား၍ မရပေ။ ဥသြငှက်၏
တေးသံကို ရွက်ဝါတို့သည် မလွန်ဆန်နိုင် ပါတကား။
လွမ်းဖွယ် မြင်ကွင်းကို
ကြည့်ရင်း ဆရာ မင်းသုဝဏ်၏ ခါနွေဆန်းတော့ လွမ်းမိတယ် ကဗျာမှ ''ဆန်းစခါနွေ၊ သာတပေါင်းမို့
ညှညောင်းကြွေ'' ဟူသော စာသားသည် သရုပ် ပေါ်နေသည်။
တပေါင်းပွဲတော် များသည်
ကျေးရွာများတွင် ငွေစ ရွှင်ချိန်မို့ စည်ကားလှသည်။ တောင်သူ လယ်သမား တို့သည် နွေတွင်
နားမနေကြ၊ ဝါးခုတ်သူခုတ်၊ စပါးကျီ ပြင်သူပြင်၊ ထင်းရှာကြ၊ အိမ်ပြင်ကြ၊ စပါးကြိတ် ထိုးကြဖြင့်
အလုပ်ရှုပ်နေ ကြသည်။ တပေါင်းကို ပုဂံခေတ် ထိုးကျောက်စာ တို့၌ တပေါင်းဟု ရေးခဲ့သည်။ အင်းဝ
ခေတ်၌မူ ဝိသဇ္ဇနီရေးထုံး ပေါ်လာပြီ ဖြစ်သဖြင့် ယခုခေတ် ရေးသကဲ့သို့ တပေါင်းဟု ရေးသားခဲ့သည်။
ရှင်ဥတ္တမကျော် စာဖွဲ့ ခဲ့ပုံက ''လေခမြေသက်၊ ဈာန်ဝိတက်တို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒရီဝယ်၊
သိင်္ဂီတစ်ဝက်၊ ဖက်၍ ဆေးစုံ ခြယ်သောပုံသို့၊ ရဂုံမြိုင် အတွင်း တောလုံးလင်းသား''ဟု နွေသရုပ်ကို
လှလှပပ ဖော်ထုတ် ခဲ့သည်။
ဝန်ကြီး ပဒေသ ရာဇာကလည်း
''နွေဦးကာလ၊ မြူထသော အခါ၊ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုး လွယ်ကာ၊ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာ လွယ်လို့ တက်သည်နှင့်လေး'' ဟု ဖွဲ့ဆိုခဲ့သည်။
စာဆို ဦးယာကလည်း ရွက်ဟောင်းအစား မြပုရစ် ဖူးလေးများ ထွက်ပြူ လာသည်ကို မြင်လျှင် စာသ
လိုက်ပုံက ''နွေဦးဆန်းသစ် ရွက်ရော်လှစ်လို့ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်း စုကြသည်။ နုညိုခင်ငယ်
တဲ့လေး'' ဟူ၍ သီကုံးခဲ့သည်။
မင်းဇေယျ ယန္တမိတ်က ဖွဲ့လိုက်ပုံက
''ပုရစ်ဖြေခင်၊ တောဝန်းကျင်လည်း၊ မင်းလွင်ရှေးရှု၊ ဦးရရုတည့်၊ မဉ္ဇူသင်းကွဲ၊ ပေါက်လဲကင်းငုံ၊
ရစ်ဆုံလည်ယှက်၊ ကျေးငှက်မြစ်ယံ စုံစုံစံလျက်၊ ရွှေလျှံတောလုံး အိုင်ထုံးမြစ်ခွင်၊ ကြည်စင်မြမြ
တပေါင်းလသည်'' ဟူ၍ စာပန်းချီ ခြယ်မှုန်း ခဲ့သည်။ အချို့ အရပ်တွင် ဖက်ဆွတ် ပန်းကလေးများ
ပွင့်လေ့ရှိပြီး တောနယ် တစ်ခွင်တွင် ပီပြင်စွာ မစိမ်းဘဲ ညိုရွှေဝါ သန်းနေပုံကို စာဆိုတော်ကြီး
နဝဒေးက ဤသို့ကဗျာ ဖွဲ့ပြန်သည် ''ရွှေညှောက်နညီ၊ မြနှစ်စီသို့ ပီပီမစိမ်း၊ တောခပ်သိမ်းလည်း၊
ရှိန်းရှိန်းလတ်လတ် ပင်လုံး ကျွတ်လျှင်၊ ဖက်ဆွတ်ပိတောက်၊ လဲနှင့်ပေါက်တို့၊ ခါရောက်ညီဘိ''
ရေးဖွဲ့ခဲ့သည်။ စာဆိုရှင် စလေ ဦးပုညက ရေးဖွဲ့ ခြယ်မှုန်းပုံမှာ ''နွေချိန်ခါ ငွေမိလ္လာ
ပြာရီ ရောပါလို့၊ ဥသြဖို တွန်သံ ကြည်တော့၊ သောတာပန် မဟာထေရ် တို့တောင် မဆယ်နိုင် မျက်ရည်
စို့ရှာလိမ့်၊ အဘိဈာန် ယာဉ်ကြို့ပါလို့၊ နယ်ရှစ်ခွင် မြူးခြည်ဆို့တယ်၊ လွမ်းဖို့တပေါင်း''
ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ထို့ပြင် စာဆို လူဦးမင်း ကလည်း ''စံမမြင် သိန်သရစ် ပေမို့၊ သိန်သစ်ကယ်
ယဉ်ဂုဏ်၊ ကြွေပါဘိ၊ ကြည်းရေသာချိန်''ဟူ၍ တပေါင်းလ၏ သာယာ လှပုံမှာ စာဖွဲ့မကုန် နိုင်ပါချေ။
တောင်တွင်း စာဆို ဦးကြော့ကလည်း ''အညှာမှ သန္တာလှဲ့သို့၊ ဆာတကျယ့် ပွေလီ၊ ကညာနွဲ့ ကေသီမှာ၊
ရွှေသိင်္ဂီ အင်ကြင်း။ ဖိငွေဝတ် တပေါင်းမိန်တွင် သောင်းဝတိန် နတ်တိုင်းကသင်း၊ စုံရဂုံ ခက်ညှာကြွေသည်၊
ရွက်ဝါလေ သန့်ရှင်း၊ စက်ရာဘွေ ညံ့ညှင်းမှာ၊ ပန်းခပင်း သော်မော်၊ သဲစေတီတည် သမယ ပေမို့၊
ကြည်သမျှ သည်လမို့နော်'' စသည်ဖြင့် ဖွဲ့ဆိုခဲ့သည်။ ဆရာ ဇော်ဂျီက ''ဥသြငှက်မွန်၊ တွန်ပါပေါ့လေး၊
ပုရစ်ကလေး ငယ်တို့ မြသွေး တစ်ထည်ဆင်နှင့် နွေအဝင် သည်စခန်းမှာ လန်းတော့မယ်လေး'' ဟူ၍
ဖွဲ့ဆိုခဲ့သည်။
တပေါင်းနွေ အကြောင်း ဆန်းစစ်လျှင်
၁၉၄၅ ခုနွေသည် သွေးများ စွန်းခဲ့သည်။ ဖက်ဆစ်တို့ကို မြန်မာ့ မြေပေါ်မှ မောင်းထုတ်ရေး
အတွက် မျိုးချစ် တပ်မတော်၏ အသက်ပေါင်း များစွာ စတေး ခဲ့ရသည်။ ရဲရဲနီသော ပေါက်ပွင့်တို့၏
အောက်၌ ရဲရဲနီသော သွေးတို့နှင့် ဖက်ဆစ်တို့၏ သံခွာအောက်မှ ရုန်းထွက် ခဲ့ရသည်။ မျိုးချစ်စိတ်ကို
မွေးပေးခဲ့သော နွေပါတကား။ မတ်လ ၂၇ ရက်သည် တပေါင်းလ၏ နွေသမိုင်းကို မေ့မရအောင် ပီပြင်စေသည်။
ရှေးယခင်က မြတ်စွာ ဘုရားသခင်သည် သုဒ္ဓေါဒန မင်းကြီးသည် သူစံမြန်းရာ ကပိလ ဝတ်ပြည်တော်သို့
ဘုရား ရှင်အား အဖူးမြော်ခံ ကြွရောက်ရမည့် လမ်းခရီးသည် တပေါင်းလ ရာသီဖြစ်သည့် အတွက်
သာယာ ကြည်နူးဖွယ် ကောင်းပုံပါ ထည့်သွင်း လျှောက်ထားခဲ့သည်။ လျှောက်ထားချက် အပြည့် အစုံကို
ရဟန်းစာဆို ရှင်အုန်းညိုက ဂါထာ ပုဒ်ရေပေါင်း ၆၄ ပုဒ်အစား မှတ်ရ လွယ်အောင် ဂါထာ ၆ဝ
''ခြောက်ဆယ်ပျို့ ''အဖြစ် ခေါ်ကြသည်။ ရဟန်းစာဆို ရှင်အုန်းညိုက ''ဂါထာ ခြောက်ဆယ်ပျို့''
ဟူ၍ စာပေဖွဲ့၍ ရေးသားခဲ့ရာ မြန်မာ စာပေတွင် အလွန်ထင်ရှား ခဲ့ပေသည်။ ''ရွှေနှိုင်းပိတောက်၊
လဲနှင့်ပေါက်လည်း၊ တောက်သည့်မီးရောင်၊ ပြောင်ပြောင် ညီးညီး၊ ပန်းတောင်ကြီးသို့၊ ခရီးတောဝယ၊်
မြိုင်အလယ်၌ ''ဟူ၍ တပေါင်းလ အခါ တောလမ်း ခရီး၌ ပန်းတို့ပွင့်နေ ကြပုံကို ရှင်အုန်းညိုက
ဖွဲ့ဆိုပန်းချီ ခြယ်ခဲ့သည်။ တပေါင်းလ၏ ရာသီ ပွဲတော်သည် သဲပုံ စေတီတော် ဖြစ်သည်။
သဲပုံ စေတီတော်ကား ဗုဒ္ဓဘာသာမှ
ဆင်းသက်လာသည့် မြန်မာ ယဉ်ကျေးမှု ပွဲတော်ဖြစ်၍ မြန်မာ နိုင်ငံတွင် ဗုဒ္ဓသာသနာ စတင် ထွန်းကား
လာကာစပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရ ပေသည်။ အင်းဝခေတ် ပန်းချီ လက်ရာများတွင် တပေါင်းလ
သဲပုံ စေတီပွဲ ကျင်းပပုံ ရိုးရာ စဉ်လာကို တွေ့ရသည်။ တောင်သူ လယ်သမား တို့သည် မြင်းမိုရ်တောင်ရှိ
အာလိန်ငါးဆင့်ကို ရည်ရွယ်၍ သဲပုံစေတီ များအား ရိုင်ပတ်ကို ငါးဆင့်ဆင့်ကာ တည်လေ့ရှိသည်။
ထိုအာလိန် ငါးဆင့်တွင် သန့်စင်သော သဲများဖြင့် အပြည့် သိပ်ပြီးလျှင် တံခွန်ကုက္ကား လှူဖွယ်ပစ္စည်း
များဖြင့် ပူဇော်၍ အလှူအတန်း ပွဲများ ပြုလုပ်ကြသည်။ မြန်မာ ဘုရင်များ မရှိသည့် နောက်ပိုင်း
သဲပုံစေတီ ကျင်းပခြင်းသည်တဖြည်းဖြည်း ပျောက်ကွယ် လာခဲ့သည်။ ဘုရား ပွဲတော်များ ခေတ်စားလာသည်။
ဘုရား ပွဲတော်ကို တပေါင်း ပွဲတော်ဟု ခေါ်ကြသည်။
ရွှေတိဂုံ ဘုရားပွဲတော်
တပေါင်းလ၌ ကျင်းပ ရခြင်းသည် စေတီတော် စတင်တည်ထား ကိုးကွယ်သည့် နေ့ကို အစွဲပြု၍ အထိမ်းအမှတ်
အဖြစ် ပွဲတော် ကျင်းပခြင်း ဖြစ်သည်။ မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူး
နေ့တွင် သိကြားမင်း၊ ဥက္ကလာပ မင်းကြီးနှင့် တဖုဿ၊ ဘလ္လိက ကုန်သည် ညီနောင်တို့ ကြီးမှူး၍
ရွှေတိဂုံ စေတီတော်ကြီးကို တည်သည်ဟု သမိုင်းက ဆိုပါသည်။ ရှေးမြန်မာမင်းများ လက်ထက်ကပင်
ထင်ရှားခဲ့သော ပွဲတော်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အချိန်က ဘုရားဖူး များသည် အသင်း
အဖွဲ့အလိုက် အစုအဝေးနှင့် လှေတတန်၊ လှည်းတတန် လာကြ၍ ကုန်းတော်ဝန်းကျင် ဇရပ်များ၊ ကျောင်းများ၊
စောင်းတန်း များနှင့် ရင်ပြင် အနှံ့တွင်လည်း ဘုရားဖူးများ လှည်းဝိုင်းများ တိုးမပေါက်အောင်
စည်ကား လေသည်။
တပေါင်းနွေ အလှသည် တောတောင်
ရေမြေ၌ လည်းကောင်း လယ်တောသစ်ပင် စသည် တို့သည် တပေါင်း အလှဖြင့် ပြည့်နေသည်။ ရှေးနှစ်ပေါင်း
များစွာ ကတည်းက တပေါင်း အလှသည် ပီပြင်သလို ယနေ့ခေတ် အဆက်ဆက် တွင်လည်း ကမ္ဘာနှင့် အမျှ
တည်တံ့နေမည့် ထာဝရ တပေါင်းအလှ တစ်ပါးဟု ဆိုထိုက် ပေတော့သည်။
No comments:
Post a Comment