ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးမှန်ရင်
ငယ်ငယ်ကြီးကြီး ပျိုပျို အိုအို လူတိုင်းလူတိုင်း ကုသိုလ်ဒါန မပြုဖူးသူရယ်လို့ မရှိသလောက်ပါ။
ဘာ့ကြောင့်လှူဒါန်းကြသလဲ မေးရင် ကုသိုလ်ရချင်လို့ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို
လိုချင်လို့ပါဟု ဖြေလေ့ရှိကြပါတယ်။
တစ်ချို့ကျတော့လည်း ကြားဖူးနားဝရှိတဲ့အတိုင်း
ဒါနတော ဘောဂဝါ - “လှူရင် ချမ်းသာမယ်” ဆိုလို့ လှူကြတယ်။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း
စာဂတရား ဒါနတရားရှိရင် ချမ်းသာမယ်လို့ ယုံကြည်ပြီး လှူဒါန်းကြတယ်။ အသက်ရှည်ခြင်း အဆင်းလှခြင်း
ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်း ဘုန်းတန်ခိုးတေဇော် အာနုဘော်ကြီးခြင်း
သေလျှင် နတ်ရွာ သုဂတိဘုံဌာနတွေကို ရောက်ရခြင်း အဆုံးဘ၀မှာ မအိုရာ မနာရာ မသေရာ မြတ်နိဗ္ဗာန်ကို
မျက်မှောက်ပြုရမယ်ဆိုပြီး လှူဒါန်းကြတယ်။
လှူရင်းတန်းရင်းနဲ့ မချမ်းသာပဲ
ရှိသလို ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ကိုယ်မဆင်းရဲပေမယ့် စိတ်ဆင်းရဲကြရတယ်။ တစ်ချို့ကတော့
ချက်ချင်း လက်ငင်း မဟုတ်တောင် အချိန်ကာလ အပိုင်းခြားတွင်းမှာ ချမ်းသာခြင်း ကောင်းကျိုးတွေကို ရရှိခံစားကြရတယ်။
တစ်ချို့ကတော့ ကုသိုလ်ဒါနပြုပြီး
ချမ်းသာခြင်း အကျိုးတရားတွေ ရရှိကြပေမယ့် ရုပ်ဆိုးကြရတယ်။ ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို
ပြောမနိုင်ဆိုမနိုင် ဖြစ်ကြရတယ်။ တစ်ချို့က လိုတာမရ ရတာမလိုဘ၀နဲ့ နေထိုင်ကြရတယ်။ တစ်ချို့က
မိမိပိုင်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှိပါလျက်နဲ့ မသုံးဆောင်နိုင်ဖြစ်ကြရတယ်။
(သုံးဆောင်ခံစားလိုစိတ် ပျောက်နေကြရတယ်။) တစ်ချို့က ချမ်းသာပါလျက် မိမိပိုင်ဆိုင်တဲ့
ပစ္စည်းဥစ္စာ ရတနာတွေ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးဆုံးရှုံးကြရတယ်။ (ရေ မီး မင်း
ခိုးသူ မချစ်မနှစ်သက်အပ်သော အမွေခံသားဆိုး သမီးဆိုးတို့ရဲ့ ဖျက်ဆီးခြင်းကို ခံရတယ်။)
ကုသိုလ်ဒါန အကျိုးဆက်ကြောင့်
ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာကြပေမယ့် ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် အလှူဒါန ကုသလအဖြာဖြာကို
ပြုကြတဲ့အခါ မြတ်ဘုရားအလိုကျ ပြုခဲ့ရဲ့လား သူတော်ကောင်းတွေ ကုသိုလ်ပြုကြတဲ့အတိုင်း
ပြုခဲ့ကြရဲ့လားလို့ အရင်ဆန်းစစ်ရပါမယ်။
မြတ်ဘုရားအလိုကျ သူတော်ကောင်းတွေ
ဒါနပြုလုပ်ပုံကတော့ - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိဘဲ၊ မထိမပါး လှူတုံငြား၊
ငါးပါးသပ္ပုရိသ မြတ်ဒါန ဆိုတဲ့ လင်္ကာလေးအတိုင်း ဖြစ်ပါတယ်။
(၁) သဒ္ဓါယ ဒါနံ ဒေတိ -
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါ၏ဂုဏ်ကျေးဇူး၊ ကုသိုလ်ကံ အကုသိုလ်ကံ၏ ကောင်းကျိုး ဆိုးကျိုး ဤနှစ်မျိုးကို သိ၍ ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းရမယ်။
(၂) သက္ကစ္စံ ဒါနံ ဒေတိ
- ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးစတဲ့ လှူဖွယ်ဝတ္ထု အစုစုနဲ့ အလှူခံပုဂ္ဂိုလ်တို့ကို
သေသေချာချာ သပ်သပ်ရပ်ရပ် မွန်မွန်မြတ်မြတ် ရိုရိုသေသေနဲ့ လှူဒါန်းရမယ်။
(၃) ကာလေန ဒါနံ ဒေတိ -
နံနက်ချိန် နေ့လည်ချိန် ညနေချိန် နွေ မိုး ဆောင်း စသည်ဖြင့် အချိန်ကာလအားလျှော်စွာ
လိုအပ်သည်များကို လိုအပ်သလို လှူဒါန်းရပါမယ်။
(၄) အနုဂ္ဂဟိတ စိတ္တေန ဒါနံ
ဒေတိ - မိမိလှူဒါန်းလိုသည့် အလှူဖွယ်ဝတ္ထုပစ္စည်း အပေါ် ငြိကပ် တွယ်တာမှုမရှိပဲ စွန့်လွတ်လှူဒါန်းရပါမယ်။
ပြန်ယူလိုစိတ်မရှိပဲ လှူဒါန်းရပါမယ်။
(၅) အတ္တာနဉ္စ ပရဉ္စ အနုပါဟစ္စံ
ဒါနံ ဒေတိ = အလှူနဲ့ပတ်သက်ပြီး မိမိ သူတစ်ပါး
မည်သူအားမျှ ဂုဏ်မပျက်ပြားအောင် မထိပါးစေဘဲ လှူဒါန်းရပါမယ်။
မြတ်ဘုရားအလိုကျ သူတော်ကောင်းတို့
ပြုသမျှ ကုသလတွေရဲ့ အကျိုးဆက်ကတော့ -
သပ္ပုရိသ မြတ်ဒါန မှတ်ကြပါလေ
ငါးမျိုးပေ --
(၁) သဒ္ဓါဒါန ရုပ်ဆင်းလှ
တွင်းပကျက်သရေ လက်လက်ဝေ။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနဲ့
ကံ-ကံ၏အကျိုးကို ယုံကြည်သဖြင့် အလှူကို ပေးလှူသောကြောင့် ဘ၀များစွာ သံသရာ၌ ကျင်လည်ရသည်ရှိသော်
မြင့်မြတ်တဲ့အမျိုးမှာဖြစ်ပြီး အသုံးအဆောင်တွေ များပြားကာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမယ်။
လှပတင့်တယ် ချစ်စဖွယ်သော အဆင်းနဲ့ပြည့်စုံမယ်။ အလွန်အဆင်းလှမယ်။ ရှုချင်ဖွယ် နှစ်လိုဖွယ်ရှိမယ်။
စိတ်ကြည်လင်ဖွယ် ရှိမယ်။ တူမတူအောင် လွန်ကဲသော အဆင်းသဏ္ဌာန်နှင့်လည်း ပြည့်စုံပါလိမ့်မယ်။
(၂) သက္ကစ္စမှာ ခြွေရံကာ
သြဇာကျက်သရေ လက်လက်ဝေ။
ရိုသေစွာ အလှူကို ပေးလှူသောကြောင့်
ဘ၀များစွာ သံသရာ၌ ကျင်လည်ရသည်ရှိသော် မြင့်မြတ်တဲ့အမျိုးမှာဖြစ်ပြီး အသုံးအဆောင်တွေ
များပြားကာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမယ်။ အလှူရှင်၏သား သမီး မယား ကျွန် အစေခံ အမှုလုပ်တို့သည်လည်း
စကားကို နာယူကြမယ်။ စကား နားထောင်မယ်။ ပြောသမျှကို
လွယ်လွယ်နဲ့ သိနားလည်ကြလိမ့်မယ်။ ဇနီး မယား သမီး သားနဲ့ အလုပ်သမားတွေအပေါ် သြဇာညောင်းပါလိမ့်မယ်။
(၃) ကာလဒါန လိုတိုင်းရ
ပြည့်ဝစုံပေ တင့်ဖြိုးဝေ။
လျောက်ပတ်သောအခါ၌ အချိန်ခါ
အားလျော်စွာ အလှူကို ပေးလှူသောကြောင့် ဘ၀များစွာ သံသရာ၌ ကျင်လည်ရသည်ရှိသော် မြင့်မြတ်တဲ့အမျိုးမှာဖြစ်ပြီး
အသုံးအဆောင်တွေ များပြားကာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမယ်။ အခါအားလျော်စွာ ရောက်လာကုန်သော
အကျိုးတို့သည် များပြားကုန်မယ်။ လိုချင်တဲ့အချိန် လိုချင်တာကိုတလို့ တတိုင်းရ လိုတိုင်းရပါလိမ့်မယ်။
အလိုရှိတဲ့အရာ မှန်သမျှ လိုတိုင်းတလို့ ရပါလိမ့်မယ်။
(၄) အနုဂ္ဂဟံ ဥဠာရံ သုံးရန်မသွေ
စိတ်ညွတ်ပေ။
လှူဒါန်းအပ်သော လှူဖွယ်ဝတ္ထု၌
မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူသောကြောင့် ဘ၀များစွာ သံသရာ၌ ကျင်လည်ရသည်ရှိသော်
မြင့်မြတ်တဲ့အမျိုးမှာဖြစ်ပြီး အသုံးအဆောင်တွေ များပြားကာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမယ်။
မြတ်ကုန်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ခံစားချင်စိတ်ရှိပါလိမ့်မယ်။ မိမိပိုင်ဆိုင်သမျှ
အရာဝတ္ထု ပစ္စည်းဥစ္စာများကို သုံးဆောင်ခံစားချင်စိတ်ရှိပါလိမ့်မယ်။
(၅) အနုပဟစ္စ မြတ်ဒါန တွင်းပရန်တွေ
ရှင်းရှင်းပေ။
မိမိသူတစ်ပါး နှစ်ဦးသားကို
မထိပါးစေပဲ ဂုဏ်တုဂုဏ်ပြိုင်မပြုမူ၍ အလှူကို ပေးလှူသောကြောင့် ဘ၀များစွာ သံသရာ၌ ကျင်လည်ရသည်ရှိသော်
မြင့်မြတ်တဲ့အမျိုးမှာဖြစ်ပြီး အသုံးအဆောင်တွေ များပြားကာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမယ်။
ထိုအလှူရှင်အား မီးကြောင့်ဖြစ်စေ ရေကြောင့်ဖြစ်စေ မင်းကြောင့်ဖြစ်စေ ခိုးသူကြောင့်ဖြစ်စေ
မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့်ဖြစ်စေ မည်သည့် အကြောင်းကြောင့်မျှ စည်းစိမ်ဥစ္စာတို့
ပျက်စီးခြင်း မဖြစ်နိုင်ပေ။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာများ ရန်သူမျိုး ငါးပါးကြောင့်
ပျက်စီးဆုံးရှုံးမှု မဖြစ်နိုင်ပေ။
အဲ့ဒါကြောင့် ...
ပြုသမျှ ကုသိုလ်ကောင်းမှုများ
ပြုပြီးတိုင်း သဲထဲရေသွန် မဖြစ်ရလေအောင် သတိဆောင်၍ မြတ်ဘုရားအလိုကျ သူတော်ကောင်းတို့
ကုသိုလ်ဒါန ပြုလုပ်ပုံ ပြုလုပ်နည်းနှင့် အကျိုးတရားများကို နားလည်သိလျက် စိတ်သဒ္ဓါ ရွှင်လန်း
နိဗ္ဗာန်မှန်းကာ လှူဒါန်းနိုင်သူ ဖြစ်နိုင်ကြပါစေ။
မျိုးချစ်မြန်မာ(မူကြို)
20.5.2015
No comments:
Post a Comment