အ၀ိဇ္ဇာ
ဆိုတာ အလွယ်ဆုံး ဘာသာပြန်ရင် မသိခြင်းပါ။ အမြင်မှန်ကို ပိတ်ဖုန်းတတ်သော
တရားနှစ်ပါးရှိပါသည်။ (၁) အပ္ပဋိပတ္တိ အ၀ိဇ္ဇာ- ရုပ်နာမ် ဘ၀ ဒုက္ခသစ္စာသဘောကို
ဆင်းရဲခြင်း ဟူ၍လည်း ကောင်း၊ ထိုရုပ်၊ နာမ်ဘ၀တို့၌ လိုချင်နှစ်သက်တောင့်တမှုတဏှာ၊
သမုဒယသစ္စာကိုပင် ဆင်းရဲကြောင်း ဆင်းရဲစ ဟုလည်းကောင်း အမှန်အတိုင်းမသိမှု၊ (၂) မိစ္ဆာ
ပဋိပတ္တိ အ၀ိဇ္ဇာ- လူ နတ် ဗြဟ္မာ နာမ် ရုပ် ဘ၀တို့ကိုပင် ချမ်းသာတွေ အမွန်မြတ်တွေ ဟူ၍
လည်းကောင်း၊ ထိုအရာစုတို့ကို လိုချင်နှစ်သက်မှုကိုပင် ချမ်းသာကြောင်း
ကောင်းစားကြောင်း အမှုဟူ၍လည်းကောင်း၊ ထင်မှတ်နေခြင်းနှင့် ဒုက္ခသစ္စာ၊
သမုဒယသစ္စာတို့ကို ပြောင်းပြန် ဇောက်ထိုး သိနေမှု။ အလွယ်ကူဆုံး မှတ်သားရင်တော့
သိသင့်တာတွေကို မသိခြင်း၊ မသိသင့် တာတွေကို သိခြင်းပဲ ဖြစ်ပါသည်။ ဒီအ၀ိဇ္ဇာကြောင့်
သံသရာလည်ကြရသည်။ သတ္တ၀ါတွေ ဒုက္ခဖြစ်ကြရသည်။ ဒီလို အ၀ိဇ္ဇာ အမိုက်မှောင်တွေ ဘာကြောင့်
ဖုံးနေကြရတာလဲ..။ ဖုံးနေရင်ကော အမှောင်ကို ပယ်ဖျောက်တတ်သော အလင်းဆို တာရှိတယ်။
အဲဒီအလင်းကရော ဘယ်အရာတွေလဲ..။ အကျိုးဆိုတာ အကြောင်းရှိလို့ ဖြစ်လာရသည်။
ဤအကြောင်းသည်ကား နီဝရဏတရား တွေကြောင့်
အ၀ိဇ္ဇာဖုံးရပါသည်။ နီဝရဏတရားဆိုတာ ဈာန် မဂ်ဖိုလ်စသော ကုသိုလ်တရားတို့ကို
ပိတ်ပင်တားဆီး ကန့်ကွက်တတ်သောတရားတွေပါပဲ။
(၁) ကာမစ္ဆန္ဒ နီဝရဏ- အာရုံငါးပါး ကာမဂုဏ်တရားတို့ကိုသာ
ခံစားလိုခြင်း ၊
(၂) ဗျာပါဒ နီဝရဏ- အမျက်ဒေါသ ပြစ်မှားကြမ်းတမ်းခြင်း၊
(၃) ထိနမိဒ္ဓ နီဝရဏ- ထိုင်းမှိုင်းငိုက်မျည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ- မတည်ကြည်သောစိတ် ပျံ့လွင့်ခြင်း၊
ပူပန်ခြင်း၊
(၅) ၀ိစိကိစ္ဆာ နီဝရဏ- ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့်
မိမိပြုလုပ်ရမည့် အကျိုးခံစားခွင့် ဈာန် မဂ်ဖိုတရားတို့ကို သို့လောသို့လော
တွေးတောခြင်း၊
(၆) အ၀ိဇ္ဇာ နီဝရဏ- အမှန်မသိတတ်ခြင်း မောဟ။
လောဘသည်
ကာမဂုဏ်အာရုံကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်လိုချင်သည်။ သတ္တာဝါတို့အား
မည်သည့်အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲရှာဖွေ နေစေ၏။
ဒေါသနှင့်တူသော အပြစ်သည်မရှိ ဟု ဘုရားရှင်ဟောထားသည်နှင့် အညီ ဒေါသ သည်
အဖျက်အဆီးတတ်ဆုံးသော တရားဖြစ်သည်။ မြွေပွေး၊ မြွေဟောက်နှင့် အလား တူပါတယ်။
တက်ကြွသော ဒေါသကသာလျှင် ဖျက်ဆီးတတ်သည်မဟုတ်ပါ၊ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့်
စိတ်ပျက်ခြင်း၊ ကြောက်လန့်ုခြင်း၊ ၀မ်းနည်းပူဆွေးခြင်း၊ ငိုကြွေးခြင်း၊
စိတ်နှလုံးမသာယာခြင်း၊ လွန်ကဲစွာ ပူဆွေးခြင်းတို့ကလည်း ကိုယ်စိတ်နှစ်ပါးကို
ပျက်စီး စေတတ်၏။ မောဟသည် ရုပ်နာမ်၊ ကံ၊ သစ္စာစသည်တို့ကို ဖုံးကွယ်ထားပြီး
သတ္တ၀ါတို့အား အမှောင်တိုက်၌ ကျင်လည်စေ၏။ ထိုအမှောင်တိုက်၏ အထောက်အပံ့ဖြင့်
မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ဖို့ မရှက်ဖို့၊ မကြောက်ဖို့ အားပေးအားမြှောက်
ပြုကြပါသည်။ ဥဒ္ဓစ္စကတော့ အမှန်တရားတွေကို မတွေးတောမိအောင် စိတ်ကို
ပျံ့လွင့်စေပါသည်။ ကုက္ကုစဖြင့် နောင်တတစ်ဖန် ပူပန်နေခြင်းသည်လည်း ပြုခဲ့မိပြီးသော
ဒုစရိုက်ကို မပြုရာရောက်အောင် မပြုခဲ့မိသေးသည့် သုစရိုက်တရားတွေကိုလည်း
ပြုရာရောက်အောင် မစွမ်းဆောင်ပေးနိုင် သည့်အပြင် အကုသိုလ်ကိုပင်
တိုးပွားစေတတ်သဖြင့် အမြင်ကတ်စရာ၊ အကျိုးယုတ်စရာ အမူအရာပါပဲ။ ထိနနှင့် မိဒ္ဓတို့သည်
စိတ်နှင့် စေတသိက်တို့ကို ထိုင်းမှိုင်းလေးလံစေခြင်းဖြင့်
ပျင်းရိငိုက်မျည်းခြင်းကို ဖြစ်ပေါ်စေကြသည်။ ကုသိုလ်အလုပ်ကို ဆုတ်ယုတ်စေကြ၏။ ဘုရား၊
တရား၊ သံဃာနှင့် ကုသိုလ်အလုပ်ကို ဆုတ်နစ်စေ၏။ စိတ်ကို ညစ်ညူးပူလောင်စေတတ်ပြီး ကုသိုလ်တရားတို့ကို
ပိတ်ပင်တားဆီး ကန့်ကွက်တတ်သောတရားတွေကြောင့် အ၀ိဇ္ဇာအမှိုက် သရိုက်တွေ
ဖုံးလွှမ်းကြရပါသည်။ ဤသို့သော နီဝရဏတရားတွေကို ဖြစ်စေသော အကြောင်း တရားတွေသည်
ဘာများပါလိမ့်။
ဒုစရိုက်တရားတွေ လုပ်နေကျလို့ နီဝရဏတရားတွေ
ဖြစ်ကြရပါသည်။ အပါယ်လေးပါးသို့ လားစေတတ်သောတရားပေါ့။ အကုသလ ကမ္မပထ၊ အကုသိုလ်က
ံမြေက်တဲ့တရားပါပဲ။ မကောင်းတဲ့ အမူအကျင့်တွေမလို့ ဒုစရိုက်လို့ အမည်ရပါသည်။
(၁) ပါဏာတိပါတ = သတ္တ၀ါကိုသတ်ခြင်း။
(၂) အဒိန္နာဒါန = သူတစ်ပါးရဲ့ပစ္စည်းဥစ္စာကို ခိုးယူ လုယူ
မတရားယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = သူတစ်ပါးရဲ့သားမယားကို ဖျက်ဆီးခြင်း။
ကိုယ်နဲ့ ကျူးလွန်ကြတဲ့ အတွက် ကာယဒုစရိုက်သုံးပါးလို့ ခေါ်ပါသည်။
(၄) မုသ၀ါဒ = မမှန်သောစကားကို ပြောဆိုခြင်း။
(၅) ပိသုဏ၀ါစာ = ကုန်းချောစကားကို ပြောဆိုခြင်း။
(၆) ဖရုသ၀ါစာ = ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း။
(၇) သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိ အနှစ်မပါတဲ့စကားကို ပြောဆိုခြင်း။
နှုတ်ဖြင့် ကျူးလွန်တတ်ကြတဲ့အတွက် ၀စီဒုစရိုက်လေးပါးဟု ခေါ်ဆိုသည်။
(၈) အဘိဇ္ဈာ = သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာကို မတရားယူဖို့ ကြံစည်ခြင်း။
(၉) ဗျာပါဒ = သူတစ်ပါးပျက်စီးအောင် ကြံစည်ခြင်း။
(၁၀) မိစ္ဆာဒိဋ္ဌိ = မှားယွင်းတဲ့ အယူဝါဒကို ယူခြင်း။
စိတ်ဖြင့် ကြံစည်ကျူးလွန်တတ်ကြတဲ့ အတွက် မနောဒုစရိုက် သုံးပါးဟု
ခေါ်ဆိုသည်။
အထက်ပါ
ဒုစရိုက်(၁၀)ပါးတွင် တစ်ပါးတစ်ပါးလျှင် စေတနာသုံးပါးစီ ရရကား စေတနာသုံးတန်ဖြင့်
မြှောက်က ဒုစရိုက် ၃၀ ဖြစ်၏။ ဒီတရားတွေကို ဆင်ခြင်ကြည့်ရင် မတရားမှုတွေဆိုတာ
ထင်ရှားပါတယ်။ ကိုယ်စိတ်နှင့်နှိုင်း မရိုင်းဆိုသလို ကိုယ်ချင်းစာတရားနဲ့
ချိန်ထိုးကြည့်ပါ။ သတ္တ၀ါတိုင်းဟာ မိမိကိုယ်ကိုချစ်ပြီး သေရမှာကြောက်တယ်။ ဒါကြောင့်
မှက်၊ ခြင်၊ ယင်ကအစ သတ္တ၀ါတွေကို သတ်ရင် မတရားမှုကျူးလွန်တာ ပါပဲလို့ဆိုရင် မမှားပါ။
အသတ်ခံရတဲ့ သတ္တ၀ါရဲ့သီလဂုဏ်၊ သမာဓိဂုဏ်ကြီးလေလေ အပြစ်ကြီးလေလေပါပဲ။ ကိုယ့်ပစ္စည်း
အခိုးခံရရင် ကိုယ်မကြိုက်သလို သူတစ်ပါးပစ္စည်းကိုခိုးရင် မတရားယူရင် သူများစိတ်ဆင်း
ရဲကြရမှာပါပဲ။ ထို့အတူပါပဲ ကိုယ့်ညီမ စော်ကား၊ မော်ကားပြုရင် ဘယ်သူမှ မကြိုက်ရင်
သူများသားမယား ကိုလည်း မပြစ်မှားမိပါစေနဲ့။ ကျန်တာတွေလည်း ကိုယ်ချင်းစာပြီး
တွေးကြည့်ပါ။ မကောင်းတဲ့အရာဆိုတာ သိသာထင်ရှားပါတယ်။ ဒီဒုစရိုက် တရားတွေကော
ဘယ်အကြောင်းကြောင့် လုပ်နေကြရတာလဲ။
ဣနြေ္ဒငါးပါး ကင်းမဲ့မှုကြောင့် ဤဒုစရိုက်တရားတွေ
ပြုကျင့်နေကြတာပါပဲ။ ဣနြေ္ဒဟူသည် စိတ်ကို အစိုးရနိုင်မှုဟု အဓိပ္ပါယ်ရရှိပါသည်။
မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်ပါသည်။
(၁) သဒ္ဓိနြေ္ဒ = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
(၂) ၀ီရိယိနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
(၃) သတိနြေ္ဒ = သတိဖြင့် စိတ်ကို အစိုးရခြင်း။
(၄) သမာဓိနြေ္ဒ = သမာဓိဖြင့် စိတ်ကို အစိုးရခြင်း။
(၅) ပညိနြေ္ဒ = ပညာဖြင့် စိတ်ကို အစိုးရခြင်း။
သဒ္ဓါ
ဟူသည် ဒါနမှု၊ သီလမှု ဖြစ်သော ပကတိသဒ္ဓါမျိုးမဟုတ်ဘဲ ၀င်လေ၊ ထွက်လေစသော ကမ္မဋ္ဌာန်း
အလုပ် အစရှိသဖြင့် ဘာဝနာအလုပ်မျိုးဖြင့် ဆင်ပြောင်ကြီးကဲ့သို့ ခွန်အားဗလ တိုးတက်၊
ကြီးပွားအောင် ပျိုးထောင်အပ်သော သဒ္ဓါမျိုးကို ဆိုလိုပါသည်။ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ
စသည်တို့မှာလည်း ထိုနည်းတူဖြစ်ပါသည်။ သတိရှိသည်မှာလည်း သမာန် သတိမျိုးမဟုတ်ဘဲ
စိတ်၏ဖြစ်မှု၊ ပျက်မှု အဆင့်အတန်း တွေကို သတိကြီးစွာထားပြီး မမြဲခြင်း အနိစ္စဆိုတာ
သိအောင် သတိရှိနေသည်အထိဆိုလိုပါသည်။ ဗိုလ်ငါးပါးမှာ လည်း ဤငါမျိုး ပင်ဖြစ်ပါသည်။
ဆန့်ကျင်ဘက်တရားတွေကို တိုက်ဖျက်ဖိစီးတတ်သော တရားဟုခေါ်ဆိုသည်။ ဒီလို ဣနြေတွေ၊
ဗိုလ်တွေ မရှိလို့၊ တစ်နည်းဆိုသော် သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ မရှိကြလို့
ဒုစရိုက်တရား တွေ ပြုကျင့်နေကြတာပါပဲ။ ဒီတရားတွေကော ဘာကြောင့် မရှိကြရတာလဲ..။
ဒီလို
ဣနြေတွေ ဘာလို့ မရှိတာလဲဆိုရင် သတိမရှိလို့ပါပဲ။
သတိမမူ ဂူမမြင်ဆိုသလိုပဲ သတိမထား မိလိုက်လျှင် ဘယ်အရာမှ မှတ်မှတ်ရရ မသိလိုက်ဘူး။
ကောင်းမှုကုသိုလ်တွေ လုပ်ဖို့ သတိမရကြဘူး။ သတိဆိုတာ ဖြစ်ပြီးဖြစ်ဆဲ အာရုံများကို
ရေစီးကြောင်း၌ ဗူးတောင်းများ လွင့်မျောသွားသလို လွင့်မျောမသွား စေရန်
ပျောက်ကွယ်မသွားစေရန် အောက်မေ့အမှတ်ရ စေတာပါပဲ။ သတိဆိုသော တံခါးမှုးသည် စိတ်ထဲသို့
ကိလေသာများ မစိမ့်ဝင်ရန် စောင့်ကြပ်တားဆီးပေးနိုင်တာပါ။ သတိဆိုတာ
စိတ်ရဲ့နေအိမ်ပါပဲ။ သတိမရှိတဲ့သူဟာ အိမ်မရှိတဲ့လူလိုပဲ ကြုံရာ ခြေဦးတည့်ရာ
လျှောက်သွားနေတတ်တယ်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။
ဂုဏ်သိက္ခာမရှိဘူးလို့ ဆရာတော်ဦးဇောတိက ဟောကြားတာ မှတ်သား စရာပါ။
သတိလေးများရှိနေရင် မကောင်းမှုလုပ်ရမှာ အင်မတန်မှ ၀န်လေးပါတယ်။ မလုပ်ဖြစ်
အောင်လည်းသတိတရားက တားဆီးပေးနေတယ်။ အရက်သောက်ချင်တယ်ဆိုပါစို့။ သြော်..ငါအရက်သောက်လို့
ဘာအကျိုးရှိမလဲ။ သောက်ရင်ကော ဘာတွေဖြစ် လာမလဲ။ ဒီမှာတင်ပဲ သတိတရား၏
စွမ်းအားကြောင့် မကောင်းမှုလုပ်ရမှာကို ရှက်လာမယ်။ ညအိပ်ယာ ၀င်ခါနီး တန်းအိပ်မှာထက်
ငါဘုရားရှိခိုးဦးမှဆိုတဲ့ သတိတရားလေးကြောင့် ကုသိုလ်တွေ ဖြစ်နေတယ်ဆိုတာ မမေ့စေ
ချင်ဘူး။ မမေ့မလျော့ မြဲမြန်သော သတိတရားဖြင့် နေရစ်ကြကုန်လော့ဟု
ဘုရားရှင်မှာခဲ့တာပါ။ ဒီလို သတိတရား တွေကော ဘာလို့မရှိကြရတာလဲ..။
အယောနိသောမနသိကာရ အသင့်အတင့်အမှန်အတိုင်း
နှလုံးမသွင်းတတ်ကြလို့ သတိတရားတွေ မရှိနေကြရတာပါ။ စာမေးပွဲ တူတူဖြေတော့ သူကျတော့
အမှတ်ပြည့်ရတယ်။ ငါ့ကျတော့ ဘာလို့ မရလဲ။ မုဒိတာ မဖြစ်နိုင်မဖြစ်သည့်အပြင်
ဣဿာတွေဖြစ်ပြီး အကုသိုလ်တွေ ရသွားတာ မသိလိုက်ဘူး။ ကိုယ်မကြိုးစားလို့
ကိုယ်မရတာပါလားဆိုတာ နှလုံးမသွင်းနိုင်ကြဘူး။ ပစ္စည်းဆိုလည်း ကိုယ်နဲ့မထိုက်လို့
ကိုယ်မရတာပါလားဆိုပြီး နှလုံးမသွင်းကြဘူး။ ကံကံ၏ အကျိုးတွေကို နားမလည်ကြဘူး။
လောဘတွေတက် နောက်ဆုံး အဘိဇ္ဈာတွေပါဖြစ်။ ဒေါသတွေထွက် ဗျာပါဒတွေပါဖြစ်။ ဒါတွေဟာ
အယောနိသောမနသိကာရ ဖြစ်နေလို့ပဲ။ ဒီလို ဘာလို့ နှလုံးမသွင်းနိုင်ကြတာလဲ..။
ဘုရား၊
တရား၊ သံဃာအပေါ်မှာ တကယ်တန်းအစစ်အမှန်ယုံကြည်မှု သဒ္ဓါတရား မရှိလို့ပါပဲ။
အကုသိုလ်အမှုများမှာ မောဟဦးဆောင်သကဲ့သို့ ကုသိုလ်ရေးမှာလည်း သဒ္ဓါဦးဆောင်၏။
သဒ္ဓါမရှိသူသည် ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်နေပါသော်လည်း ကုသိုလ်ပြုခွင့်မရ။
လက်မရှိသောသူသည် ရွှေတောင် ပေါ်ရောက်နေသော်လည်း ရွှေတုံးများကို
မကောက်ယူနိုင်သကဲ့သို့တည်း။ ဤလောကမှာ လူ့ဥစ္စာ၊ သဒ္ဓါအမြတ်ဆုံးတည်းလို့
ဗုဒ္ဓမိန့်ကြားတော်မူခဲ့၏။ ဗုဒ္ဓဘာသာဝင် အများစုမှာတော့ သဒ္ဓါတရားရှေ့တန်းမတင်ဘဲ
တန္တရယာန၀ါဒများ၊ မန္တရယာန၀ါဒများကို လိုက်စားပြီး အင်းအိုင်၊ လက်ဖွဲ့၊ ဂါထာတွေ
အားကိုးကြ၊ ဗေဒင်၊ လက္ခဏာတွေ အလွန်အကျွံလိုက်စား၊ နတ်တွေကိုးကွယ် စသဖြင့်
လုပ်နေကြတော့ ဗုဒ္ဓ၏ အဆုံးအမတွေကို ပယ်ရာရောက်ပါတယ်။ တစ်ချို့မှာတော့ မိစ္ဆာဒိဋ္ဌိတွေ
ဖြစ်မှန်းမသိဖြစ်နေကြရတယ်။ ဒီလို သဒ္ဓါတရားတွေ ဘာကြောင့် မရှိကြရတာလဲ၊
နည်းနေကြရတာလဲ..။
တရားမနာလို့ပါပဲ။ ဗုဒ္ဓ၏ အဆုံးအမတရားတွေကို
မနာကြလို့ပါပဲ။ သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်သတ်၊ ဖြောင့်မတ်ယူုမြင်၊
စိတ်ကြည်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။ တရားနာကြစေချင်ပါတယ်။
တရားနာတာတောင် နှလုံးသားထဲ မရောက်ရင် ကုသိုလ်ပဲ ဖြစ်မှာပါ။
ခန္ဓာဉာဏ်ရောက်အောင်နာစေချင်ပါသည်။ သစ္စာလေးပါးကို ကောင်းမွန်မှန်ကန်စွာ
အမှန်အတိုင်း သိမြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော
အာရုံကို မတွေမဝေ အမှန်အတိုင်း သိတတ်သောကြောင့် အမောဟဖြစ်အောင်၊
သစ္စာလေးပါးတည်းဟူသော ဓမ္မတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက်(= ဤကား ပထ၀ီ၊ ဤကား
အာပေါ စသည်ဖြင့် ဤကား ကုသိုလ် ဤကားအကုသိုလ် စသည်ဖြင့် စူးစမ်းဆင်ခြင်
ဆုံးဖြတ်လျက်) ကောင်းစွာထွင်းဖောက် သိမြင်တတ်သောကြောင့် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်
ဖြစ်အောင်၊ ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း ထိုးထွင်းသိမြင်
တတ်သောကြောင့် ဉာဏ=ဉာဏ်ဖြစ်အောင်၊ ပညာတွေဖြစ်အောင် တရားနာကြပါ။
ဤကဲ့သို့တရားနာလျှင် အထက်ဖော်ပြပါ အကြောင်းရင်းအားလုံးကို ပယ်ဖျောက်ပြီး
အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖြိုခွင်းနိုင်ပါလိမ့်မည်။ အ၀ိဇ္ဇာ အမိုက်မှောင် တဏှာဆောင်တဲ့ ဤလူ့ဘောင်ဋ္ဌာန၊ လူ့လောက
ကို မြတ်ဗုဒ္ဓ၏ ဓမ္မအလင်းရောင် ထွန်းလင်းအောင်၍ ဗုဒ္ဓသာသနာ ဒို့ကမ္ဘာအား သာယာအေးခြိမ့်
လွှမ်းခြုံစိမ့်ကာ ပြည်နိဗ္ဗာန်းနန်း မြန်းကြပါစေ။
အမောင်(ရေနံ့သာ)
No comments:
Post a Comment