Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, February 6, 2013

မလင့်စေလို တင့်စေဖို့ကို ဆန္ဒပို




မောင်မေတ္တာနှင့် မသစ္စာ ဟု ဇာတ်ကောင်ရှာ၍ ခေါင်းစဉ်ကို ကြိုးစား သရုပ်ဖော်ပြပါမယ်။ ဇာတ်ကောင်နှစ်ဦး၏ အခြေအနေကို အနည်းငယ်မျှ ရေးဖော်ပြလိုပါသည်။ မသစ္စာသည် မြန်မာနိုင်ငံနှင့်ဝေးသော နိုင်ငံတစ်ခုမှာ နေထိုင်ဖို့ အခြေပေး ဘဝအတွက် အမြဲရုန်းကန်နေရသူဖြစ်သည်။ မောင်မေတ္တာကတော့ မြန်မိာုင်ငံမှာ နေထိုင်သူဖြစ်သည်။ တိုတိုမျှပြောရလျင် သူတို့နှစ်ဦးမှာ မေတ္တာမျှ ချစ်ခင်နေကြ၏။

တစ်နေ့ မောင်မေတ္တာတစ်ယောက်မှာ ဤသို့ အကြံထွက်ပေါ်၏ “ငါသည် မြတ်စွာဘုရားရှင်၏ သာသနာနဲ့ ကြုံကြိုက်ခွင့်ရသူဖြစ်ပါလျက် မိမိမှာ မြတ်စွာဘုရားရှင်၏ အဆုံးအမနဲ့ ကင်းနေပါရော့လား၊ မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတို့သည် မိမိနှလုံးသားမှာ အရှင်းကင်း၍ ဗလာနတ္ထိဖြစ်နေပါရော့လား…“ ။
ထိုအကြံသည် မြတ်ဗုဒ္ဓ အဆုံးအမတရားတော်အား ကြားနာလိုသော စိတ်ရဲ့ အားကို ထက်သန်စေမှုသို့ ကျေးဇူးပြု၍ မိမိတို့ မြို့အနီးရှိ ဖားအောက်တောရကျောင်းသို့ ချည်းကပ်၏။ ထိုကျောင်းတော်ရှိ ဆရာတော်ဘုရားအား သူ့အကြံကို လျှောက်တင်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဝေးကွာနေသော တပည့်တော်အား နီးစပ်အောင် တပည့်တော်အား ဆုံးမ သွန်သင်ပါဘုရား ဟု လျှောက်တင်၏။

ဆရာတော်ဘုရားမှ ဤသို့ မိန့်တော်မူ၏ “သီလ-သမာဓိ-ပညာ ဟုဆိုအပ်သော သိက္ခာသုံးရပ်အကျင့်မြတ်ကို ဘုရားအလိုတော်ကျ ဆုံးမတော်မူသည့်အတိုင်း စနစ်တကျနဲ့ ဒကာကြီး ကျင့်ကြံအားထုတ်မယ်ဆိုရင် မြတ်ဗုဒ္ဓ အဆုံးအမကို ဒကာကြီးက ကောင်းစွာခံယူ၍ ထိုအဆုံးအမ၏ ကျေးဇူးကို ဒကာကြီး ကိုယ်တွေ့ နားလည်လာမှာပဲ…”။
ဒီလိုနဲ့ ကိုမေတ္တာ၏ စိတ်သည် မသစ္စာဆိုတဲ့ အာရုံ၌ ကျက်စားစိတ်ကူးခွင့်မရဘဲ၊ အရိယာသစ္စာလေးပါးအား မြတ်စွာဘုရားရှင်၏ အဆုံးအမဖြင့် ကိုယ်တိုင်ထိုးထွင်းသိအောင် ကျင့်ဆောင်၍ နေနေလေရက်ဗျ။
ဒီလိုနဲ့ မောင်မေတ္တာမှာ ကိုယ်တိုင်ကျင့်ရ သိမြင်ရသော သန္ဒိဋ္ဌိကော အကျိုးသည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုအကျိုးသည် နောက်အကျိုးတစ်ခုဖြစ်ပေါ်ရန် အကြောင်းရင်းခံဖြစ်၏။ ထိုနောက်တစ်ခု အကျိုးအား သဟဇတပစ္စယော သတ္တိဖြင့် အတူတကွ(မီးဖြစ်လျင် အလင်းထင်ရှားပေါ်သကဲ့သို့) အကြောင်းခံ ကျေးဇူးပြုသည်ကား အကာလိကော ဟု ဆိုအပ်သော ချက်ချင်း လက်ငင်း အကျိုးဖြစ်၏။ ထိုချက်ချင်း လက်ငင်းအကျိုးဆိုသည်မှာ (လောဘ၊ဒေါသ၊မောဟ ဦးဆောင်သော ကိလေသာစေတသိက် အစုနှင့် အဖက်ကင်း၍ ဖြစ်သော) ချမ်းသာသုခကို ဆိုလို၏။ ထိုသို့ ကိလေသာကင်း၍ အစားထိုး ထင်ရှားဖြစ်ပေါ်သော (အလောဘ၊ အဒေါသ၊ အမောဟ ဦးဆောင်သော ကုသိုလ်စေတသိက်အစုနှင့် ယှဉ်ဖက်၍ဖြစ်ပေါ်သော) ချမ်းသာသုခသည် ကိလေသာကင်း၍ ချမ်းသာသော သန္တိသုခကို ခံစားသိမြင်ခွင့်ရရန် အားကြီးသော အထောက်အပံ့ ဖြစ်သည့် ဘာဝနာကံဖြစ်သည်။ ထိုသို့ ကိုယ်တိုင်ကျင့်ရ သိမြင်ရသော သန္ဒိဋ္ဌိကောကြောင့် ချက်ချင်းလက်ငင်း အကျိုး အကာလိကောသည်ထင်ရှားဖြစ်ပေါ်၊ ထိုအာကလိကောသည် နောက် ဩပနေယိကောဟု ဆိုအပ်သော ကိန်းအောင်းမှု ကို အတူတကွကျေးဇူးပြုပါတယ်။ ဘယ်မှာကိန်းသလဲဆိုတော့ စက္ကန့်မလပ် သူ့အကြောင်းအကျိုးလိုက် ကျေးဇူးပြု ဖြစ်ပေါ်နေသော ခန္ဓာ့စဉ်၌ တစ်ပါတည်း ကိန်း၏။ ထိုသို့ သူတော်ကောင်းတရားများ အမြဲကိန်း၍ ကျေးဇူးပြုနေသည်ကို ကိုယ်တိုင်ကျင့်ရ သိမြင်ရသော မောင်မေတ္တာမှသာ သိခွင့်ရှိ၏။
ထိုသို့ မောင်မေတ္တာ သိခွင့်ရသော အသိကို မသစ္စာအားလည်း ထင်ရှားသိစေလို၏။ ထိုသိစေလိုသော စိတ်သည် တစ်ပါးသူ၏အကျိုးကို လိုလားသော မေတ္တာ ကရုဏာပြဋ္ဌာန်းသော စိတ်ဖြစ်သည်။
အတိုမျှပြောပြရလျင် တစ်နေ့၌ မောင်မေတ္တာက မသစ္စာကို ဤသို့ ဖွင့်ဆို၏။ အခုမြန်မာနိုင်ငံက ဖားအောက်တောရ ကမ္မဋ္ဌာန်းပြကျောင်းမှာ အလွန်ဝေးကွာတဲ့ နိုင်ငံရပ်ခြားတွေမှ လာရောက်၍ ဗုဒ္ဓအဆုံးအမကို မြတ်နိုးတန်ဖိုးထား၍ ဆောင်ယူ နေကြတယ်။  မသစ္စာလည်း သမာဓိဓာတ်ခံ အားကောင်းပြီးသားဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဖားအောက်တောရမှာ တစ်လ နှစ်လ ခန့်တော့ အားထုတ်ပါနောလို့ အကြံပေး နှိုးဆော်ပြောကြား၏။ ဒီတော့ မသစ္စာက ဘယ်လိုပြန်နောက်လဲ ဆိုတော့။
မြန်မာနိုင်ငံကို ပြန်လာရင် အတူသွား၊ အတူစားပြီး အတူမနေချင်းဘူးပေါ့တဲ့… ဒီတော့ မောင်မေတ္တာက ပြောပြရတယ်။ အဲလိုမဟုတ်ပါဘူး။
မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီးနဲ့ တွေ့ကြုံခိုက်၊ မြတ်ဗုဒ္ဓအဆုံးအမ တရားတော်များကို ကောင်းစွာ ဟောညွှန်ပြပေးနိုင်တဲ့ သံဃာတော် အရှင်မြတ်တို့ နဲ့ တွေ့ကြုံခွင့်ရခိုက် ဆိုတဲ့ အခွင့်အခါ အချိန်အခါကို မလင့်စေဘဲ သူတော်ကောင်းရတနာတွေနဲ့ တင့်တယ်စေဖို့” အတွက်ပါကွယ်လို့ မောင်မေတ္တာက ရှင်းပြပါတယ်။ ထပ်ရှင်းပြသည်မှာ ချစ်သူမေတ္တာ နှင့် မိခင်မေတ္တာ ၏ ကွာခြားမှု။
ချစ်သူမေတ္တာကို နားလည်အောင် တိုတိုမျှ ပြောရလျင် - အဆင်း၊ အနံ့၊ အထိအတွေ့၊ အပြောအဆို၊ အနေအထိုင်၊ စိတ်သဘောထားတို့ကို နှစ်သက်မိခြင်းမှ ထိုအရာတို့၌ ကပ်ညှိနေသောစိတ်၊ တစ်နည်း- မိမိ၏ အထီးကျန်မှုကို ဖြေသိမ့်ရန်၊  မိမိအား စောင့်ရှောက်ထိန်းသိမ်းကာကွယ်မှုကို လိုလားသော စိတ်ဆန္ဒကြောင့် ဖြစ်လာတဲ့ မေတ္တာကို ချစ်သူမေတ္တာဟု ခေါ်ဆိုသည်၏ အဓိပ္ပာယ်ဖွင့်လိုသည်။ ထိုမေတ္တာမှာ မေတ္တာအမည်ခံမျှသာတည်း။ သူ့အသွင် အမှန်က ရာဂဟု ဆိုသော သံယောဇဉ် အနှောင်အဖွဲ့သာတည်း။
မိခင်မေတ္တာ ဆိုသည်ကား တစ်လုံးတည်းပြောပါဆိုလျင် ကောင်းကျိုးချမ်းသာကို လိုလားသောစိတ်ဖြင့် မိမိရဲ့ဆန္ဒ အာသီသကို ဥပေက္ခာပြုသည်းခံနိုင်သော စိတ်ထားဖြစ်သည်။ ကွာခြားမှုကို ဥပမာပေးပြောရလျင် – မိခင်သည် သားနဲ့ မခွဲခွာလိုသော သူ့ဆန္ဒအာသီသကို ဥပေက္ခာပြုသည်းခံ၍ သား၏ အကျိုးစီးပွားကို လိုလားကာ တက္ကသိုလ်ဆက်တက်ရန် ထောက်ပံ့စေလွှတ်၏။ အချစ်ကတော့ တက္ကသိုလ်မကလို့ ဘာသိုလ် ညာသိုလ် ထည့်မတွက်ဘဲ မိမိနဲ့ မခွဲမခွာ အတူနေလိုသော ဆူပါဂလူးနဲ့တူသည့် ဆွဲငင်သည့်ဓာတ် နှောင်ဖွဲ့သည့်ဓာတ်ရှိ၏။
ဤသို့ မောင်မေတ္တာက အနည်းငယ်မျှ ရှင်းလင်းပြ၍ မိမိသည် မသစ္စာက မြန်မာနိုင်ငံသို့ လာသည့်အခိုက်မှာ အတူစား၊ အတူသွား၊ အတူနေလိုသော ဆန္ဒအာသီသ ရှိသည်ကား အမှန်၊ သိုပေမယ့် မိမိ၏ ဆန္ဒအာသီသကို ဥပေက္ခာပြုသည်းခံ၍ မသစ္စာအပေါ်မှာ အကျိုးလိုလားသော မိခင်နဲ့တူသော မိခင်မေတ္တာစိတ်ဖြင့် ဤသို့ နှိုးဆော် တိုက်တွန်း ပြောရခြင်းဖြစ်ပါတယ်လို့ ပြောပြပါတယ်။
အဲဒီတော့မှ မိခင်မေတ္တာစိတ်နှင့်တူသော တစ်ဖက်သားအပေါ်မှာ အကျိုးလိုလားသောစိတ်ထားအရင်းဓာတ်ခံ ရှိသည့် မသစ္စာအဖို့ မိခင်မေတ္တာနဲ့ ခင်းပြမှ ရှင်းလင်းနားလည်မှု ရသွားရ၏။
အဲဒီလိုနားလည်မှုသည် မသစ္စာအဖို့ကား အရိယာသစ္စာလေးပါးကို သိမြင်ခွင့်ရရန် အားထုတ်ခွင့်ဆိုတဲ့အခွင့်ကို မလင့်စေဘဲ အားထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးပြုဖြစ်စေ၏။
ဤသို့ ဓမ္မမိတ်ဆွေများအဖို့လည်း မလင့်စေလို့ တင့်စေဖို့ကို ဆန္ဒပို၍ မောင်မေတ္တာ - မသစ္စာ ဇာတ်ကောင်ရှာ၍ အကျဉ်းမျှ ရေးသားဖော်ပြမှုကို အဆုံးသတ်ပါပြီ။ အချိန်မရ၍ သဘောမျှခင်းပြ အတိုမျှရေးသားဖော်ပြမှု၌ လိုအပ်ချက် များစွာ ရှိနေပါလိမ့်မည်။ လိုအပ်ချက်များကို ဓမ္မမိတ်ဆွေများမှ အကြံပေး ဖြည့်စွက်ပေးကြပါ။
လေးစားစွာဖြင့် 

No comments:

Post a Comment