လူသားများသည်
ဘ၀အတွက် စားသောက်ရေး၊ ၀တ်ဆင်ရေး၊ နေထိုင်ရေး၊ စိတ်ဖြေရေးတို့အတွက်
ပုံစုံမျိုးစုံဖြင့် အလုပ်လုပ်ကြရပါသည်။ ထိုသို့ အလုပ်လုပ်ကြရာတွင် အလုပ်သုံးမျိုး
ထက်ပင် ပို၍မရှိနိုင်ပါ။ ထိုအလုပ်သုံးမျိုးမှာ-
၁။
အတွေးကံ (မနောကံ)၊ ၂။ အပြောကံ(၀စီကံ) ၃။ အလုပ်ကံ(ကာယကံ) တို့ဖြစ်ပေသည်။
၁။
အလုပ်ကံ(ကာယကံ)အစုတွင် (က)သူတစ်ပါးအသက်ကိုမသတ်ခြင်း၊ (ခ)မပေးသောဥစ္စာကိုမယူခြင်း၊
(ဂ)ကာမဂုဏ်ကိစ္စ၌ မဖောက်ပြန်ခြင်း တို့ပါဝင်ပါသည်။
၂။
အပြောကံ(၀စီကံ)အစုတွင် (က)လိမ်လည်၍ မပြောခြင်း၊ (ခ)ကုန်းတိုက်စကားမပြောခြင်း၊
(ဂ)ကြမ်းတမ်းစွာမပြောခြင်း၊ (ဃ)အကျိုးမဲ့စကား မပြောခြင်း တို့ပါဝင်ပါသည်။
၃။ အတွေးကံ(မနောကံ)အစုတွင်
(က)သူတစ်ပါးစီးပွားကို မတရားရယူရန်မကြံခြင်း၊ (ခ)သူတစ်ပါးအကျိုးစီးပွားကို ဖျက်ဆီး
ရန် မကြံခြင်း၊ (ဂ)အယူအမြင်မှန်ကန်ခြင်း တို့ပါဝင်ပါသည်။
ထိုသို့ဟောကြာထားသော
တရားများရှိသည့်အားလျော်စွာ ထိုတရားများကို နက်နဲစွာမသိရှိသောသူများသည်
ကောင်းတာလုပ်သော်လည်း မကောင်းကျိုးရ၍၊ မကောင်းတာလုပ်သော်လည်း ကောင်းကျိုးရ၍
ဓမ္မ၏သဘောတရားများကို ကောင်းစွာ နားမလည်သောသူများအတွက် ဆရာကြီးဦးရွှေအောင် ရေးသားသော(အမြင်များပြောင်းလဲခြင်းနှင်
ဘ၀အတွေးအမြင် စာစုများ)မှ ဓမ္မအပေါ် သစ္စာဖောက်ခြင်းဆိုတဲ့ ဆောင်းပါးကို ကိုးကား၍
ဖော်ပြလိုပါသည်။ ဤရေးသားမှု၏ ရည်ရွယ်ချက်သည် မြတ်စွာဘုရားရှင် ဟောကြာထားသော
အသိတရားများကိုမိမိ၏ရင်ထဲတွင်စွဲမြဲစွာကျန်ရှိရန် ရည်ရွယ်ပါသည်။ ဒုတိယအနေ နှင့်
ဓမ္မမိတ်ဆွေအပေါင်းတို့အား ဖတ်မှတ်ထားသော
စာများအားဝေငှခြင်းဖြစ်ပါသည်။ထိုသို့အသိတရားများကို ဖတ်ရ၍ ဘ၀တွင် ဓမ္မအတိုင်း
အလုပ်လုပ်ရန်၊ ကြံစည် စိတ်ကူးနိုင်ရန်၊
ကုသိုလ်တရားများပွားစည်းနိုင်စေရန်ရည်ရွယ်ပါသည်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များသည်
ကောင်းတာလုပ်လျှင် ကောင်းတာရမည်။ မကောင်းတာလုပ်လျှင် မကောင်းတာရမည်
ဟုသက်ဝင်ယုံကြည်ကြပါသည်။ သို့ရာတွင် မကောာင်းတာလုပ်၍ ရာထူး၊ ဂုဏ်၊ ငွေ အစရှိသဖြင်
ကြီးပွားတိုးတက်နေသော သူများကိုမြင်တွေ့ရပေလိမ့်မည်။ ထိုနည်းတူစွာ
ကောင်းတာလုပ်သော်လည်း မကောင်းသောအရာများဖြင် ရင်ဆိုင်ကြုံတွေ့ နေရပေတတ်သည်။
ဤသို့သော
သဘောတရားများသည် ဓမ္မနိယာမကို ပြောင်းပြန်လုပ်ခြင်းအားဖြင်
ဒုစရိုက်သမားများသည် ကြီးပွားတိုးတက်ပြီး သုစရိုက်သမားများက ဆင်းရဲမွဲတေနေသည်ကို
မြင်တွေ့ကြသောအခါတွင် ကုသိုလ်နှင် အကုသိုလ်အပေါ်တွင် သံသယ
စိတ်များဝင်တတ်ကြပေသည်။ အမှန်အားဖြင်ဓမ္မသဘောတရားသည် ကောင်းတာလုပ်လျှင်
ကောင်းကျိုးပေး၍၊ မကောင်းတာလုပ်၍ မကောင်းကျိုးပေးမည်မှာ အမှန်ဖြစ်ပါသည်။ ကံ
ကံ၏အကျိုးတိလိုက်လျောညီထွေမှု့ မရှိခြင်းသည် ဓမ္မအပေါ်မှာ သစ္စာဖောက်ခြင်း ဖြစ်ပါသည်။
ဓမ္မအပေါ်
သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ဒဏ်ခတ်ခြင်း ခံရမည်မှာ မလွဲမသွေဖြစ်ပါသည်။ သက်ရောက်အားနှင့်
တန်ပြန်သက်ရောက်မှု့တို့၏နိယာမအရ အပုပ်ချခြင်းခံရသော ဓမ္မသည်
မိမိအပေါ်အပုပ်ချသူအား ပြန်၍ ဒဏ်ခတ်မည်မှာ
မရှောင်လွဲနိုင်သောနိယာမဖြစ်သည်ကိုသိစေချင်ပါသည်။ ထိုသို့ ဒဏ်ခတ်မည်မှာ
အသေချာဖြစ်သော်လည်း အချိန်ကာလ အနေနဲ့ စဉ်းစားစရာတစ်ခု ဖြစ်ပေသည်။ ကာလအရမသေချာသော်လည်း
နိယာမအရ သေချာသောအရာတစ်ခု ဖြစ်ပေသည်။ အကုသိုလ်လုပ်ငန်းကြောင့်
ချမ်းသာရာတွင်အကုသိုလ်ကကောင်းကျိုးပေး၍ ချမ်းသာသည်မဟုတ်ပေ၊ ကုသိုလ်ပြုစဉ်က
အကုသိုလ် ရောနှောသွားသဖြင် အကုသိုလ်လုပ်ငန်း၌ကုသိုလ်ကကောင်းကျိုးပေးခြင်းဖြစ်၏။
ကုသိုလ်လုပ်ငန်းကြောင် ဆင်းရဲမွဲတေခြင်းမှာလည်း
မူလကုသိုလ်ပြုစဉ်ကအကုသိုလ်ရောနှောသွားသဖြင်ကုသိုလ်လုပ်ငန်း၌ အကုသိုလ်က
မကောင်းကျိုးပေးခြင်း ဖြစ်ပေသည်။ ဤသို့သောသဘောကို နိဿယ ပစ္စယသတ္တိဖြင့်အကုသိုလ်က ကုသိုလ်ကို
ကျေးဇူးပြု၍လည်းကောင်း၊ ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြု၍လည်းကောင်း ဆိုရပေမည်။
နိဿယ ပစ္စည်းဆိုသည်မှာ မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရားလို့ အဓိပ္ပါယ်ရပါသည်။
ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရသလို၊ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်ရတာတွေရှိပါသည်။
ဥပမာဆိုရသော် မိမိ၏သဒ္ဓါတရားကြောင့် မိမိသည် အလှူတစ်ခုကို ပြုလိုက်ပါသည်။
ထို့သို့အလှူပြုသောအခါတွင် ဤသို့လိုလှူနိုင်ခြင်းမှာ “ငါမလို့လှူနိုင်တယ်၊
သူများတွေ ငါ့လိုမလှူနိုင်ဘူး ငါ့လို သဒ္ဓါတရာမျိုး ဘယ်သူ့မှာရှိနိုင်မလဲဆိုပြီး”
မိမိ၏သဒ္ဓါဟူသောကုသိုလ်သည် မာနဆိုသည့်အကုသိုလ်ကို
ကျေးဇူးပြုလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် သဒ္ဓါဟူသော ကုသိုလ်ကို မှီ၍ မာနဟူသော အကုသိုလ်ရောယှက်လာပါသည်။
နောက်ဘ၀တွင်
ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်း၊ စကြာဝတေးမင်းစည်းစိမ် လိုချင်၍သော်လည်းကောင်း၊
ဗိုလ်ချုပ်မှူးကြီး ဖြစ်ချင်၍သော်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးကတော်
ဖြစ်ချင်၍သော်လည်းကောင်း၊ အစရှိသဖြင့် တောင့်တ၍လှူလျှင်
ထိုသို့တောင့်တခြင်းသည် လောဘအကုသိုလ်ဖြင့် အလှူလုပ်သည့်ဒါနကုသိုလ်
ဖြစ်ပါသည်။ ဤတွင် ရှေးတွင် ဖြစ်သော အကုသိုလ်က နောက်တွင် ကုသိုလ်ဖြစ်အောင်
ကျေးဇူးပြုပါသည်။ ထိုကြောင့် ကုသိုလ်နှင့်အကုသိုလ် အပြန်အလှန် ကျေးဇူးပြုတတ်ပုံကို
နားလည်သဘောပေါက်စေချင်ပါသည်။
ဓမ္မ၏ သဘောတရားသည် ကောင်းကျိုးကိုပေး၏။ အဓမ္မသည်
မကောင်းကျိုးကိုပေး၏။
ဤနိယာမကို
မည်သူကမျှ ဖောက်လွဲဖောက်ပြန် မပြုနိုင်။ အကယ်၍
ဖောက်လွဲဖောက်ပြန်ပြုနိုင်သူဟုယူလျှင် ထိုအယူသည် မိစ္ဆာဒိဠိအယူပင်ဖြစ်၍၊ထိုအယူကို
ယုံကြည်သက်ဝင်သောသူ၏ ဘ၀ဇာတ်သိမ်းကား ကောင်းလိမ့်မည်မဟုတ်။ အကယ်၍
ကုသိုလ်လုပ်ငန်းဖြင့်ဆင်းရဲမွဲတေနေစေကာမူ ဆင်းရဲမွဲတေခြင်းသည် အကုသိုလ်၏
အကျိုးဖြစ်သည်။ ကုသိုလ်လုပ်ငန်း၏ အကျိုးမဟုတ်ဟူ၍
သမ္မာဒိဠိအယူဖြင်မှတ်ယူသောသူသည်လောလောဆယ် ကုသိုလ်လုပ်ငန်းအကျိုးကို မခံစားရလျှင်၊
သေခါနီးကာလ မရဏသန္နဇော စောချိန်မှစ၍
နောက်ပိုင်းတွင်မိမိပြုခဲ့သောကုသိုလ်များက ကြီးစွာသော ချမ်းသာသုခကို ပေးမည်ဖြစ်၏။
ထို့ကြောင် ဓမ္မအပေါ် သစ္စာဖောက်သူများအား တစ်ခုသောနေ့တွင်ဓမ္မကဒဏ်ခတ်ပေလိမ့်မည်။
ဓမ္မအပေါ် သစ္စာရှိသူအား ဓမ္မက ချီးမြှောက်မည်ဆိုသည်မှာ ယုံးမှာဖွယ်ရာ မရှိပေ။
ဤလောက၌
ဓမ္မကို နှုတ်ကဖောင်ဖောင်ရွတ်ပြီး ကိုယ်နှင့်စိတ်ကအဓမ္မကို ကျင့်သုံးနေကြသူများလဲ
များစွာရှိပေ၏။ မိမိတို့၏အဓမ္မလုပ်ငန်းကိုပင်ဓမ္မဟူ၍ မှားယွင်းစွာ
သက်ဝင်ယုံကြည်နေကြသူများလည်း များစွာရှိပါသည်။ ထိုသို့သောသူများသည်
ဓမ္မကိုသစ္စာဖောက်နေသောသူများဖြစ်၏။ ဓမ္မအပေါ် သစ္စာဖောက်သူများသည် တစ်ခုသောနေ့တွင်
ဓမ္မ၏ ဒဏ်ခတ်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။
ထို့ကြောင်
နှုတ်က ဓမ္မကိုပြောလျှင် ကိုယ်နှင့်စိတ်လည်း ဓမ္မအတိုင်းဖြစ်ရလေအောင်
သမ္မပ္ပဓာန်ထိုက်သော ၀ီရိယကိုကျင်သုံး ၍ကျင့်ကြံအားထုတ်အပ်ပါ၏။ သမ္မပ္ပဓါန်တရားအနေနှင့်
(၄) ပါးရှိပေသည်။
၁။
မဖြစ်ပေါ်ဘူးသော အကုသိုလ်တရားများ မဖြစ်အောင် လုံ့လပြူခြင်း၊
၂။
ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင်ကြိုးစားအားထုတ်ခြင်း၊
၃။
မဖြစ်ပေါ်ဘူးသေးသော ကုသိုလ်တရားများ ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်း၊
၎။
ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများကို တိုးပွားအောင်ကြိုးစားအားထုတ်ခြင်း
တို့ဖြစ်ပါသည်။
ထိုသို့မဟုတ်ပဲ
နှုတ်ကသာဓမ္မကို အော်ကျယ်ဟစ်ကျယ်ပြောပြီး ကိုယ်နှင့်စိတ်က အဓမ္မကို ကျင်ကြံအားထုတ်မည်ဆိုပါက
ဓမ္မအပေါ်တွင်သစ္စာဖောက်ခြင်းဖြစ်သဖြင့် သစ္စာဖောက်ခြင်းခံရသော ဓမ္မကလည်း ပြန်လည်ပြစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း
လေးနက်စွာ ယုံကြည်အပ်ပါ၏။
ငါမွန်အမြတ်၊
ငါအတတ်ဟု၊ စာဖတ်သူအပေါ်၊ ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ရခြင်းအမှန်ပါ။ ကျွန်တော်စုဆောင်းမိသမျှ၊ဖတ်မှတ်လေ့လာမိသမျှကို
တရားအလှူ၊ ဓမ္မဒါန အလှူအဖြစ် မျှဝေခြင်းသာဖြစ်ပါတယ်။ တစ်စုံတစ်ရာ အမှားအယွင်းများရှိခဲ့သော်
အပြစ်မပါမေတ္တာရှေ့ထားကာဖြင့် ပြုပြင်ပေးစေလိုပါသည်။
လုံးစုံများစွာ
သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ။
ကျမ်းကိုး။ ဦးရွှေအောင်(အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစုများ)
ကိုညီ
No comments:
Post a Comment