လောကမှာ
အကဲ့ရဲ့မခံရသူဆိုတာ မရှိနိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ သာဓက တစ်ခုဆောင်ပြပါ့မယ်။ သာဝတ္ထိမြို့ထဲက
အမျိုးသားတစ်ယောက်ဟာ တရားနာဖို့ရန် ရှားတောထဲမှာ တစ်ပါးတည်းသီတင်းသုံးနေတဲ့ ရှင်ရေ၀တထံ
သွားပါတယ်။ ရှင်ရေ၀တက တရားနှလုံးသွင်းနေလို့ ဘာစကားမှ ပြန်...မပြောလိုက်ဘူး။ ဒါကို သူက “ဆွံ့အနေသူ ဖြစ်မှာပါ၊
စကားလည်း တစ်လုံးမှမပြောဘူး” လို့ကဲ့ရဲ့ပြစ်တင်ပါတယ်။ အရှင်သာရိပုတ္တရာထံ သွားပြန်တယ်။
မထေရ်ကြီးက ပညာဉာဏ်ကြီးသူမို့ လေးနက်တဲ့တရားကို ဟောတယ်။ ဒါလည်း မကြိုက်ပြန်ဘူး။ “ဒီကိုယ်တော်ကြီးကလည်း
ဘာတွေဟောမှန်းကို မသိဘူး။ တရားဟောတာက ပေါက်ပေါက်ဖေါက်နေတာ ကျနေတာပဲ” လို့အပြစ်တင်ပြန်တယ်။
အရှင်အာနန္ဒာထံ သွားပြန်တယ်။ အရှင်အာနန္ဒာက သိလွယ်မြင်လွယ်တဲ့ တရားစကားကို ဟောတယ်။ “ဒီကိုယ်တော့်နှယ်
နွားကျောင်းသားတွေတောင် သိနိုင်တဲ့တရားမျိုးကို ငါ့ လာဟောနေသေးတယ်” ဆိုပြီး ပြစ်တင်ကဲ့ရဲ့ပြန်တယ်။
နောက်ဆုံး ဘုရားရှင်ထံသွားတော့ ဘုရားရှင်က လောကမှာ ကဲ့ရဲ့လွတ်သူမရှိကြောင်း ဟောတော်မူလိုက်ပါတယ်။
အပြစ်ကင်းတော်မူပြီးသော ရဟန္တာမထေရ်ကြီးများပင် ကဲ့ရဲ့ပြစ်တင်ခံရမှုမှ မလွတ်ကင်းနိုင်သေးလျှင် ကျွန်ုပ်တို့လို သာမန်လူသားများအတွက်တော့ ပြောစရာပင် လိုမယ်မထင်ပါ။ ကဲ့ရဲ့မလွတ်တဲ့လောကမှာ ကဲ့ရဲ့ခံရမှာကြောက်ပြီး ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို မလုပ်ဘဲနေရင် ကိုယ့်အတွက် လောကအတွက် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်းပေါ်မှာ မှန်မှန်လျှောက်ဖို့သာ အရေးကြီးပါတယ်။
ဆရာတော်ကြီးတစ်ပါး အမိန့်ရှိခဲ့ဖူးတာလည်း ကြားဖူးပါတယ်။ “ငါ့ကိုကဲ့ရဲ့သူဟာ ငါ့ဆရာပဲ။ ဘာလို့လဲဆိုတော့ ကဲ့ရဲ့တဲ့သူဆိုတာ အပြစ်ပဲမြင်တယ်၊ ဒီတော့ ကိုယ့်ရဲ့အားနည်းချက်တွေ ပြင်စရာရှိရင် ပြင်လို့ရတာပေါ့။ ငါ့ကိုချီးကျူးသူဟာ ငါ့တပည့်ပဲ။ သူကကောင်းကွက်ကိုပဲရှာပြီး ချီးကျူးတတ်တာ။ စေတနာကောင်းနဲ့ ထောက်ပြပြောဆိုသူဆိုရင်တော့ ငါ့မိတ်ဆွေကောင်းပေါ့။”
တကယ်တော့ ကဲ့ရဲ့လာသူ ဝေဖန်လာသူတို့ရဲ့ အတွင်းစိတ်ကို ဖတ်တတ်ဖို့ မြင်အောင်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ တပည့်လား ဆရာလား မိတ်ဆွေလားဆိုတာကိုပေါ့။ ဝေဖန်သူရဲ့နှလုံးသားဟာ စေတနာမေတ္တာနဲ့ ထုံမွှမ်းထားသလား၊ ဣဿာမစ္ဆရိယတွေ လွှမ်းခြုံနေသလားဆိုတာ သိရင်ပြီးပါပြီ။ ပြန်တုန့်ပြန်ဖို့ မကြိုးစားမိပါစေနဲ့။ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပါ။ ကလဲ့စားချေတယ်ဆိုတာ ပြန်တုန့်ပြန်မှ မဟုတ်ပါဘူး။ ခွင့်လွှတ်သည်းခံခြင်းနဲ့လည်း ကလဲ့စားချေလို့ရပါတယ်။ ဒါဟာ အကောင်းဆုံးလက်စားချေနည်းပါပဲ။ ဒါကြောင့် ကိုယ့်အပေါ် ကဲ့ရဲ့ပြစ်တင်သူကို ခွင့်လွှတ်သည်းခံခြင်းဖြင့် အကောင်းဆုံး လက်စားချေနိုင်ပါစေဟု ဆန္ဒပြုလျှက်……..
ဧရာဝတီအရှင်
No comments:
Post a Comment