ဒါနဆိုသောအရာကို
ကျွန်တော်နားလည်မိသမျှ ရေးလိုက်ပါတယ်။ အမှားပါခဲ့ပါမူ မေတ္တာ ရှေ့ထားကာ
ပြုပြင်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ။ ဒါနဆိုတဲ့တရားသည်
မြတ်ဗုဒ္ဓမပွင့်ထွန်းခင်တည်းက တည်ရှိခဲ့သောအရာ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓပွင့်ထွန်းသည့်အခါတွင်တော့ ထိုဒါနဖြင့် သံသရာဝဋ်ဆင်းရဲကနေ လွတ်ကင်းအောင် ဆောင်နှင်းပေးတော်
မူနိုင်ခဲ့ပါ၏။ သို့ဖြစ်သောကြောင့် ဒါနနှင့်ဆိုင်သော အကြောင်းအရာများ မရေးသာမီ
တရားပိုင်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဘုရားတပည့်တော်
ရှိခိုးပါ၏။
ဒါနဆိုသော
အရာကို လူတိုင်းကြားဖူးကြပါမည်။ လုပ်ဖူးကြပါမည်။ ဒီယတေ
ဒါနံ- ပေးလှူအပ်၊ စွန့်ကြဲ အပ်သောကြောင့် ဒါန ဟုခေါ်သည်။ ထိုသို့ပေလှူသော
စွန့်ကြဲသော အရာကို ဗုဒ္ဓဘာသာဝင်တွေလည်းလုပ်တယ်။ တစ်ခြားဘာသာဝင် တွေလည်းလုပ်ပါတယ်။
မပေး မလှူခဲ့ဖူးသူ (ကျွန်တော့်အထင်) တစ်ယောက်တစ်လေတောင် ရှိမှာမဟုတ်ပါဘူး။
အလှူခံပုဂ္ဂိုလ် ရှိရမယ်။ ဒီနေရာမှာ အလှူခံဆိုတာက အမျိုးပေါင်း ၁၄
မျိုးအထိရှိပါတယ်။ အလှူခံတစ်ကျိတ်လေး ခွေးတောင်ပါသေးတယ်လို့တစ်ချို့ပြောကြတာ
ကြားဖူးမှာပါ။ အလှူပေးတဲ့ ပစ္စည်းရှိရမယ်။ အလှူပေးတဲ့သူ လည်းရှိရပါမယ်။
ဒီသုံးခုစုံရင် အလှူဖြစ်မြောက်ဖို့ ရာနှုန်းပြည့်နီးပါးရှိပါပြီ။ အလှူခံလက်ထဲကို
ပစ္စည်းရောက် အောင်ပို့ပေးပြီးပြီ ဆိုရင်တော့ အလှူဖြစ်ပြီလို့ပဲဆိုပါစို့။
သုံးမျိုးလုံးစုံနေပြီးတော့
မပေးလှူဖြစ်ခဲ့တာတွေလည်း အများအပြားရှိကြလို့ပါပဲ။ ဒါဟာ သတိပြုစရာပါ။ ပေးလှူစရာ
နဲ့ကြုံနေခဲ့ရင် လှူသာလှူလိုက်ဖို့နိုးဆော်လိုက်ပါရစေ။ ဘာကြောင့် လည်းဆိုတော့ အလှူ
ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်စဉ်းစားနေ၍ ဒါနပါရမီ
ညစ်နွမ်းတတ်သောကြောင့်ပါပဲ။ တစ်ချို့ ကလှုပြီဆိုရင် သူ့မှလှူမယ်၊ ငါ့မှ
လှူမယ်ဆိုပြီးတော့ ရွေးနေတတ်ပါတယ်။ အလှူလုပ်တာမှာ
မေတ္တာပြဌာန်းမှုမရှိတဲ့အတွက်ကြောင့်လို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။
မေတ္တာသာရှိမယ်ဆိုရင် ဘယ်သူ့ကိုမှ လှူမယ်၊ ဘယ်နေရာကိုမှ လှူမယ်ဆိုတာမရှိတော့ပါဘူး။
ဘာကြောင့်လည်းဆိုတော့ မေတ္တာဆိုတဲ့သဘောက ပိုင်းခြားကန့်သတ်ထားတဲ့ boundary ဆိုတာမရှိလို့ပါပဲ။
မေတ္တာဟာ
အပရိမာဏဆိုတဲ့အတိုင်း အပိုင်းအခြားမရှိပါဘူး။ ဒီတော့ လှူမယ်ဆိုရင် မေတ္တာ ရှေ့ထားပြီး
လှူကြစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်ချစ်တဲ့သူ၊ ကိုယ်စေတနာ ရှိတဲ့သူတွေက
စားရသောက်ရ ပြီးတော့၊ ကိုယ်မချစ်ခင်မနှစ်သက် တဲ့သူတွေကျတော့ အငတ်ဘေးဆိုက်ရောက်ရတဲ့
အဖြစ်တွေကြုံရပါလိမ့်မယ်။ ဆရာတော် အရှင်ဇ၀န၏ မိန့်ကြားချက်ကလည်း
မှတ်သားလောက်ပါတယ်။
ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာ ဒါနပဲ။
ဟုတ်ပါတယ်။
မိမိပိုင်ဆိုင်ထားသမျှတွေဟာ တစ်နေ့မှာ အားလုံးထားခဲ့ကြရတာပါပဲ။ ဘာတစ်ခုမှ
ယူသွားလို့မရပါဘူး။ မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေ၊ မကောင်းမှု အကုသိုလ်
ကံတွေကသာ မိမိနဲ့ တပါတည်းလိုက်ပါခဲ့ကြမှာပါ။ တစ်ကယ်တော့ ဘယ်လောက်ပဲစားစား တစ်ခါစားရင်
တစ်ဝမ်းဝရုံ ထက်ပိုစားလို့မရပါဘူး။ ဘယ်လောက်ပဲဝတ်ဝတ် အရှက်လုံရုံအပြင်
ပိုပြီးမရှိပါဘူး။ ဒီနေရာမှာ တစ်ခုစဉ်း စားကြည့်တာပေါ့လေ။ ကျွန်တော်တို့တတွေ
အ၀တ်အစားတွေ ၀တ်ကြပြီဟေ့ဆိုရင် ကိုယ့်အတွက်ဝတ်တာလား၊ သူများကြည့်ကောင်း
ဖို့ဝတ်တာလား။ သူများကြည့်ကောင်း ဖို့ဆိုရင်တော့ ကိုယ့်အတွက်မပါတာ သေချာသွားပြီ။
မ၀တ်နဲ့လို့ မဆိုလိုပေမယ့် ၀တ်သင့်သလောက်ကို ၀ယ်ပါ။ ၀တ်ပါ။ ပိုလျှံတာကိုတော့
ချို့တဲ့နေတဲ့သူတွေကို လှူလိုက်ပါ။
အ၀တ်အစားလေးကိုငဲ့ကွက်ပြီးတော့
ကုသိုလ်ရမယ့်လုပ်ငန်းတွေမှာလည်း ပျက်ကွက်တတ်ပါတယ်။ ကာယမစ္ဆရိယ ဖြစ်နေခဲ့ရင်ပေါ့။ အ၀တ်သစ်လေးဝတ်လာတဲ့နေ့
အမှိုက်မကောက်ချင်၊ အမှိုက်မလှဲချင်နဲ့။ ကုသိုလ်အရေးမှာ
အနှောက်အယှက်ဖြစ်စေနိုင်တာကို သတိပြုပါ။ ဒီတော့ လှူပြီဆိုရင်လည်း လိုအပ်နေတဲ့
နေရာတွေမှာလှူပါ။ ဘာကိုလှူရမလဲဆိုတော့ အသုံးတည့် တာကိုလှူပါ။ သီတဂူဆရာတော်ကြီး
တရားတစ်ခုထဲမှာ ကြားဖူးတယ်။ နာဂစ်ဖြစ်တော့ အောက်ပြည်အောက်ရွာကလူတွေကို
လှူလိုက်ကြတာ အ၀တ်အထည်အသစ်တွေပေါ့။ တစ်ချို့သော အဖိုးအဖွားတွေရကြတာ ခေတ်လူငယ်တွေ
ဝတ်တဲ့ ဘောင်ဘီတွေ၊ ထမိန်စကတ်တွေဖြစ်နေတော့ မသင့်တော်ပါဘူး။
လိုအပ်နေတာတော့မှန်ပါတယ်။ သင့် တော်တာလည်း ဖြစ်ဖို့လိုပါတယ်။
သူတော်ကောင်းတွေဆိုတာ
ဒုက္ခရောက်နေတဲ့သူကို မြင်ရင် ကရုဏာဝင်တယ်တဲ့။ ကရုဏာဝင်တယ်ဆိုတော့ စိတ်ထဲမှာ
တုန်လှုပ်တာပေါ့။ သူတို့လေးတွေ အဆင်ပြေ စေချင်တော့ လိုအပ်တာတွေ စီစဉ်ပေး ကြပြန်တော့
မေတ္တာတွေနဲ့ လုပ်ဆောင်ကြပြန်ရော။ ဟော …. သူတို့တွေလိုတာတွေ ရလို့ပျော်နေကြ
တာကိုကြည့်ပြီးတော့လည်း အလှူရှင်ပါဝမ်းမြောက်လွန်းလို့ မုဒိတာတွေ ၀င်နေပြန်ပါတယ်။
ဒီနေရာမှာ ချစ်သူ၊ ခင်သူ၊ လူရင်း၊ လူဖျား ခွဲခြားပြီး လှူတာမဟုတ်တဲ့အတွက်
ဥပေက္ခာလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုမျိုး ကိုယ့်အကျိုးကိုမကြည့် သူ့အကျိုးစီးပွား
ဖြစ်ထွန်းဖို့အရေး လက်မနှေးပဲ ဆောင်ရွက်ကြတာ သူတော်ကောင်းတွေပါပဲ။ တို့လည်း
သူတော်ကောင်းဖြစ်ချင်ရင် သူတော်ကောင်းတွေ ကျင့်သလိုလိုက် ကျင့်ကြရပါမယ်။
သူတော်ကောင်းမှန်
ကောင်းမှုကံ ပြုရန်လွယ်ပေ၏။ သူယုတ်မာမှန် မကောင်းကံ ပြုရန် လွယ်ပေ၏။ ဒီနေ့ကတော့
ဒါနကို နည်းနည်းလေးဖွင့်ပေးလိုက်ပါတယ်။ နောက်နေ့များမှာတော့ ဒါနအမျိုးအစားတွေနဲ့၊
ကျန်တဲ့ဗဟုသုတဖြစ်ဖွယ် မပြုသင့်တဲ့ ဒါန၊ ပြုသင့်တဲ့ဒါန စသည်များကို
ခွဲခြားဆွေးနွေးသွားပါဦးမယ်။
ဒါန သီလ ကုသလ၌ လုံ့လွတ်လျော့၊ လေးဖင့်ပေါ့၍ မေ့လျော့သောသူ သူသေ ဟူ၏။
မာန်လည်ဆရာတော်ဘုရားကြီး အမိန့်ရှိခဲ့တာပါ။ တို့တွေရော ရှင်လျက်က
သေနေတဲ့သူ ဖြစ်ချင်တာလား။ လူသေပြီး နာမည်ရှင်ချင်တာလား။ ရွေးပေတော့။
အားလုံးသော သတ္တ၀ါတွေ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
No comments:
Post a Comment