မနုဿတ္တဘာဝေါ
ဒုလ္လဘော
ဟူသည်နှင့်အညီ လူ့ဘ၀သည် အလွန်ပင် ရခဲပေသည်။ လူ့ဘ၀၏ ရခဲပုံကို ဤသို့ကြားနာ
မှတ်သားဖူးပေသည်။ ဗြဟ္မပြည်က အပ်တစင်း၊ လူပြည်က
အပ်တစ်စင်း၊ အပ်သွားခြင်းသာ ထိဖွယ်ရာ၊ ပမာပုံသို့ခင်း။ ဤသို့ဆိုသော်
ဗြဟ္မပြည်ကချလိုက်သော အပ်တစ်စင်းနှင့် လူပြည်က ထောင်ထားသော အပ်တို့သည် ထိပ်တိုက် ဆုံဖွယ်ရာ
ရှိပေသည်။ လူ့ဘ၀ကိုရဖို့ကား ထိုထက်ပင်ပို၍ ခက်ခဲပေသည်။ ထိုကြောင့် လူတို့သည် ရတောင့်ရခဲ
ရလာသောလူ့ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးကျအောင် အသုံးချသင့်ပေသည်။
မိမိတို့ရရှိထားသော အလွန်တရာ တန်ဖိုးရှိလှသော လူ့ဘ၀တွင် မှန်ကန်သောလမ်းကို
ရွေးချယ်လျှောက်တတ်ဖို့ လိုအပ်ပေသည်။ ယနေ့ခေတ်တွင် ဘာသာတရားများအနေဖြင့်လည်း
များပြားလှပေသည်၊ ဟောပြောသောအကြောင်းတရားများ အနေဖြင့်လည်း များပြားပေသည်။
ဥပမာအနေဖြင့်ဆိုရသော်
မြေပုံကြီးတစ်ခုတွင် လမ်းဆုံတွေ အများကြီးရှိနေပေသည်၊ ထိုလမ်းဆုံပေါ်တွင်
ရောက်ရှိနေသော လူသားအဖို့ ဘယ်လမ်းက အမှန်လဲဆိုတာ ရွေးချယ်ရန်
လွန်စွဲခဲယဉ်းပေလိမ့်မည်။ လောကတွင် အမှန်နဲ့ အမှား ရွေးချယ်ရန် သတ်မှတ်ထားသော
စံမရှိဘူးဆိုလျှင် လူသားများအဖို့ များစွာခက်ခဲပေလိမ့်မည်။ မြတ်စွာဘုရားရှင်သည်
အမှန်တရားနဲ့ပက်သက်လျှင် ရဲရဲဝံ့ဝံ့ရွေးချယ် တတ်စေရန် ကေသမုတ္တိတွင်
ကာလမအမျိုးသားတို့အား ဟောကြား ထားပေသည်။
မြတ်စွာဘုရားရှင်သည်
အို.. ကာလမအမျိုးသားတို့
အဆင့်ဆင့်ပြောစကားကြားရုံမျှဖြင့်လည်း
ဟုတ်လှပြီဟု မယူကြနဲ့အုံး။ မိဘဘိုးဘွားအစဉ်အဆက် ပြောစကားမျှဖြင့်လည်း
ဟုတ်လှမှန်လှပေ၏ဟု မစွဲကြနှင့်ဦး။ အဲဒါဒီလိုတဲ့ဟု မသေမချာပြောစကားအရလည်း
အမှန်ပဲဟု မယူကြနှင့်ဦး။ မိမိတို့ သင်ထားသော ကျမ်းဂန်များနှင့် ညီ၍အမှန်ပဲဟု
မစွဲမှတ်ကြနှင့်ဦး။ ဤအတိုင်းဖြစ်တန်ရာ၏ဟု ကြံဆယူခြင်းဖြင့်လည်း ဟုတ်လှပြီ၏ဟူ၍
မစွဲမှတ်ကြနှင့်ဦး။ နည်းလမ်းယုတ္တိ ချိန်ဆယူခြင်း အကြောင်းကြောင့်လည်း
အတည်မယူကြနှင့်ဦး။ မိမိကြံဆသော အကြောင်းဖြစ်လည်း ဟုတ်လှပြီဟု မယူနှင့်ဦး၊
တွေးကြံစဉ်းစားခြင်းဖြင့် ကျေနပ်နှစ်သက်လက်ခံထားသော အယူအဆဖြင့်လည်း အတည် မစွဲကြနှင့်ဦး။
ဤရသေ့ရဟန်းအား ယုံကြည်အားကိုး ထိုက်သောပုဂ္ဂိုလ်၊ သူ့စကား မှတ်သား
လိုက်နာသင့်သည်ဟုလည်း အတည်မမှတ်နှင့်ဦး။ ဤရသေ့ရဟန်းကား ငါ့ဆရာ သူ့စကား
ငါလိုက်နာသင့်သည်ဟုလည်း စွဲမြဲ စွာ မှတ်ယူမထားနဲ့ဦး။
အို
ကာလမအမျိုးသားတို့
ဤအကျင့်များကား
အကုသိုလ်တည်း အပြစ်ရှိ၏။ ပညာရှိများ ကဲရဲ့ဖွယ်ဖြစ်၏။ အကျိုးမဲ့ဒုက္ခရောက်ဖို့ဖြစ်၏။
ဤသိုဖြင့် သင်တို့ကိုယ်တိုင်ကိုယ်ကျ သိနားလည်ကြကုန်သောအခါ ထိုအကျင့် ထိုအမှုများကို
စွန့်ပယ်ကြကုန်လော့။
ဤအကျင့်တရားများကား
ကုသိုလ်ဖြစ်၏ အပြစ်မရှိ။ ပညာရှိများ ချီးမွမ်းဖွယ်ဖြစ်၏၊ စီးပွားချမ်းသာရဖို့ရာဖြစ်၏၊
ဤသို့ သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိနားလည်သောအခါ ထိုအမှုများကို နှစ်သက်စွာ လက်ခံ၍
လိုက်နာကျင့်ကြံကြကုန်လော့ဟု ဟောကြားထားပေသည်။
အမှန်တရားနဲ့ပက်သက်၍
မိမိကိုယ်တိုင်ဆန်းစစ်၍ ထိုသို့ရွေးချယ်ရပေမည်။ ထို့အတူ ကုသိုလ်နှင့်
အကုသိုလ်သဘောကို လည်း သိရှိရန်လိုအပ်ပေသည်၊ ကုသိုလ်သည် ကောင်းကျိုးတရားကိုပေး၏။
အကုသိုလ်သည် မကောင်းကျိုးကိုပေး၏။ မကောင်းမူသည် လုပ်ပြီးတဲ့နောက်တွင်
မှားလိုက်လေခြင်းဟု စိတ်ထဲနှလုံးထဲတွင် ပူပန်တတ်သောသဘောတရား ရှိပေသည်။
တုန့်ပြန်လာသော အကျိုးတရားကို ခံစားရတဲ့အခါမျိုးတွင် ဖြစ်ပေါ်စေတတ်သည်။
ကောင်းမူတရားဟူသည် လုပ်ပြီးသောနောက်တွင် မှားလိုက်တာဟု
ပူပန်စရာမရှိပေ။ အကျိုးတရားရလာတဲ့အခါမှာလည်း ၀မ်းမြောက်ဝမ်းသာ ခံစားရတဲ့
သဘောတရားရှိပေသည်။ ထိုသို့မိမိကိုယ်ပိုင်ဥာဏ်ဖြင့်
ဆုံးဖြတ်၍ မကောင်းမှုဟုသိလျှင် ချက်ခြင်းစွန့်ပယ်ရပေမည်။ လောကလူများတွင်
မကောင်းမှုဟုသိသော်လည်း အစဉ်အလာရ လုပ်ဆောင်နေသောအရာများကို စွန့်ပယ်ရန်
နှေးကွေးနေတတ်ပေသည်။ ကောင်းသည်ဟုသိလျှင် လက်ခံကျင့်သုံးရပေမည်။
နှောင့်နှေးကြန်ကြာဖို့ရန်မသင့်ပေ။ ကောင်းမူတရား များအား အချိန်မဆွဲပဲ
လုပ်ဆောင်ရပေမည်။
လူဟူသည်
မိမိတစ်ဦးတစ်ယောက်တည်း နေ၍မဖြစ်ပဲ ပတ်ဝန်းကျင့်နှင့် နေရသည်ဖြစ်လေရာ
မိမိနှင့်ပတ်ဝန်းကျင်တို့၏ ဆက်ဆံရေးသည် များစွာအရေးကြီးပေသည်။ မိမိက ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသောနည်းဖြင့် မဆက်ဆံလျှင်
မိမိနှင့်ပတ်ဝန်းကျင်တို့ အကြားတွင် ရေရှည်ကြီးစိုးနိုင်လိမ့်မည်မဟုတ်။
မိမိကပတ်ဝန်းကျင်ကို ငြိမ်းချမ်းသော နည်းဖြင့် ဆက်ဆံဖို့ဆိုသည်မှာလည်း မိမိသန္တာန်တွင်
ငြိမ်းချမ်းသော စိတ်နေသဘောထားများ ကိန်းဝပ်နိုင်အောင်
ဗြဟ္မစိုရ်တရား(၄)ပါးကို လက်ကိုင်ထား၍ ကျင့်သုံးကြရပေမည်။
ဗြဟ္မစိုရ်တရားဟူသည်မှာ
မြတ်သောအကျင့်ဟု အနက်အဓိပ္ပါယ်ရပေသည်။ ဗြဟ္မစိုရ်တရားသည် ကိလေသာကင်းစင်ပြီးသော
သူတော်စင် သူတော်မြတ်ကြီးများ၏ ဖြူစင်သန့်ရှင်းသော စိတ်နေစိတ်ထားနှင့်
အမြဲမကွာရှိနေသော တရားများဖြစ်ပေသည်။ ဤတရားများကို မိမိကိုယ်တွင်
စောင့်ထိန်းပွားများနေသမျှ မိမိသည်လည်း သူတော်စင် သူတော်မြတ်စာရင်းတွင်
ပါဝင်နေပြီး လွန်စွာပင် အကျိုးကြီးပေသည်။ ဤတရားများကို ပွားများအားထုတ်ဖို့ရန်
ပထမဦးစွာ မိမိ၏စိတ်ကို အဖုအထစ်မရှိအောင် မိမိကိုယ်ကို ဦးစွာ
ပဲ့ပြင်ဆုံးမစောင့်ရှောက်ရပေမည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာဟူ၍ ဖြစ်ပေသည်။
လူသားတို့သည်
ပတ်ဝန်းကျင်နှင့်နေသည်အားလျော်စွာ မိမိနှင့် သက်ဆိုင်သော ပတ်ဝန်းကျင် လူသားတို့၏
ကောင်းကျိုး ချမ်းသာကို လိုလားသော မေတ္တာစိတ်ရှိရပေမည်။ မေတ္တာတရားကို
မပွားခင် မိမိရဲ့ရင်ထဲမှာ မေတ္တာရှိအောင် ပထမဦးစွာ စွမ်းဆောင်ရပါမည်။
မေတ္တာတရားဆိုတာလည်း မိမိမှာအရင်ဦးစွာရှိမှ မိမိနဲ့အတူရှိနေသော ပတ်ဝန်းကျင်အား
မေတ္တာဓါတ်တွေ ခြုံလွမ်းနိုင်မည် ဖြစ်ပေသည်။ မေတ္တာတရားသည် အလွန်ကို ကျယ်ပြန့်နက်ရှိုင်း
သိမ်မွေ့လှပေသည်။ မေတ္တာကို ကာယကံမေတ္တာ၊ ၀စီကံမေတ္တာနှင့် မနောကံမေတ္တာဟူ၍ ခွဲခြား၍
ရပြန်ပေသည်။ ကာယကံမေတ္တာသည် သူတစ်ပါးအား ကောင်းစေလို၍ ချမ်းသာစေလို၍
ပြုဖွယ်ကိစ္စတွေကို ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။ ၀စီကံမေတ္တာသည် သူတစ်ပါးအား
ချမ်းသာစေလို၍ နှုတ်ဖြင့်စောင်မခြင်း ချီးမွမ်းခြင်းကိစ္စတွေကို ဆောင်ရွက်ပေးခြင်း
ဖြစ်ပေသည်။ မနောကံမေတ္တာမှာ ဒေါသစရိုက်နှင့် သက်ဆိုင်သမျှ ကင်းစင်ပြီး
သူတစ်ပါးကောင်းစားစေလိုသော စေတနာတရားအပြည့်အ၀ ထားရှိခြင်းဖြစ်ပါသည်။
ယင်းမေတ္တာသုံးမျိုးတွင် မနောကံမေတ္တာမှာ အချုပ်ဖြစ်ပါသည်။ မေတ္တာစိတ်ပွားများရာတွင်
သတ္တ၀ါများအပေါ်တွင် မိတ်ဆွဲရန်သူမခွဲခြားပဲ တန်းတူညီမျှထားရှိရပေမည်။
မေတ္တာတရားသည်
ဒါနကုသိုလ်၊ သီလကုသိုလ်တို့ထက် အကျိုးကြီးမားပုံကိုလည်း အနည်းငယ်ဖော်ပြလိုပါသည်။
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊
နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်းဟု မေတ္တာတရား၏
အကျိုးကြီးမားပုံကို မိန့်ဆိုထားပြန်ပါသည်။ မိမိတို့သည် လောက
နှင့်ဆက်စပ်နေသူများဖြစ်၍ လောကတွင်ရှိသော သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုးချမ်းသာကို
လိုးလားသောစိတ် အပြည့်ရှိမှသာ လောကကြီးတစ်ခုလုံး ငြိမ်းချမ်းပေမည်။ ထိုသို့
မေတ္တာမထားနိုင်ပါက ဒေါသတရား၏ ထိုးနှက်ခြင်းကို ခံရပေလိမ့်မည်။
မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ
ဘာဝယေ၊ အပရိမာနံ။
ဟုမေတ္တာသုတ်တွင်
မြတ်စွာဘုရားရှင် ဟောကြားထားပေသည်။ လောကတွင် သားသမီးများအပေါ်တွင် ထားအပ်သော
မိခင်၏မေတ္တာမှာ အချမ်းမြေ့ဆုံး၊ အလွန်ကဲဆုံး၊ အစွဲမြဲဆုံး မေတ္တာဖြစ်၍
ထိုမိခင်၏မေတ္တာမျိုးကို သတ္တ၀ါအားလုံးအပေါ်တွင် ထားရှိ၍ ပွားများရပေမည်။
မိခင်၏မေတ္တာဟုဆိုရာတွင်လည်း တစ်ဦးတည်းသော မိမိရင်သွေးကို
အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်တတ်သော မိခင်၏မေတ္တာမျိုးကို ဆိုလိုခြင်းဖြစ်ပေသည်။
ထိုသို့သော မေတ္တာနှလုံးကိုယ်စီသုံး၍ ဘ၀တစ်လျှောက်လုံး
ကျင့်ကြံကြိုးစားအားထုတ်ရပေမည်။
ကရုဏာတရားဆိုသည်မှာ
သနားကြင်နာတတ်ခြင်း၊ မိမိ၏ချမ်းသာကို တားမြစ်၍ တစ်ကိုယ်ကောင်းမဆန် အနစ်နာခံ
တတ်ခြင်း၊ ဒုက္ခိတသုခိတသတ္တ၀ါအပေါင်းအပေါ် ဆင်းရဲခြင်းကင်းကြစေရန် စိတ်ညွတ်ခြင်း
ဖြစ်ပေသည်။ သူတော်ကောင်းတို့ သည် သူတစ်ပါးဆင်းရဲသည်ကို မြင်တွေ့ရသောအခါတွင်
မိမိ၏စိတ်နှလုံးကို တုန်လှုပ်ခြင်းကို ပြုတတ်သောကြောင့်လည်း ကရုဏတရားဟု
ခေါ်ဆိုပေသည်။ သို့ဖြစ်ပါ၍ မိမိတို့သည် လောကတွင် ပရဟိတလုပ်ငန်းများကို
မိမိတတ်နိုင်သလောက် လုပ်ဆောင်ရပေမည်။ ကရုဏတရားသည်လည်း
မေတ္တာတရားရှိမှသာ မိမိရင်ထဲတွင် ဖြစ်ပွားနိုင်ပေမည်။ မိမိတို့၏ ပတ်ဝန်း
ကျင်တစ်ခုလုံး ငြိမ်းချမ်းဖို့အတွက်လည်း ကရုဏာတရားသည် မေတ္တာတရားနှင့် အတူ
ကျင့်သုံးရပေမည်။
မုဒိတာတရားဆိုသည်မှာ
သူတစ်ပါးချမ်းသာကြွယ်ဝ ခံစားသုံးဆောင် နေသည်ကို ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း၊
သူတစ်ပါး ရအပ်ပြီးသော ချမ်းသာကြွယ်ဝ ခံစားသုံးဆောင်နေခြင်းကို
ယုတ်လျော့မသွားပါစေနှင့်ဟု ဆန္ဒပြုခြင်းပင်ဖြစ်ပေသည်။
ဝမ်းမြောက်ဝမ်းသာဟုဆိုရာတွင်လည်း လောက၀တ္တရားကျေပွန်အောင် ပေါ့ပေါ့တန်တန်
ဝမ်းမြောက်ခြင်းကို ဆိုလိုခြင်း မဟုတ် ပေ။ သားငယ်က
အလိုဆန္ဒပြည့်ဝ၍ ၀မ်းသာကြည်နူးနေသည်ကို မြင်တွေ့ရသော မိခင်၏၀မ်းမြောက်ဝမ်းသာ
ခံစားမှုမျိုး ဖြစ်အောင် ထားရှိရပေမည်။ မုဒိတာတရား မထားရှိနိုင်ပါက
မနာလိုခြင်းများ ဖြစ်ပွားပေလိမ့်မည်။ မုဒိတာတရားသည်လည်း
မေတ္တာ၊ ကရုဏာ ပေါင်းစပ်နိုင်မှသာ ရရှိနိုင်ပေလိမ့်မည်။
ဥပေက္ခာတရားဆိုသည်မှာ
ကိုယ်လိုလားသလိုမဖြစ်ပဲ ကိုယ်မလိုလားတာ ဖြစ်သည့်အခါ ကမ္မသကာ
ကံအကြောင်းတရားကြောင့် ဖြစ်ရတာပဲဟု ဘာဝနာစိတ်မပျက်အောင် ဆင်ခြင်နှလုံးသွင်းခြင်း၊
တစ်နည်းအားဖြင့် သင့်လျော်အောင် အညီအမျှ ရှူမြင်တတ်ခြင်း၊ ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာရှိသည်ဟုမြင်ခြင်း၊ ကံ၏အကျိုးကို စွဲမြဲစွာယုံကြည်ခြင်း ဖြစ်ပေသည်။ ဥပေက္ခတရား ဆိုသည်မှာ စိတ်တည်ငြိမ်နေခြင်း ဖြစ်ပေသည်။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများအား ဂရုမစိုက်ပဲ
မိမိလုပ်သင့်သော အလုပ်များအား လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ လောကလူအများနားလည်နေသော
တစ်ဦးနှင့်တစ်ယောက် မခေါ်မပြောနေသောအခါတွင် ထားရှိနေကြသော ဥပေက္ခာတရားမဟုတ်ပေ။
ဥပေက္ခာတရားသည် သတ္တ၀ါတွေကို လျစ်လျူရူခြင်းမဟုတ်၊ ပုဂ္ဂိုလ်ကို လျစ်လျူရှုခြင်းမဟုတ်၊
ပုဂ္ဂိုလ်လုပ်သော အပြုအမူကို လျစ်လျူရှူခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည်
သူ့ကိုသတ်ဖို့ ကြိုးစားနေသော ဒေ၀ဒတ္တ၊ အင်္ဂုလိမာလ၊ နာဠာဂီရိဆင်နှင့် ရာဟုလာသားတော်လေးအပေါ်တွင်
တစ်ညီတည်းထားနိုင်သော စိတ်ထားမျိုးကို ဥပေက္ခာဟု နားလည်ရပေမည်။
မိမိတို့သည်
ဘ၀တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို
လက်ကိုင်ထား၍ လောကကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ဆောက်ရွက်ရပေမည်။
ပတ်ဝန်ကျင်နှင့် မိမိသည်ခွဲခြား၍ မရပေ။ ပတ်ဝန်းကျင်
ငြိမ်းချမ်းမှ မိမိငြိမ်းချမ်းသလို၊ မိမိငြိမ်းချမ်းမှလည်း ပတ်ဝန်းကျင်ပါ
ငြိမ်းချမ်းပေမည်။ ဗြဟ္မစိုရ်တရားလေးပါးရှိမှသာ မိမိသည်
ချစ်ခင်ခြင်းအမူကို ပြုနိုင်ပေမည်။ ကြင်နာသနားခြင်းများလည်း ဖြစ်ပွားနိုင်ပေမည်။
ထို့အတူ ၀မ်းမြောက်ဝမ်းသာခြင်းကိုလဲ ဖြစ်ပွားစေမည်။ အရာရာကိုနားလည်၍လည်း
ခွင့်လွတ်ခြင်းများ ဖြစ်နိုင်ပါသည်။ တဏှာ၊ မာန၊ ဒိဌိဟူသော သံသရာနယ်ချဲ့ တရားများ
လျော့ပါးလာ၍ မနုဿတ္တဘာဝေါ ဒုလ္လဘောတရားကို တန်ဖိုးထားကာ ဗြဟ္မစိုရ်တရား
ကိုယ်စီသုံး၍ ရွင်ပြုံးကြပါစေဟု ဆန္ဒပြု နိဂုံးချုပ်အပ်ပါသည်။
ဗြဟ္မစိုရ်တရားလက်ကိုင်ထား ကျင့်သုံးနိုင်ပါစေ။
ကိုညီ
No comments:
Post a Comment