မေတ္တာအခါတော်နေ့ပင်
ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ တို့မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး
သက်တော်ထင်ရှားရှိစဉ်အခါက မေတ္တာသုတ် တရားတော်ကို တပည့်ရဟန်း ၅၀၀အား
ဟောကြားတော်မူခဲ့သောနေ့ (၀ါခေါင်လပြည့်နေ့) ထိုနေ့ကိုပင် မေတ္တာအခါတော်ဟု သတ်မှတ်ခဲ့ကြပါတယ်။
မေတ္တာတရားသည်အလွန်
သိမ်မွေ့သလောက် အလွန်တရာ ကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါကြောင့်လဲ အပရိမာဏ တရားလို့ ခေါ်ရတာပါ။
ထိုမျှလောက်ကြီးမားတဲ့ မေတ္တာတရားဟာ မြတ်စွာဘုရားရှင်၏ စိတ်ဓာတ်တော်မှာ
ကိန်းဝပ်တော်မူပါတယ်။ သတ္တ၀ါဝေနေယျကို ၄၅၀ါတိုင်အောင် မညိုမငြင်
တရားပန်းတွေဆင်ပေးခဲ့တာဟာ သက်သေထူလျက်ရှိပါတယ်။ တရားဦးဓမ္မစကြာဟောစဉ်ကလည်း
ဥရုဝေဠကနေ ၁၈ ယူဇနာဝေးတဲ့ မိဂဒါဝုန်သားပေါင်းစုံတဲ့ ရဂုံမြိုင်တောသို့
ခြေလျင်ခရီးကြွချီတော်မူခဲ့ပါတယ်။ အကြောင်းကတော့ လမ်းခရီးမှာ
ဥပကပရဗိုဇ်နဲ့တွေ့ဖို့ရန်ပါပဲ။ နောင်အခါ ထိုပရဗိုဇ်တရားရရေး ကိုမျှော်တွေးလို့
ခြေလျင်ခရီကြွချီခြင်းပါ။
တစ်ခါတုန်းကလည်း မြတ်စွာဘုရားရှင်ကို
အာရုံပြုပြီး ရဟန်းအသွင်ယူလာတဲ့ တက္ကသီလာမှ ၁၉၂ ယူဇနာလောက်ဝေးတဲ့
ရာဇဂြိုလ်ပြည်သို့ထွက်ခွါလာသော ပုက္ကုသာတိမင်းကို ချီးမြှောက်ရန်အလို့ငှာ
လက်ဝဲတော်ရံ၊ လက်ယာတော်ရံတွေမခေါ်ပဲ တစ်ပါတည်း သပိတ်သင်္ကန်းကိုယူ၍ ခြေလျင်ကြွကာ
တရားဟောခဲ့ဖူးပါတယ်။ ဒေ၀ဒတ်က နာဠာဂီရိဆင်နှင့် တိုက် သတ်သောအခါတွင်လည်း
မြတ်စွာဘုရားရှင်သည် မေတ္တာတော်နှင့်ပင် အောင်မြင်တော်မူခဲ့ပါတယ်။ တစ်ပါးသူ၏
အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားနှစ်သက်တော်မူသော မြတ်စွာဘုရားရှင်တို့၏ မေတ္တာတော်ကို
ကြည်ညိုလို့မဆုံးပါပေ။ မြတ်စွာဘုရားရှင်တစ်ပါးသည် မြတ်စွာဘုရားရှင်တစ်ပါး၏
မေတ္တာတော်ကို တစ်သက်တာလုံး ဟောပြောပြသဦးတော့
ကုန်နိုင်ဖွယ်ရာမရှိဟုမှတ်သားခဲ့ဖူးပါတယ်။
ထိုမျှလောက်ကြီးမားကျယ်ပြန့်တဲ့
မေတ္တာတရားအကြောင်းကို အလွန်တရာမှ စိတ်ဝင်စားခဲ့ပါတယ်။ သို့သော် ယုန်သူငယ်
ခြေထောက်နဲ့ ပင်လယ်ပြင်ကိုထောက်ရသလိုပါပဲ။ ဉာဏ်မမီပါဘူး။ ဒါကြောင့်
မိမိဉာဏ်မီသမျှလေးနဲ့ မေတ္တာအရေးကို ခပ်ပါးပါးလေး တွေးကြည့်မိပါတယ်။ မေတ္တာဆိုတာ
ထားရမှာလား၊ ရှိရမှာလား၊ ပို့လွှတ်ရမှာလား။ ဘယ်လိုလုပ် တာမေတ္တာလဲပေါ့။
တစ်ချို့ကလည်း မေတ္တာလို့ဆိုလိုက်တာနဲ့ ချစ်တာနဲ့ ရောနေပြန်ပါတယ်။ ကောင်လေးကလည်း
ကောင်မလေးကို မေတ္တာရှိလို့ပါတဲ့။ လူကြီးတွေကလည်း လူငယ်တွေကို
သူတို့မေတ္တာမျှနေကြပြီတဲ့။ သူတို့ဆိုလိုတာ ဘယ်လိုမေတ္တာလဲ။ ချစ်တာနဲ့
ရောနှောနေတယ်လို့ ထင်ပါတယ်။
မေတ္တာဆိုတဲ့နေရာမှာ ဗြဟ္မ၀ိဟာရ ဆိုတဲ့ မြတ်စွာဘုရားရှင်တို့ထားရှိတဲ့
မေတ္တာမျိုး၊ ဆိုလိုတာက ရန်သူရော၊ မိတ်ဆွေရော မခွဲခြားဘဲ တစ်သားတည်းထားတဲ့မေတ္တာ။ မြတ်စွာဘုရားရှင်က အရှင်ဒေ၀ဒတ်အပေါ်မှာ ထားတဲ့မေတ္တာနဲ့
သားတော်ရာဟုလာ၊ တပည့်ကြီးသာရိပုတ္တရာတို့၊ အရှင်မဟာမောဂ္ဂလာန်တို့အပေါ်မှာ
ထားတဲ့မေတ္တာ၊ နာဠာဂီရိဆင်အပေါ်မှာ ထားတဲ့မေတ္တာ၊ စိဉ္ဖမာနအပေါ်မှာထားတဲ့မေတ္တာ
တူမျှတယ်ဆိုတာမျိုးပါ။ နောက်တစ်ခုက ဂေဟဿိတ ပေမလို့ခေါ်တဲ့ မိဘနဲ့သားသမီးကြားကမေတ္တာ၊
ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက မေတ္တာ ဆိုတာမျိုးပါ။
ကျွန်တော်ကတော့ ပုထုဇဉ်တို့အနေနဲ့ ဒီမေတ္တာဟာ ထားရှိသင့်တဲ့အရာလို့မြင်ပါတယ်။
ဒီလိုမေတ္တာမျိုးမရှိရင် ကမ္ဘာမှာ စစ်ခင်းကုန် ကြပါလိမ့်မယ်။ ဒါကြောင့်လည်း
တစ်ဦးနဲ့တစ်ဦး မေတ္တာအစေးကပ်ကြပါလို့ လူကြီးသူမတွေ ဆုံးမကြတာပေါ့။
နောက်တစ်ခုကတော့ ပေမတဏှာပါ။ သူ့ကတော့ အေးမြတဲ့မေတ္တာမဟုတ်တော့ပါဘူး။
ပေမတဏှာဖြစ်တာကြောင့် အကြင်လင်မယားတို့ ထားရှိကြတဲ့မေတ္တာမျိုးပါ။ ဒါကိုပဲ
မေတ္တာမျှနေကြပြီ၊ မင်းကိုငါ မေတ္တာရှိပါတယ်ဆိုပြီး သုံးနှုန်းကြဟန် တူပါတယ်။
မြတ်စွာဘုရားရှင်ကတော့
မေတ္တာသုတ်တော်ကို ကြီးမားသော မေတ္တာတရားနဲ့ ဟောတော်မူပါတယ်။ မြတ်စွာဘုရားရှင်ရဲ့
စကားတော်တို့ကို တစ်လုံးချင်း အဓိပ္ပါယ်ဖော်ကြည့်ရင် ပိုပြီးသိသာပါတယ်။
တစ်ချို့ကလည်း မေတ္တာသုတ်ကိုရွတ်တဲ့အခါမှာ လူချစ်အောင်၊ နတ်ချစ်အောင်၊
အန္တရာယ်ကင်းအောင်၊ လာဘ်ရွှင်အောင်ဆိုပြီး ဂါထာလိုလို မန္တန်လိုလို
လုပ်ပြီးရွတ်ကြတာတွေလည်း ရှိပါသေးတယ်။ ရွတ်သာရွတ်ပြီး အဓိပ္ပါယ်မသိတဲ့အခါ
အလုပ်အကိုင်တွေမှားယွင်းကုန်တဲ့အတွက် လူချင်းကလည်း မချစ်ခင်ကြပါဘူး။ နတ်ဆိုတာကလည်း
မချစ်နိုင်ပါဘူး။ စီပွားလာဘ်လာဘတွေ တိုးတက်ကြီးပွားဖို့ မဖြစ်နိုင်တော့ပါဘူး။
မေတ္တာမထားရှိတဲ့တွက် ဒေါသစရိုက်ကြီးစိုးနေတဲ့ သူ့အဖို့မှာ သေလွန်လျှင် အပါယ်ဇာတိသာ
ဖြစ်ဖို့များပါ တော့တယ်။
ဒါကြောင့်မြတ်စွာဘုရားရှင်က
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ
လို့မိန့်တော်မူခဲ့ပါတယ်။ ကိုယ်နဲ့ပဲ ဖြစ်ဖြစ်၊ နှုတ်နဲ့ပဲ ဖြစ်ဖြစ်
စိတ်ထဲကပဲဖြစ်ဖြစ် တစ်ဦးရဲ့ ဆင်းရဲကို တစ်ဦးက အလိုမရှိပါနဲ့လို့
မိန့်တော်မူခဲ့တာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့က မေတ္တာဆိုတာကို ဘယ်လိုနားလည်ကြမလဲ။
သူတစ်ပါး၏ ဆင်းရဲကို အလိုမရှိတာ မေတ္တာဆိုရင် အဲ့ဒိ မေတ္တာကို ပို့ရမှာလား၊
ထားရမှာလား၊ ရှိရမှာလား။ ဘယ်လိုလုပ်ကြမှာလဲ။ ဟုတ်တယ်လေ။ ထားတယ်ဆိုတဲ့နေရာမှာ လည်း
ဥပမာ။ ။ နာရီလေးကို စာပွဲပေါ်မှာ
ထားလိုက်မယ်နော် … လို့ပြောတာက စာပွဲပေါ်မှာ နာရီမရှိလို့ပါ။ ထားပြီးပြီ ဆိုတာနဲ့
စားပွဲပေါ်မှာ နာရီရှိသွားပါပြီ။ နောက်တစ်ခါ နာရီထားစရာ မလိုတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ရှိသွားလို့ပါ။ မရှိဘူးဆိုရင်တော့ ပြန်ပြန်ထားနေရမှာပါပဲ။
ဒါကြောင့် မေတ္တာရှိနေအောင် လုပ်ရပါမယ်။
တစ်ချို့ကလည်း
မေတ္တာရှိပါတယ်။ ဒါပေမယ့် မေတ္တာမပို့ဘူး။ ပို့တယ်ဆိုတာကလည်း ကိုယ့်ဆီရှိတဲ့ပစ္စည်း
သူ့လက်ထဲရောက်မှ ပို့ခြင်းကိစ္စပြည့်စုံတယ်ပြောရမှာပဲ။ ပြီးမြောက်တယ်ပြောရမှာပဲ။
ပို့လိုက်ပြီး လမ်းမှာပျောက်နေတဲ့အခါ လက်ခံမယ့်သူလက်ထဲ မရောက်မချင်း ထိုလူကတော့
သူ့ဆီပို့တယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အရာမရောက် ဖြစ်ရပြန်ပါတယ်။
တစ်ခါတစ်လေ မိဘတွေရှိတတ်ပါတယ်။ ကိုယ့်သားသမီးအပေါ်မှာ မေတ္တာလည်းထားတယ်။
မေတ္တာလည်းရှိတယ်။ သို့သော် သားသမီးကိုချစ်ရင် အိပ်ယာဝင်မှ ခိုးနမ်းရတယ်ဆိုပြီး
မိမိတို့ထားတဲ့မေတ္တာကို မပြကြဘူး။ တစ်စုံ တစ်ခုဖြစ်တာနဲ့ မေတ္တာထားပါတယ်ဆိုပြီး
ဆူလိုက်မန်လိုက်နဲ့။ တစ်ချို့တော့လည်း ကိုယ့်အလုပ်အပေါ်မှာပဲ ဂရုစိုက်ပြီး
သားသမီးကို အချိန်မပေးတာမျိုးတွေ ရှိကြပြန်ပါတယ်။ ဒီအခါ မေတ္တာကို
လက်ခံမယ့်သားသမီးက မိဘဆီက အေးမြတဲ့မေတ္တာ မြင်ရမယ့်အစား မမြင်ရတာမျိုး
ဖြစ်ခဲ့ရတာတွေလည်း အများကြီးတွေ့ရပါတယ်။
မေတ္တာအရာဟာ
ကျယ်ဝန်းပါတယ်။ လိုက်လေ လိုက်လေ ဝေးလေလေ ဖြစ်ရပါတယ်။ နားလည်မှုတွေ အများကြီးလို
အပ်ပါသေးတယ်။ ဒါကြောင့် မေတ္တာတရားကို မနောကံမှာ အမြဲတမ်းထားရှိနေဖို့ လိုအပ်ပါတယ်။
ဝစီကံနဲ့ အမြဲတမ်းရှိနေဖို့ လိုအပ်ပါတယ်။ ကာယကံမြောက်ပို့လွှတ်ဖို့လည်း
လိုအပ်ပါတယ်။ တစ်ခုခုချို့တဲ့နေရင် ကိုယ့်မေတ္တာသူမမြင်၊ သူ့မေတ္တာ
ကိုယ်မမြင်နဲ့မို့ အဆင်မပြေမှုများ ဖြစ်လာလိမ့်မယ်ထင်ပါတယ်။ မေတ္တာပို့လွှတ်သူရှိရင်
မေတ္တာကို လက်ခံမယ့်သူကလည်း ရှိကိုရှိရပါဦးမယ်။ ခံယူတဲ့သူကလည်း မေတ္တာကို
ခံယူမှသာလျှင် ပို့လိုက်တဲ့မေတ္တာကို ရရှိမှာဖြစ်ပါတယ်။ ပို့တဲ့သူကတော့ ပို့တာပဲ။
ကိုယ်ကမှ မခံယူရင်တော့ မရရုံပါပဲ။ မြတ်စွာဘုရားရှင် ဘယ်မျှပင် မေတ္တာထားဦးတော့
ဒေ၀ဒတ်ဟာ မခံယူတဲ့အ တွက် မရရှိပါဘူး။ သို့သော် နားလည် သဘောပေါက်ပြီး
ခံယူတဲ့အခါမှာတော့ အပြည့်အ၀ ရရှိခဲ့ပါတယ်။
မြတ်စွာဘုရားရှင်က
တရားဟောတော်မူတဲ့နေရာမှာ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ပြည့်စုံစွာ
ဟောကြားတော်မူလေ့ ရှိပါတယ်။ ဟာကွက်မရှိအောင် ဆုံးမသွန်သင်နိုင်သော
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မကြည်ညိုပဲကို မနေနိုင်ပါဘူး။
ဒီနေရာမှာဆက်ကြည့်ပါဦး။ သူတစ်ပါးကို ဖျက်ဆီးဖို့ ဆန္ဒမရှိပါနဲ့လို့ပြောပြီး
ဒီအတိုင်းမထားခဲ့ပဲ သူ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ မိန့်တော်မူတဲ့နေရာမှာ
ထားရှိရမယ့်စိတ်ကို ပြဆိုတော်မူပါတယ်။
မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ
ဘာဝယေ၊ အပရိမာနံ။
မိခင်တို့၏
မေတ္တာကိုဖော်ကျူးပြီးကာမှ အဲ့ဒိလိုပုံစံလေး စိတ်ထားပါကွာဆိုပြီး
ညွှန်ပြသွားတော်မူပါတယ်။ မိခင်တစ်ဦးမှာ သားသမီးတွေ အများကြီးရှိခဲ့ရင်
သူတို့ကိုမျှပြီး ချစ်နေရတာမျိုးမဖြစ်အောင် သားတစ်ယောက်တည်းရှိတဲ့ မိခင်ကို
ဥပမာပြုပါတယ်။ ထိုသားသည်လည်း မိမိရင်မှမွေးတဲ့ မိမိရင်သွေးတဲ့။
ရင်မှထွက်တဲ့သွေးနဲ့ အသက်ဆက်ပေးထားရလို့ ထိုသူကို ရင်သွေးလို့ခေါ်တာများလားမသိပေ။
ထိုရင်သွေးငယ်အတွက် မိခင်ဟာ အသက်ပေးပြီး စောင့်ရှောက်သကဲ့သို့
သတ္တ၀ါတွေအပေါ်မှာ အပရိမာဏဆိုတဲ့ အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်တဲ့ မေတ္တာစိတ်
ထားရှိရမယ်လို့ ဆုံးမတော်မူပါတယ်။ လူတိုင်းဟာ မိမိအသက်ကို ချစ်ကြတာပဲ။
ဘယ်သူ့ကြောင့်မှ ကိုယ်မသေချင်ကြပါဘူး။ သို့သော် မိခင်ကတော့ သားသမီး အတွက်
အသက်ကိုပေးဆိုရင် ပေးရဲတယ်ဆိုတဲ့ သတ္တိမျိုးရှိပါတယ်။ ထိုကဲ့သို့သတ္တိမျိုး
မွေးကြလို့ မြတ်စွာဘုရားရှင် မိန့်တာပါ။
ကံငါးပါးကို
အလွယ်တကူကျူးလွန်းတာ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို တပ်မက်လွန်းလို့ပဲ။
အမြင်မှားနဲ့ ချစ်လို့ပဲ။ သတ္တ၀ါတစ်ဦးအတွက် အသက်ပေးရဲတယ်ဆိုတဲ့သတ္တိကို
တနည်းအားဖြင့် မေတ္တာကို မထားရှိလိုက်တဲ့အခါမှာ ကိုယ့်အသက်အတွက် သတ္တ၀ါတစ်ဦးကို
သတ်ရဲတယ်ဆိုတာ ဖြစ်လာတာပါပဲ။ ခိုးရဲတယ်၊ ကာမဂုဏ်ကို မှားယွင်းစွာသုံးစွဲရဲတယ်၊
လိမ်ရဲတယ်၊ မူယစ်ရမ်းကားရဲတယ် စသဖြင့် ပြဿနာရဲ့အရင်းခံက ဒါပါပဲ။ ကိုယ့်အတ္တကို
ရှေ့တန်းတင်ပြီး လုပ်ဆောင်လာပါတော့တယ်။
အပြစ်မရှာ၊ ချစ်စရာကို၊ ဖွေရှာစဉ်းစား၊ သူ့စီးပွားအား၊
လိုလားသောစိတ်၊ မေတ္တာစိတ်လို့ မှတ်သားခဲ့ဖူးပါတယ်။ သူ့အပေါ်မှာ
မေတ္တာတကယ်ရှိပါတယ်ဆိုရင် သူ့အကျိုးစီးပွားဖြစ်အောင် ငါဘာလုပ်ပေးရမလဲလို့
ရှာဖွေစဉ်းစားဖို့ လိုအပ်လာပါပြီ။ မနောကံမေတ္တာနဲ့ ကြံစည်ပြီ၊ ၀စီကံမေတ္တာနဲ့
ပြောဆိုပြီ၊ ကာယကံ မေတ္တာနဲ့ လုပ်ဆောင်ပြီဆိုမှတော့ လူလူချင်းလည်း ချစ်
ခင်လာတာပါပဲ။ နတ်တွေလည်း ချစ်ခင်လာမှာပါပဲ။ လူချစ်လူခင် ပေါများလာတာနဲ့အမျှ
တန်ပြန်သက်ရောက်မှု အကျိုးပေး အနေနဲ့ ကိုယ့်အကျိုးစီးပွားတွေလည်းပြည့်စုံလာမှာ
မလွဲသောချာဧကန်ပါပဲ။ ကိုယ့်က လူတွေအပေါ်မေတ္တာထားရှိတော့ သူတို့ကလည်း ကိုယ့်ကိုချစ်ခင်နေတဲ့အခါ
ဘယ်နေရာ ဘယ်ဌာနမှာ အိပ်အိပ် ဘာကိုမှ စိုးရိမ်ကြောင့်ကြစရာမလိုပဲ ချမ်းသာစွာ
အိပ်စက်ရပါပြီ၊ ချမ်းသာစွာနိုးထရပါပြီ။ ကိုယ်စားတဲ့အစာ ဘယ်သူကများ အဆိပ်ခပ်ဦးမလဲ၊
ကိုယ့်ကိုယုတ်မာတဲ့သူရှိဦးမလား၊ လူတိုင်းအပေါ်မေတ္တာထားရှိနေမှတော့ ချိုးလွင်ကြည်သာတဲ့
မျက်နှာကို ပိုင်ဆိုင်ရပြီပေါ့။ ကိုယ်ကသာ မေတ္တာရွာကို ၀င်လိုက်ပါ။ မေတ္တာရွာကြီးက
နွေးထွေးစွာဆီးကြိုနေတာ မျက်မြင်ဒိဋ္ဌမြင်ရပါလိမ့်မယ်။
တရားတော်ကို
စုံအောင်ဟောတော်မူတဲ့ မြတ်စွာဘုရားရှင်က ဆက်၍မိန့်တော်မူပုံမှာ ထားရမယ့်မေတ္တာတွေ၊
ရှိရမယ့်မေတ္တာတွေ၊ ပို့ရမယ့်မေတ္တာတွေကို ဥဒ္ဓံ
ဆိုတဲ့ အထက်လောကဗြဟ္မပြည်တိုင်အောင် သူတော်ကောင်းတွေကိုလည်း ကောင်း၊ အဓော- အောက်ပြည်လောက အပါယ်ဘ၀တွေတိုင်အောင်
လူဆိုးတွေကိုလည်းကောင်း၊ တိရိယံ ဆိုတဲ့
အလယ် အလတ်သူတွေကိုလည်းကောင်း ပို့လွှတ်ပါလို့ ဆိုထားပါတယ်။ တစ်ချို့က
လူကောင်းသူကောင်းဆို တယ်လည်း မေတ္တာထားရှိပြီး လူဆိုးသူဆိုးဆိုရင်
မေတ္တာကိုမရှိဘူးလို့ဆိုကြပါတယ်။ မြတ်စွာဘုရားရှင်ကတော့ သဗ္ဗလောကသ္မိံ … အလုံးစုံသော လောက၌၊ အပရိမာဏံ-
အတိုင်းအဆမရှိသောမေတ္တာကို ပွားစေရမယ်လို့ ညွှန်ပြတော်မူပါတယ်။ ထိုသို့သော
မေတ္တာမျိုးကိုလည်း နေ့ရော၊ ညပါမကျန် ထိုင်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊
ရပ်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊ လျောင်းနေတဲ့အခါမှာပဲဖြစ်ဖြစ်၊
အိပ်တော့မယ့်အခါမှာပဲဖြစ်ဖြစ် မေတ္တာစိတ်ကို ဖြစ်နေစေရမယ်လို့ ဆုံးမတော်မူပါတယ်။
မေတ္တာ
စိတ်ဖြစ်စေတဲ့အခါမှာလည်း ၀ိတမိဒ္ဓေါ
ဆိုပြီး မြတ်စွာဘုရားက ပြဆိုတော်မူပါတယ်။ ဆိုလိုတာက အိပ်ချင်ငိုက်မြည်းခြင်း
မရှိရဘူးတဲ့။ အိပ်ငိုက်လိုက်ရင် မေတ္တာစိတ်ပျက်သွားမယ်။ သတိမလွတ်စေပဲ
မေတ္တာစိတ်ကလေးကို ကိုယ့်စိတ်ထဲမှာ အမြဲတမ်းဖြစ်ပေါ်နေအောင် ကြိုးစားနေရပေမည်။
မေတ္တာစိတ်ကိန်းပြီးနေခြင်းဟာ ဗြဟ္မာကြီးတွေနေ တဲ့နေနည်းဖြစ်ပါတယ်တဲ့။ လူခန္ဓာနဲ့
ဗြဟ္မာစိတ်ဖြစ်နေတဲ့အချိန်လို့ ပြောလို့ရမယ်ထင်ပါတယ်။ မေတ္တာစိတ်ဖြစ်လိုက်တဲ့ခဏ
လူ့ဘ၀ဟာ အလွန်တရာမှ မြင့်မြတ်သွားပါပြီ။ တစ်ခဏဖြစ်ရင် တစ်ခဏမြတ်တယ်။
တစ်နာရီဖြစ်ရင် တစ်နာရီမြတ်တယ်။ တစ်သက်လုံးနေနိုင်ရင် တစ်သက်လုံး
မြင့်မြတ်သူအဖြစ်နဲ့ အသက်ရှင်ခြင်းဖြစ်ပါပြီ။ ထို့ကြောင့်လည်း တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊
ကျွေးမွေးခြင်းထက်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည် ဘုရားမြတ်စွာ
မိန့်ခွန်းတည်းလို့ ရှေးဆရာများ စပ်ဆိုတော်မူခဲ့တာဖြစ်ပါတယ်။
မေတ္တာရနံ့
ကိုယ်ဝယ်ပျံ့ နေတဲ့အခါ မိမိပတ်ဝန်းကျင်လည်း ငြိမ်းချမ်းရပါတယ်။ ငြိမ်းချမ်းသော
ပတ်ဝန်းကျင်ဖြင့် လှပသောဘ၀ကို ဖန်တည်းနိုင်ကြ ပြီးလျှင် မေတ္တာရနံ့
သင်းပျံ့မွှေးထုံ၊ သူတို့ဘုံမှာ၊ ကောင်းကျိုးအစုံ၊ တည်ပါစေသတည်း။
(မြန်မာနှစ် ၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့် (မေတ္တာအခါတော်နေ့)
အမှတ်တရအဖြစ် ရေးဖွဲ့ပါသည်)
အားလုံးသောသတ္တ၀ါတွေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ။
No comments:
Post a Comment