Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, February 14, 2013

ကျွန်တော်နားလည်မိသော ဒါန အပိုင်း (၃)



ကောင်းမှုတည်းဟူသော ကုသိုလ်တရားတို့ကို ပြုကျင့်ရာ၌ မည်သူမျှ မတုအပ်မတုနိုင်၊ မယှဉ်အပ် မယှဉ်နိုင်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဘုရားတပည့်တော် ရှိခိုးပါ၏။

ဒါနနှင့် ဆက်နွယ်၍ ကျွန်တော်နားလည်မိသမျှကို ဆက်ပြီးဝေငှပါဦးမယ်။ ကျွန်တော်နား လည်မိသမျှလို့ ခေါင်းစဉ်တပ်ထား သည့်အတွက်ကြောင့် ကျွန်တော်နားလည်တာတွေကိုပဲ ပြောပြပါရစေ။ ကျန်သော တရားများကိုတော့ ပညာရှင်တို့၏အရာ၊ ဆရာသမားတို့၏အရာ အဖြစ်နှင့်သာရှိကြပါစေ။ မိမိနားလည်သမျှ နည်းနည်ကလေးနှင့် မြင့်သောတရားများကို စွဲယူ၍သုံးနှုန်းမပြခြင်းကို နားလည်ပေးနိုင်ပါရန် မေတ္တာ ရပ်ခံပါတယ်ခင်မျာ။

ခုဒ္ဒကနိကာယ်၊ ဣတိဝုတ်ပါဠိတော်၊ တတိယ၀ဂ်၊ ဒါနသုတ်တော်၌ မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်သည် ကြည်ညိုဖွယ်ရာ အလွန်ကောင်းလှပါတယ်။ မြတ်စွာဘုရားရှင်က ဒါနနှင့် ပတ်သက်ပြီးတော့ ဘုရားရှင် သိသလောက်သာ သိခဲ့မယ်ဆိုရင် နောက်ဆုံးစားနေတဲ့ ထမင်းလုပ်ကလေးကိုတောင်မှ အလှူခံမည့်သူရှိက မစားပဲလှူပါလိမ့်မယ် ဟုမိန့်ခဲ့ပါတယ်။ အလွန်မှတ်သားဖွယ်ရာကောင်းပါတယ်။ ကျွန်တော်တို့တွေ တစ်နေ့ကို ထမင်းအနည်းဆုံး နှစ်ကြိမ်စားကြပါတယ်။ စားတဲ့အခါတိုင်း အလှူခံများရှိက လှူမယ်ကွာလို့ နှလုံးသွင်းဖူးပါသလား။

သေချာတာကတော့ အလှူအကြောင်းကို သေချာစွာ မသိသေးသမျှ နှလုံးသွင်းမိမည် မဟုတ်ဟုထင်ပါတယ်။ မိမိသုံးဆောင်နေရသကဲ့သို့ များစွာသောဝေနေယျတို့ သုံးဆောင် နိုင်ကြမည်မဟုတ်ပါ။ မသုံးဆောင်နိုင်ခြင်းအကြောင်း ၂ ချက်ရှိသည်။ တစ်ဦးက မိမိ ထက်မြင့်သောသူများသည်လည်း မိမိစားသုံးသလို မစားသုံးနိုင်ပါ။ မိမိထက်ဆင်းရဲသော သူများသည်လည်း မိမိကဲ့သို့ မစားသုံးနိုင်ကြပါ။ သို့ဖြစ်သောကြောင့် ကျွန်တော်ကတော့ ထမင်းစားတဲ့အခါတိုင်း မိမိထက်သုံးဆောင်နိုင်သူများလည်း ယခု ထက်ပိုမို၍ မြတ်လှစွာသော စားသောက်ဖွယ်ရာများကို စားသုံးနိုင်ပါစေ။ မိမိလောက်မစား သောက်နိုင်သူများလည်း မိမိကဲ့သို့ စားသောက်နိုင်ကြပါစေကြောင်း မေတ္တာပို့ပြီး သုံးဆောင် လေ့ရှိပါတယ်။

ထမင်းစားပြီးပြန်တော့လည်း မိမိထမင်းပန်းကန်ကို ဆေးကြောနေစဉ် ပန်းကန်ဆေးရည်သည် မြောင်းထဲသို့ ဧကန်ရောက်ရပေမည်။ ထိုသို့ရောက်သော အခါတွင်လည်း ထိုပန်းကန် ဆေးရည်ထဲတွင်ပါသော အာဟာရတို့ကို မှီဝဲကြရသော သတ္တ၀ါတစ်တွေ ကောင်းစွာ သုံးဆောင်နိုင်ကြပါစေကြောင်း ကောင်းမြတ် သောစေတနာတို့ ဖြင့်ပြုလေ့ရှိပါတယ်။ ပြုတတ်မယ်ဆိုက အလှူရေစက် လက်နဲ့မကွာနေနိုင်ပါတယ်။ ကျွန်တော် ရွာမှာနေတုန်းကပါ။ ညပိုင်းကျန်တဲ့ ထမင်းခဲတွေကို မနက်ပိုင်းမှာ ကြက်တွေကို ချကျွေး လေ့ရှိပါတယ်။

ကြက်ကြီးကြီးကောင်တွေ အလုအယက် ပြေးထွက်လာပြီး လုကြယက်ကြ စားကြသောက်ကြပါတော့တယ်။ ဒီအချိန်မှာ အနားရှိတဲ့ခွေးတစ်ကောင်က ထမင်းစေ့တွေမြင်တဲ့အခါ သူလည်းစားချင်တာနဲ့ အနားရှိတဲ့ ကြက်တွေကို မာန်ဖီပြီး မောင်းထုတ်ပါတယ်။ ပြီးတော့ သူထမင်းစေ့တွေလိုက်ကောက် စားတယ်။ များများစားလို့ မရတဲ့အခါကျတော့ ခဏနဲ့ထွက် သွားတော့တယ်။ ခွေးထွက်သွားတာနဲ့ ကြက်ငယ်လေးတွေက အစုလိုက်ရောက် လာပြန်ပါတယ်။ လုပြီးစားနေတုန်း ခုနကထွက်သွားတဲ့ ကြက်ကြီးတွေက ၀င်လာကာ အငယ်တွေကို မာန်ဖီပြီး ဆိတ်လိုက်လို့ ကြက်ငယ်လေးတွေ အစာရှိတဲ့ နေရာ ကနေထွက် သွားရပြန်ပါတယ်။

ကြည့်နေရင်းက စဉ်းစားမိတာလေးက လောကမှာ နိုင်ရာစားနေကြတာပါလား ဆိုတာပါပဲ။ အားကြီးတဲ့ သူကလည်း အားငယ်တဲ့သူကို မောင်းထုတ်ပြီး သူသာတစ်ဝစားမယ်။ ဒီလိုစားရဖို့ကို ဘယ်လိုပဲလုပ်ရ လုပ်ရ၊ မကောင်းကြံဖို့လည်း ၀န်မလေးတော့ပါဘူး။ သူ့မှာ လောဘတွေတက်နေတာကိုး။ လောဘ တွေများနေရင် လှူရတာကို ကုန်လိုက်တာလို့ကို ထင်နေတယ်။ ဘယ်သူ့ကိုမှ မပေးချင်ဘူး။ ဒီလို လုပ်နေတယ်ဆိုတာတွေဟာ ခုနက ခွေးတွေကြက်တွေ လုပ်နေတဲ့အလုပ်နဲ့ ဘာများကွာခြားနေလို့လဲ။ ရုပ်ကောင်ကြီးကတော့ လူသားစစ်စစ်။ စိတ်တွေကတော့ ………….။ မလုပ်ပါနဲ့ဗျာ။

ဒါနပြုတယ်ဆိုတာ ခုနကလို ငါသာရရမယ်ဆိုပြီး လုပ်နေတဲ့ လောဘတွေကို လျော့ချပြီးတော့ သူတို့ လည်း ငါ့လိုပဲ ရရှိပါစေဆိုတဲ့ စိတ်ကလေးတွေ ဖြစ်အောင် လုပ်ပေးလိုက်ပါတယ်။ ဒါမှဒါ၊ ငါမှငါ ဖြစ်နေတာတွေကို လျော့ချပေးလိုက်နိုင်တယ်။ ပြောရရင် ဒါနက လူစိတ်ပေါက်အောင် လုပ်ပေးတယ်။ အလောဘဆိုတဲ့ မလိုချင်တော့တဲ့ အတ္တကင်းတဲ့ စိတ်တွေဖြစ်အောင် လေ့ကျင့်ပေးတယ်။ သူတစ်ပါး ကောင်းစားတာကို မနာလိုဝန်တိုနေတတ်တဲ့ ဣဿာစိတ်တွေရယ် ကိုယ့်ဟာ ကိုယ်ပိုင်တာတွေပါဆိုပြီး ဆုပ်ကိုင်ထားတဲ့ နှမြောတွန့်တိုတတ်တဲ့ မစ္ဆရိယစိတ်တွေရယ်ကို မရှိအောင်တိုက်ထုတ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်။

လှူပြီဆိုပြန်တော့ အလှူခံပုဂ္ဂိုလ်ကို သနားလို့လှူတာရှိတယ်။ ကိုယ့်ကိုယ်ကို သနားလို့လှူတာရယ်ဆိုပြီး နှစ်မျိုးထွက်ပြန်ပါတယ်။ တစ်ချို့လူတွေက အိမ်ရှေ့မှာ သူတောင်းစားလာရပ် ရင်ပဲဖြစ်ဖြစ်၊ လမ်းမှာတွေ့ရင်ပဲဖြစ်ဖြစ် သနားပါတယ် လှူလိုက်ပါဆိုတာတွေ အများကြီး ရှိပါတယ်။ ဘယ်အထိအောင်သွားလည်းဆိုရင် ရဟန်းသံဃာနဲ့၊ ကိုရင်လေးတွေထိအောင်ကို ကိုယ်တော်က သနားဖို့ကောင်းပါတယ်။ လှူလိုက်ပါမယ်ဆိုတာတွေ ကြားနေရတော့ စိတ်မကောင်းပါဘူး။

တစ်ကယ်တော့ ရဟန်းသံဃာတွေ ကိုရင်လေးတွေဆိုတာ အရိယာဖြစ်အောင် ကျင့်ကြံနေ သူတွေ၊ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတွေကို တစ်သွေမတိမ်းစောင့်ထိန်းနေသူတွေ၊ တို့တွေကတော့ လောကီလူ့ဘောင်မှာ ငါးပါးသီလတောင် အနိုင်နိုင်ရယ်နဲ့ သနားစရာကောင်း လှတဲ့ ဒီလိုဘ၀မှ လွတ်မြောက်ပါရစေ ဆိုပြီးတော့ မိမိကိုယ်ကိုသနားသောအားဖြင့် သံသရာမှ ထွက်မြောက်အောင် လှူခြင်းသည် မြတ်သော အလှူဖြစ်ပါပေတယ်။

ထိုကဲ့သို့သော မွန်မြတ်သော စိတ်ဖြင့် လှူဒါန်းသမှုပြုကြခြင်းသည်သာ မြတ်သော အလှူဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ တစ်ဦးနှင့်တစ်ဦး ချစ်သောမျက်စေ့ဖြင့် ရှုကြည့်နိုင်သောကိုယ် ဖြစ်ပါစေသောဝ်။ 

No comments:

Post a Comment