Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Friday, February 1, 2013

ပန်လိုသည့်ပန်း


ဒါနဆိုသည့် အဓိပ္ပါယ်ကို မဖော်ညွှန်းမှီ တင်ပြလိုသည်မှာ သဗ္ဗညုတ ဘုရားအဆူဆူနှင့် အဂ္ဂသာဝက၊ မဟာသာဝက စသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့သည် မိမိတို့ဆိုင်ရာ ဗောဓိဉာဏ်ကို ဒါနပါရမီဖြင့်ပင် စတင်တော်မူခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရားရှင်သည်လည်း ပါရမီခရီးအစ သုမေဓါရှင်ရသေ့ဘ၀တွင်လည်း ဒါနပါရမီဖြင့်စတင်၍ ပါရမီခရီးအဆုံး ဝေသန္တရာမင်းကြီးဘ၀တွင်လည်း ဒါနပါရမီဖြင့်ပင် အဆုံးသတ်ခဲ့သည်။ ထို့ကြောင့် ပါရမီဖြည့်စဉ်ကာလမှာ ဒါနနဲ့ စခဲ့ပြီး ဒါနနဲ့ ဆုံးခဲ့တာကို ထူးခြားစွာ တွေ့ရှိရသည်။ ထိုနေရာတွင် ဘုရားအလောင်းတော်တို့သည် တစ်ဘ၀တွင် ပါရမီတစ်မျိုး တည်းကိုလျှင် ဖြည့်ကျင့်ကြသည်ဟူ၍ မမှတ်ယူစေလို။ အလျဉ်းသင့်သလို ပါရမီများစွာကို ဖြည့်ကျင့်ခဲ့ကြသည်ကို သတိထားသင့်သည်။ ဒါနဆိုသည်မှာ လှူဒါန်းသည်၊ ပေးကမ်းသည်၊ စွန့်ကြဲသည်ဟု အဓိပ္ပါယ်ပေါ်လွင်၏။ အလွယ်ဆုံးပြောလျှင် ပေးခြင်းသည် ဒါန။ ပေးခြင်းလို့ ဆိုသည့်အတွက် ယူခြင်း မပါပါနိုင်ပေ။ ဖက်တွယ်ထားခြင်း၊ ငြိကပ်ထားခြင်း မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် မငြိမကပ် မဖက်မတွယ်စွာ ပေးကမ်းရမည်ဖြစ်သည်။ ပစ္စည်းဝတ္ထုသော်လည်းကောင်း၊ လက်ခြေသွေးသား အင်္ဂါသော် လည်းကောင်း၊ ပုဂ္ဂိုလ်သတ္တ၀ါအပေါ်သော်လည်ကောင်း ပေးနိုင်ဖို့ ဆိုသည်မှာ ငြိကပ်နေလို့ မဖြစ်နိုင်ပေ။ ငြိကပ်ခြင်းကိုပင် လောဘဟု ခေါ်ဆိုသည်။


လောဘဆိုရာ၌လည်း လောဘသည် ကာမဂုဏ်အာရုံကို တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက်လိုချင်သည်။ သတ္တာဝါတို့အား မည်သည့်အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲရှာဖွေ နေခြင်းဖြစ်သည်။ ပစ္စည်းကို ငြိကပ်လျှင် ထိုပစ္စည်းကို လှူဒါန်းနိုင်မည် မဟုတ်ပေ။ ထို့အတူ လက်ခြေအဂါင်္ အသွေးအသားပေါ်တွင် ငြိကပ်နေလျှင် လက်ခြေအဂါင်္ အသွေးအသားကို လှူဒါန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မငြိကပ်စွာ လှူဒါန်းနိုင်လျှင် အလောဘ ဖြစ်နေမည်ဖြစ်သည်။ ဒါနမှာ အလောဘဓါတ် ဖြစ်သည်။ လောဘဓါတ်ကို အနိုင်ယူ၍ အလောဘဓါတ်ကို မိမိသဏ္ဍာန်၍ ထာဝစဉ် ကိန်းအောင်းနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ဆရာကြီးဦးရွှေအောင်၏ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်) စာအုပ်တွင် ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ဟု အဓိပ္ပါယ်ဖွင့်၏။ မှန်ပေ၏။ အနှစ်ချုပ်မှာ လောဘဓါတ်ကို စွန့်လွှတ်ခြင်းသာဖြစ်၏။ အများကောင်းကျိုးအတွက် အနစ်နာခံ၍ လောဘဓါတ်ကို စွန့်လွှတ်ခြင်းသည် လောကကြီးကို ဟန်ချက်ညီအောင် ဒါနပြုခြင်းဖြစ်သည်။
ပေးခြင်းဆိုသည့်ဒါနမှာလည်း အဆင့်သတ်မှတ်ချက်အပေါ်မူတည်၍ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းဟူ၍ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ မိမိထက် သီလ၊ သမာဓိ၊ ပညာအားဖြင့် သော်လည်းကောင်း အဆင့်မြင့်သော ပုဂ္ဂိုလ်ဆိုလျှင် လှူဒါန်းခြင်းဟု ခေါ်ဆိုသည်။ မိမိနှင့် တန်းတူ၊ သူငယ်ချင်း၊ မိတ်ဆွေဆိုလျှင် ပေးကမ်းခြင်းဟု ခေါ်ဆိုကြသည်။ မိမိထက် နိမ့်သော ပုဂ္ဂိုလ်၊ ဆင်းရဲနွမ်းပါးသူတို့အား စွန့်ကြဲသည်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ထိုသို့ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းကြရာတွင် စိတ်ထားတတ်သော အနေထားပေါ်မူတည်၍ အမျိုးမျိုး လှူဒါန်းနေကြသည်ကို မိမိတို့ ပတ်ဝန်းကျင်၌လည်း လက်ရှိတွေ့မြင်နေကြရသည်။  ဤနေရာတွင် သဒ္ဓါ ပညာအတွဲညီစွာ လှူဒါန်းတတ်ရန် အလွန်အရေးကြီးပေသည်။ လှူဒါန်း၊ စွန့်ကြဲ၊ ပေးကမ်းခြင်းသည် သဒ္ဓါဖြစ်၍ တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းတတ်ခြင်းသည်၊ အများအကျိုးကို ရှေးရှုနိုင်သော ဆင်ခြင်တရားသည် ပညာ၊ ထိုနှစ်ခု အတွဲညီမှသာလျှင် မြင့်မြတ်သော ဒါနဖြစ်ပေမည်။ ပညာမပါ၍ လှူဒါန်းခဲ့သော အလှူရှင်များသည် ဘောဂသမ္ပတ္တိဟူသော ပစ္စည်းဥစ္စာ ပြည့်စုံခြင်းကို ရရှိသော်လည်း ဘာသာရေးအသိ၌ အားနည်း၍ အသိဉာဏ်နည်းပါးကာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ မဖြစ်နိုင်တော့သလို နိဗ္ဗာန်နှင့်လည်း ဝေးကွာလှမ်းရတော့သည်။ လက်ရှိ ပညာမပါသော အလှူ တို့သည်လည်း ဘောဂသမ္ပတ္တိဟူသော ပစ္စည်းဥစ္စာပြည့်စုံခြင်းတို့သာ ရရှိပေမည်ဖြစ်သည်။
ထို့ကြောင့် ဆရာတော်ရဝေနွယ်၏ မြင့်မြတ်သူတို့အလုပ်စာအုပ်တွင် ဒါနပါရမီမြောက်ရန်မှာ ၁။ နိဗ္ဗာန်ကို ဦးတည်ရမည်၊ ၂။ သူတစ်ပါး အကျိုးကို ငဲ့ရမည်။ ၃။ မိမိအကျိုးကို မငဲ့ရ ဟူ၍ ရေးသားထားသည်ကို မှတ်သားရ၏။ ဤတွင် အတွေးတစ်ခု စဉ်းစားသင့်သည်မှာ နိဗ္ဗာန်ကို ဦးတည်ရမည်ဆိုသော အချက်ပင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုချင်သောဆန္ဒ မရှိသောသူသည် မည်သို့မျှ နိဗ္ဗာန်ကို ဦးတည်နိုင်မည်မဟုတ်ပေ။ နိဗ္ဗာန်ဆိုသည် အိုနာသေ ဒုက္ခမှ လွတ်ခြင်းဖြစ်သည်။ မှိုသည် မြေကြီးမှ ထွက်လာသည့်အခါ မြေမှုံလေးများကို ရွက်ထွက်လာသသည့်ပမာ ဘ၀မှာ ဇာတိကို ရလာလျှင် အိုဒုက္ခ၊ နာဒုက္ခ၊ သေဒုက္ခကြီးကို ထမ်းပြီး ထွက်လာရသည်ပဲဟု ဆင်ခြင်နိုင်သောဉာဏ်၊ မကောင်းမှု အကုသိုလ်တရားထင်ရှားရှိလျှင် ကောင်းမှုကုသိုလ်တရားလည်း ထင်ရှားရှိသကဲ့သို့ ပဋိသန္ဓေနေရခြင်း၊ ဇာတိတရားထင်ရှားရှိလျှင် ထိုဇာတိကို ကုန်စေတတ်သော ပဋိသန္ဓေနေခြင်းကင်းရာ နိဗ္ဗာန်တရား ထင်ရှားရှိ၏ဟု ဆင်ခြင်နိုင်သောဉာဏ်ရှိမှသာလျှင် တွေးမှသာလျှင်၊ မြင်မှသာလျှင် နိဗ္ဗာန်ကို လိုချင်သော ဆန္ဒဖြစ်ပေါ်နိုင်မည်။ ထိုသို့ဖြစ်မှသာလျှင် နိဗ္ဗာန်ကို ဦးတည်နိုင်မည် ဖြစ်သည်။ ထိုသို့ နိဗ္ဗာန်သို့ ဦးတည်ကာ ငါ၊ ငါ့ဥစ္စာဟူသော အတ္တဒိဋ္ဌိကို ပယ်၍ အများကောင်းကျိုးကို ရည်မျှော် လှူဒါန်းမှသာလျှင် ပါရမီမြောက်သော ဒါန ဖြစ်ပေမည်။ မြင့်မြတ်သူတို့ လုပ်သော အလုပ်ဖြစ်ပေမည်။
တစ်နည်းအားဖြင့်ကြည့်သော် နိဗ္ဗာန်ဟူသည် နိဝါနပင်ဖြစ်သည်။ ၀ါနဆိုသည်မှာ တဏှာ၊ နိဆိုသည်မှာ မရှိခြင်းဖြစ်၍ တဏှာမရှိခြင်းသည်ပင်လျှင် နိဗ္ဗာန်ဖြစ်သည်။ တဏှာကို အဘိဓမ္မာအားဖြင့် တရားကိုယ်ကောက်သော် လောဘ ပင်ဖြစ်သည်။ လောဘ၏ဆန့်ကျင်ဘက် အလောဘဓါတ် များများကိန်းအောင် တဏှာလောဘကင်းစင်ရာ နိဗ္ဗာန်ကို အာရုံပြု၍ ပေးလှမ်းလှူဒါန်းခြင်း ဒါနကို ပြုရမည်ဖြစ်သည်။ ဒါနပါရမီဟု ဆိုရာတွင် ပါရမီကို မြင့်မြတ်သူတို့အလုပ်ဟု အဓိပ္ပါယ်ဖွင့်လျှင် ဒါနပါရမီ၏ အဓိပ္ပါယ်မှာ လှူဒါန်းပေးကမ်းစွန့်ကြဲမှုသည် မြင့်မြတ်သူတို့အလုပ်ဖြစ်သည်။ မြင့်မြတ်သော သူတို့သည် လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိသည်ဟူ၍ဖြစ်သည်။ ပါရမီကို အဓိပ္ပါယ်ထပ်မံဖွင့်ဆိုလျှင် လူတော်၊ လူကောင်း၊ သူတော်ကောင်း ဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် ဒါနပါရမီသည် လူတော်၊ လူကောင်း၊ သူတော်ကောင်း ဖြစ်လိုသူတိုင်းသည် လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိသည်ဟူ၍ ဖြစ်သည်။ တတိယအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကို ရရှိ၍၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတိုင်း ဖြည့်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒါနပါရမီ သည်လည်း အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကိုရရှိ၍၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတိုင်း လှူဒါန်းပေးကမ်းခြင်း ဒါန ပြုလေ့ရှိ သည်ဟူ၍ဖြစ်သည်။
ထို့ကြောင့် ဒါနပန်း ဆင်မြန်းသည့်အခါ မြင့်မြတ်သောသူတို့ ပြုသည်ဒါန၊ သူတော်ကောင်းတို့ ပြုသည့်ဒါန၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုရောက်လိုသူတို့ပြုလုပ်သည့်ဒါန ဖြစ်အောင် ပညာရှေ့ထား ပြုရကြမည်ဖြစ်ပါသည်။ ပညာမပါသော ဒါနရှင်အများစုသည် နောင်ဘဝများတွင် ချမ်းသာသော ဘဝကိုကား ရကြပါ၏။ သို့သော် ဉာဏ်ပညာမပါသော ဒွိဟိတ်ပုဂ္ဂိုလ်၊ သုဂတိ အဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြရ၏။ ထိုပုဂ္ဂိုလ်များသည် ယခုဘဝတွင် မဂ်ဖိုလ်ရခွင့် မရှိတော့ပေဟု ဆရာတော်အရှင်ဇ၀န မိန့်ကြားသည်မှာ မှတ်သားလိုက်နာဖွယ်ကောင်းလှပါ၏။ ထိုကြောင့် ဒါနပါရမီဖြည့်ဆည်းရာမှာ၊ ဒါနပန်း ဆင်မြန်းရာမှာ မျှော်လင့်ချက်ဖြင့် မပေးကမ်းဖို့ ထပ်ဆင့်မိန့်ကြားသည်မှာ မျှော်လင့်ချက်ဖြင့် ပေးကမ်းလျှင် အမြတ်ရဖို့ အရောင်း အဝယ်လုပ်ခြင်းတစ်မျိုး ဖြစ်၏။ မျှော်လင့်ချက်မပါဘဲပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်း ဖြစ်သည်ဟူ၍ ဖြစ်ပါသည်။ ဒါနပန်း မဆင်မြန်းတတ်ကြလျှင်ဖြင့် သန်းခေါင်လကွယ်အချိန် မှောင်မဲနေတဲ့ တောအုပ်ကြီးမှာ လမ်းပျောက်နေသူတစ်ယောက်လို သံသရာ လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရတတ်ပါသည်။ ထို့ကြောင့် ဘယ်အရာပဲလှူလှူ၊ ဆွမ်းတစ်နပ်ဖြစ်ဖြစ်၊ ကျောင်းအလှူဖြစ်ဖြစ်၊ တရားအလှူဖြစ်ဖြစ် စေတနာသုံးတန် ပြဋ္ဌာန်း၍ တဏှာစွဲကင်းကာ ကျွတ်ကျွတ်လွတ်လွတ် လှူဒါန်းရန်အရေးကြီးပါသည်။ ထင်ပေါ်မှု၊ ကြော်ကြားမှုကို ရှောင်၍ အမှန်တကယ်လိုအပ်သော နေရာများကို ရွေးချယ်လှူဒါန်းရန် မေတ္တာရှေ့ထား တိုက်တွန်းလိုပါသည်။
ထိုသို့ ပါရမီမြောက်သောဒါနဖြစ်အောင် ပြုခဲ့သောကောင်းမှု ကုသိုလ်ကံသည် အဟောသိကံ ဘယ်တော့မှ မဖြစ်သလို ပစ္စည်းဥစ္စာနှင့်ပြည့်စုံခြင်းအစရှိသည်တို့သည်လည်း ကျွဲကူးရေပါသကဲ့သို့ အကျိုးပေးမည်လည်း ဖြစ်ပါသည်။ မိမိသာ စိတ်ထားတတ်မည်ဆိုလျှင် ၀ိပဿနာတရား အားထုတ်သည့် နည်းတူ ဒိဋ္ဌိနှင့် တဏှာလောဘကင်းအောင် ပြုနိုင်ပေသည်။ ဤသည်ကို ဆရာတော်အရှင်ဇ၀န မိန့်ကြားသည်မှာ ငါကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်မပါဘဲ သူတစ်ပါး ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ပရဟိတ(အများကောင်းကျိုး) လုပ်ခြင်းများသည် ဝိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို အထိုက်အလျောက် လျော့ပါးကုန်ခန်းစေသည်သာဖြစ်၏ဟု မှတ်သားခဲ့ ရပါသည်။ ဤအချက်ထောက်ဆ၍ ရေချမ်း၊ ပန်းလှူ အစရှိသော ဒါနကောင်းမှု အမှုတို့သည် သံသရာလည်စေ သည်ဆိုသော အချက်သည် တက်တက်စင်အောင် လွဲပေလိမ့်မည်။ စိတ်ထားမထားတတ်လျှင်ကား ဟုတ်နိုင်ဖွယ်တော့ ရှိပါသည်။ အထက်ပါအကြောင်းအရာများကို အမှန်တကယ် နားလည်၍ လိုက်နာလျှင် ဒါနပြုခြင်းအမှုသည် သံသရာလည်စေသည်ဟူသော အချက်ကို ရဲဝင့်စွာ ပယ်ရှားနိုင်မည်ဖြစ်သည်။ ထီးချိုင့် ဆရာတော်ဘုရားကြီး၏ အဖြေဖြင့်လည်း သက်သေပြရသော် သရဏ ဂမနတော ပဋ္ဌာယ သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နာ- နိဗ္ဗာန်ရအောင် ကျင့်တဲ့ အကျင့်မှန်လျှင် သရဏဂုံ ဆောက်တည်သည်ကစပြီး ဒါန၊ သီလ၊ ဝေယျာဝစ္စစသော ပုညကြိယာ ၀တ္ထုပါရမီစုဆယ်ပါး၊ စရိယသုံးပါးစတဲ့ တရားတွေဟာ ဓမ္မာနု ဓမ္မ ပဋိပါတ် ဟူသော လောကုတ္တရာတရားကိုးပါးလျော်သော အကျင့် အတွင်းကို ထည့်သွင်းနိုင်သည်ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့် တရားဓမ္မကို လေ့လာလိုက်စား ဖတ်ရှုကြသော ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့သည် ဒါနပန်းကို သာမန်ဒါန မဖြစ်စေပဲ မြင့်မြတ်သောဒါနပန်းအဖြင့် ပန်ဆင်နိုင်အောင် ပြုနိုင်ကြပါစေ။ မိမိတို့ ပြုနိုင်ကြသလို အများသူငှာ ကိုလည်း လက်ဆင့်ကမ်းနိုင်ကြပါစေ။ မိမိတို့ ပြုခဲ့သည်အားလျော်စွာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ၊ မသေရာ၊ မနာရာ၊ မအိုရာ၊ မြတ်နိဗ္ဗာန်ကိုလည်း လျင်မြန်သော အထောက်အပံ့ရရှိပါစေ။ ရရှိပြီးသော ၀ိပဿနာဉာဏ် တို့သည်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ လျင်မြန်စွာ ရလွယ်၊ ရောက်လွယ်၊ မျက်မှောင်ပြုနိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေ။
အမောင်(ရေနံ့သာ)

No comments:

Post a Comment