လူတိုင်းမှာ
အလင်းရောင်ဆိုတာ ကိုယ်စီရှိတတ်ကြပေမယ့် တစ်ချို့တစ်ချို့သော ဘ၀တွေမှာတော့ဖြင့်
ကံဇာတ်ဆရာ၏ လှည့်ကွက်များအောက်မှာ ဘ၀တွေ ခါးသီးလှစွာ ဘ၀အမှောင်ကျ နေကြပါတယ်။
ပန်းကလေးတွေလှသလို လူ့ဘ၀သည်လည်း လှပါတယ်။ ပန်းကလေးတွေမွှေးသလို လူ့ဘ၀သည်လည်း
မွှေးပါတယ်။ တစ်ချို့တွေမှာတော့ မလှခင် မမွှေးခင်မှာပဲ အကျည်းတန်စွာ ဘ၀ကို
ရုန်းကန်နေကြရတယ်။ မမွှေးခင် မလှခင်မှာပဲ ကြွေကျရရှာတယ်။ ဒီတရားတွေ အားလုံးဟာ
ဘ၀ဖန်တီးရှင် ကံတရားအတိုင်း လည်ပတ်နေကြရသော်ငြားလည်း လက်ရှိ မှောင်မိုက်နေသော
ဘ၀လေးတွေကို ကိုယ်စွမ်းအားရှိသော အလင်းဓါတ်တွေ ပေးစွမ်းသင့်လှပါတယ်။
မေတ္တာလက်များဖြင့် ကရုဏာလက်များဖြင့် နွေးထွေးစွာ ဖေးကူသင့်လှပါတယ်။ ဒီလို မေတ္တာ၊
ကရုဏာတရားတွေနဲ့အတူ အနာဂတ်အတွက် တပိုင်တနိုင် ကူညီဖေးမသူများမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊
ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများပင် ဖြစ်ပါတယ်။
ဘ၀ဒဏ်ရိုက်ချက်၏
ခံစားရသူများ အဆင်မပြေမှုများကို ကူညီစောင့်ရှောက်ကာ အနာဂတ်နိုင်ငံတော် အနာဂတ်
သာသနာအတွက် ကိုယ်စီတာဝန်ယူကာ ဆောင်ရွက်ကြသော စေတနာရှင်စွမ်းဆောင်သူများကိုလည်း
ကျွန်တော်တို့ အနေနဲ့ ၀ိုင်းဝန်းကူညီရမည်မှာ ဘ၀ကပေးသော တာဝန်ပင်ဖြစ်ပါတယ်။ ဘ၀လျှပ်စစ်မီး ထိန်ထိန်ငြီးစွာ အေးချမ်းစွာနေရသော
ကလေးငယ်များအတွက် ကျွန်တော်တို့ရဲ့ ဖယောင်းတိုင်မျှသော အလင်းဟာ
အဖိုးမတန်နိုင်ပေမယ့် ဘ၀ကံဆင်းရဲရှာတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ
မိဘမဲ့ဂေဟာမှ ကလေးလူငယ်လေးများအတွက်တော့ အဖိုးမဖြတ်နိုင်သော အလင်းတန်းသဖွယ်
ဖြစ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကိုယ့်မှာရှိတဲ့
အလင်းတွေကိုသာ သူတို့လေး တွေဆီ ဖြန့်ဝေပေးနိုင်ဖို့က အဓိကပါပဲ။
ဘာသာရေးအသိအလင်းတွေ၊
ခေတ်ပညာအလင်းတွေ၊ အထွေထွေဗဟုသုတ အလင်းတွေ စွမ်းအားရှိသရွေ့ ပေးစွမ်းသင့်ပါတယ်။
ဒီလိုပေးစွမ်းနိုင်ဖို့အတွက် သူတို့လေးတွေရဲ့ ပင်ကိုယ်သဘော သဘာဝကိုလည်း
သိထားသင့်ပါတယ်။ ကလေးငယ်အားလုံး၊ ကျောင်းသူကျောင်းသားများအားလုံးမှာ
စွမ်းရည်(၇)မျိုး ကိုယ်စီ ရှိနေကြတယ်လို့ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့်
ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner က လေ့လာ
တွေ့ရှိချက်များပေါ်တွင် အခြပြုထားတင်ပြထားသည်ကို မှတ်သားရပါတယ်။ (၇)မျိုးလုံး
ရှိသည့်ထဲက တစ်မျိုးမျိုး၊ သို့မဟုတ် တစ်မျိုးထက်ပို၍ ပိုမိုထက်မြက်
ထူးချွန်နေတတ်ကြပါတယ်။ အချို့မှာ စွမ်းရည်ဆိုင်ရာ အားနည်းချက်များ ရှိနေတတ်ပြီး
ပြုပြင်မရနိုင်ဘူးလို့ ယူဆကြပေမယ့် အားပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းနှင့်
လေ့ကျင့်သင်ကြားခြင်းများဖြင့် လူတိုင်းပင် စွမ်းရည်အမျိုးမျိုး
ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း ဂါဒ်နာမှ အကြံပြုထားပါတယ်။
စွမ်းရည်တွေဟာလည်း
အချင်းချင်းအပြန်အလှန် ဆက်နွယ်လျှက် ရှိနေပါတယ်။ လူတိုင်း မွေးရာပါ ဗီဇသဘာဝနဲ့
ကွဲပြားခြားနားသော ဉာဏ်ရည်၊ စွမ်းရည်များ၏ သဘောသဘာဝကို သိရှိနားလည်စေရန်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ၏ စာသင်ကျောင်းများမှာ အဓိကအားဖြင့် လေ့ကျင့်သင်ကြားတဲ့
(၁) ယုတ္တိဗေဒ-သချာင်္စွမ်းရည် (logical-mathematical) နှင့်
(၂) ဘာသာစွမ်းရည် (Linguistic) အပြင်
(၃) တေးဂီတစွမ်းရည် (Musical)
(၄) ပုံဖော်မှုစွမ်းရည် (Spatial)
(၅) ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)
(၆) လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Interpersonal)
(၇) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည်
(Intrapersonal)
(၈) သဘောသဘာဝတရားကို ချစ်မြတ်နိုးခံစားတတ်မှုစွမ်းရည် (Naturalistic)
(၉) ပြန်လှန်တွေးတောစဉ်းစားနိုင်မှုနှင့် ဒဿနိကဗေဒစွမ်းရည်
(Existentialist) တို့ကိုလည်း
ထည့်သွင်းသင်ကြားလျှက်ရှိပါတယ်။
ဒီစွမ်းရည်တွေကို
ဖွံ့ဖြိုးတိုးတက်ဖို့ တစ်နေ့တာ စာသင်ချိန်တွေမှာ လေ့ကျင့်သင်ကြားပေးနိုင်ဖို့
အရေးကြီးလှပါတယ်။ ဒီစွမ်းရည်တွေ ဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိရဲ့ အနာဂတ်လမ်းကို
ထိုကလေးငယ်လေးများ လွယ်ကွယ်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်တွေ
မြင့်မားလာစေဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှလည်း ရည်ရွယ်ချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပါတယ်။
ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း၏ရည်ရွယ်ချက်များမှာ
၁။ ဆင်းရဲချမ်းသာမရွေး အရေး အဖတ် အတွက် အခြေခံပညာနှင့်
ခေတ်ပညာတတ်မြောက်စေရန်။
၂။ ပညာသင်ကြားရာ၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။
၃။ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး
သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။
၎။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ
လိုက်နာခံယူတတ်စေရန်။
၅။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား
သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန် ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်။
၆။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။
တို့ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးများ၏
မေတ္တာတရားကြီးမားမှုနှင့် အနာဂတ်အတွက် မျှော်မှန်းမှုကို ဉာဏ်မှီသမျှ တင်ပြလိုပါတယ်။
ဆရာတော်ဘုရားကြီးများ၏ မေတ္တာတရားကို ကျွန်တော်မည်သို့မျှ မမှီနိုင်သလို
အနာဂတ်အတွက် မျှော်မှန်းချက်ကိုလည်း ကျွန်တော်ဉာဏ်ဖြင့် ဘယ်လိုမှ မမှန်းဆနိုင်ပါ။
ယခုတင်ပြသည်မှာလည်း ကျွန်တော်လက်ရှိ ဉာဏ်စွမ်းရှိသမျှသော နွားခြေအိုင်မှ
ရေဗွက်မျှသာဖြစ်ပါတယ်။ ဘ၀ဆိုတဲ့ ဇာတိကို ရလာလျှင် ဒုက္ခဆိုသော ဆင်းရဲခြင်းကို
ရလာတာအမှန်ပါပဲ။ သို့ပေမယ့် လောကီပညတ်ချက်အရ အမျိုးဇာတ် ငွေကြေးဥစ္စာ စသဖြင့်
မပြည့်စုံသော မိသားစုမှာ ကြီးပြင်းလာသူတွေကို ဘ၀ကံဆိုးတယ်လို့ ဆိုကြပါတယ်။ ဒီလို
ဆင်းရဲသူတွေအဖို့ ခေတ်ပညာအစရှိသော ပညာရပ်တွေမှာ လွယ်ကူအဆင်ပြေစွာ
တက်ရောက်သင်ကြားနိုင်ဖို့ဆိုသည်မှာ အင်မတန်မှပင် ခက်ခဲလှပါတယ်။ တံငါနားနီး
တံငါဆိုတာ မဖြစ်တန်ကောင်းပါဘူး။ သို့အတွက် ဆင်းရဲချမ်းသာမရွေး အရေး
အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်ဆိုသော ရည်ရွယ်ချက်ပါရှိနေတာပါ။
ဒီရည်ရွယ်ချက်ကို
ကြည့်ခြင်းအားဖြင့် တသားတည်းဖြစ်သော မေတ္တာတရား ကရုဏာတရားကို မြင်နိုင်ပါတယ်။
အခြေခံ ပညာနှင့် ခေတ်ပညာတတ်မြောက်ရန်သင်ကြားပေးမှုဟာလည်း ယုတ္တိဗေဒ-သချာင်္စွမ်းရည်
(logical-mathematical) နှင့် ဘာသာစွမ်းရည် (Linguistic)ကို
မြှင့်တင်ပေးရာရောက်တာပါပဲ။ ဘာသာစွမ်းရည်ဆိုရာမှာ ဘာသာစကားတွေ၊ အနုပညာ၊ စကားပြော၊
အရေး၊ အဖတ်နှင့် နားထောင်နိုင်ခြင်း စွမ်းရည်တွေက အဓိက အချက်တွေပါပဲ။
ကိုယ့်ကျင့်တရား ကောင်းမွန် ပြီး အများအကျိုး နိုင်ငံအကျိုး
သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက်
အင်မတန်မှကို လေးနက်ကောင်းမွန်သော အချက်ပါ။ ကိုယ်ကိုတိုင် စွမ်းနိုင်ပြီးတော့
သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ဖို့ဆိုတာ ကိုယ်ကိုတိုင် သီလတရား ကိုယ်ကျင့်တရား
ကောင်းဖို့လိုပါတယ်။
ဒီလို
စိတ်ဓါတ်ကောင်းတွေ စွမ်းရည်ကောင်းတွေ ဖြစ်လာအောင် ဗုဒ္ဓအဆုံးမတွေနဲ့ အညီ
သွန်သင်ဆုံးမ ပေးနေတာဟာ အင်မတန်မှကို ပီတိဖြစ်စရာ တစ်ခုပါပဲ။ ဒီလို သင်ကြား
လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်(Interpersonal)
မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည် (Intrapersonal)တွေကို
မြှင့်တင်ပေးတာ ထက်ပိုပါဦးမယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍
မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်ဆိုတဲ့ နေရာမှာ ယဉ်ကျေးမှု တော်တော်များများဟာ ဗုဒ္ဓတရား၏
အဆုံးအမများနှင့် ဆက်နွယ်ပေါက်ဖွားလာတာပါ။ ထို့ပြင် ပန်းဆယ်မျိုး အစရှိသော အနုပညာ
လက်ရာတွေကလည်း ကမ္ဘာမှာ လေးစားစရာ ဂုဏ်အင်လေးတွေပါ။ ဒီလို ယဉ်ကျေးမှုကို
ချစ်မြတ်နိုးတတ်မှ နိုင်ငံနှင့်လူမျိုးကိုလည်း ချစ်မြတ်နိုးတတ်ပါလိမ့်မယ်။
ဒီလို
လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် တေးဂီတစွမ်းရည်(Musical)၊
ပုံဖော်မှုစွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)တွေနဲ့
မြင့်မားလာမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာ မှတ်သား
သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ
ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ် ချက်မှာ ကြီးမားကျယ်ပြန့်လွန်းပါတယ်။ အနည်းငယ်
ဖော်ပြရလျှင် ဗုဒ္ဓအဆုံးအမများလိုက်နာခြင်းဟာ နားလည်မှု စွမ်းရည်ကို
အားကောင်းလာအောင် ကျင့်ကြံနေတာပါ။ မိဘနဲ့ သားသမီးကြား၊ ဆွေမျိုးမိတ်ဆွေကြား၊
ဆရာနှင့်တပည့်ကြား၊ လင်နှင့်မယား စတဲ့ သူ့အပိုင်းလိုက်တိုင်းမှာ
နားလည်မှုစွမ်းအားရှိမှ နေရာတိုင်း အဆင်ပြေနိုင်ပါတယ်။ ဒီလို
နားလည်နိုင် အောင် ဗုဒ္ဓတရားတော်တွေကို နှလုံးသွင်းပါမှ
နားလည်မှုစွမ်းအားကောင်းနိုင်ပါတယ်။
ဆရာကောင်းကို ဆည်းကပ်ပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။
ကိုယ်တိုင်ကျင့်ကြံပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။ နားလည်မှု
စွမ်းအားတိုးတက်လာမှ အနာဂတ်သာသနာတော်ကို တာဝန်ယူလိုသော တာဝန်ယူရဲသော
သားကောင်းသမီးကောင်း ဖြစ်လာနိုင်မှာပါ။ ဒါမှလည်း အမျိုးဘာသာ သာသနာကို
ထိန်းသိမ်းစောင့်ရှောက်လိုသော ထိန်းသိမ်း စောင့်ရှောက်နိုင်သော သားကောင်းများ
ဖြစ်လာမှာပါ။ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ
စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner ၏ လေ့လာတွေ့ရှိချက်များထက် သာလွန်လှသော
ဗုဒ္ဓတရားတော်များကို အခြခံကာ ပြုစု၊ ပျိုးထောင်၊ လေကျင့်သင်ကြားလျက်ရှိသော
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်း များ၊ မိဘမဲ့ကလေးကျောင်းများကို
မိမိတို့အနေဖြင့် တတ်အားသရွေ့ထောက်ပံ့ကူညီရမည်မှာ တိုက်တွန်းစရာပင်
လိုမည်မထင်ပါပေ။
ဤစာကို
အနည်းကျဉ်းဖတ်ရုံမျှဖြင့် သိမည်ဟု ကျွန်တော် ထင်မိပါတယ်။ ဒီလိုကျောင်းများ
ကိုယ်တိုင် ထူထောင်နိုင်လျှင်ကား ပို၍ပင် ကောင်းပါတယ်။ ဖယောင်းတိုင်အလင်းလည်း
သူ့အလင်းစွမ်းအား ရှိသလောက်၊ ပိုးစုန်းကြုးဆိုလျှင်လည်း သူ၏အလင်းစွမ်းအားရှိသလောက်
ဖြန့်ဝေဖို့သာ အဓိကကျပါတယ်။ ဤကဲ့သို့ ပြုစုပျိုးထောင်ပေးသောကျောင်းများစွာမှ
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် တိုင်းရင်းသား ပေါင်းစုံ
ကလေးငယ်များကို အခမဲ့ ပညာသင်ကြား ပေးလျက်ရှိတဲ့ ပျဉ်းမပင် အာယုဒီဃပရဟိတ
ပျိုးဥယျာဉ်စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်သို့ (၁၇.၁၀.၂၀၀၉)ရက်နေ့ နေ့ခင်း
(၁)နာရီတွင် သွားရောက်ကာ လှူဒါန်းထောက်ပံ့ခဲ့ကြပါတယ်။ ကလေးငယ် (၁၁၀)ဦး အတွက်
ကျောင်းစိမ်းဝတ်စုံ (၁)စုံစီ၊ ကိုရင်ငယ် (၃၇)ပါးအတွက် သင်္ကန်း(၁)စုံစီနှင့်
ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြပါတယ်။ ထိုသို့လှူဒါန်းမှုတွင်
အလှူပစ္စည်းစာရင်း၊ ကျသင့်ငွေနှင့်တကွ မှတ်တမ်းဓါတ်ပုံများကို ၀မ်းမြောက်ဝမ်းသာ
သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အသေးစိတ် ဖော်ပြအပ်ပါသည်။
သတ္တ၀ါအပေါင်း
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြ၍ စိုးရိမ်သောကဗျာပါဒ
ကြောင့်ကြကင်းကြပါစေ...
No comments:
Post a Comment