သတ္တ၀ါအားလုံးတို့၏ ဆရာသခင်ကျေးဇူးရှင်ဖြစ်သော
သတ္ထာဒေ၀မနုဿာနံဂုဏ်တော်ပိုင်ရှင် ဘုရားရှင်ကိုယ်တော် မြတ်ကြီးအား
တပည့်တော်ရှိခိုးပါ၏။
ဒီနေ့မှာတော့
ဒါနနှင့်ပတ်သက်၍ ကျွန်တော်နားလည်သမျှကို ဆက်ပြီးဝေငှပါဦးမယ်။ ပေးကမ်းစွန့်ကြဲတဲ့
နေရာမှာ ကျွဲကူးရေပါဖြစ်ဖို့အရေးကြီးပါတယ်။ လှူသာလှူလိုက်ရတယ်။ မယူတတ်တော့
ဘာမှမရတဲ့ အဖြစ်မျိုးတွေဖြစ် လေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီးစဉ်း
စားကြည့်ပေါ့လေ။ အလှူပေးပြီဆိုရင် ကိုယ်ချစ်တဲ့သူကိုပဲ
ရွေးပြီးဖိတ်တာလား။ ကိုယ်နဲ့ စကားမပြောတဲ့သူ၊
မခေါ်မပြောတဲ့သူတွေကိုရော ဖိတ်ကြားမိရဲ့လား။ လူရွေးနေပြီဆိုရင်တော့
အလှူပေးတဲ့ မိမိစိတ်ထားဟာ မြင့်မြတ်မှုမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။
ဒါနသုံးမျိုးရှိကြောင်းကို ၀ိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ပါရှိကြောင်းမှတ်သားဖူးပါတယ်။ တစ်ချို့ အလှူတွေက အနိမ့်စား အလှူဖြစ်တဲ့ ဟီနဒါန၊ တစ်ချို့က အလယ်အလတ် မဇ္ဈိမဒါန၊ တစ်ချို့ကတော့ အမြတ်စား ဒါန ပဏီတဒါန ဆိုပြီးရှိပါတယ်။ ဘာကြောင့် အနိမ့်စားဒါန စာရင်းဝင်သွား ရတာလည်းဆိုတော့ အလှူကို အကြောင်းပြုပြီးတော့ ထင်ပေါ်ကြော်ကြား မှုကိုလိုချင်ကြတယ်။ ဆိုလိုတာက အလှူကိုခုတုံးလုပ်ပြီး နာမည်ကောင်းခံချင်လိုက်တဲ့စိတ်ဟာ အနိမ့်စား အလှူဖြစ်ပါတယ်။ ဒါမျိုးတွေလည်း လောကမှာ အများအပြားရှိတာပါပဲ။ မွေးနေ့ပွဲကြီး တွေ၊ ပါတီပွဲကြီးတွေမှာ ကိုယ်ကြိုက်တဲ့သူတွေကို ရွေးဖိတ်ပြီးတော့ နာမည်ဂုဏ်သတင်းကြီးအောင် လုပ်တဲ့ပုံစံမျိုးတွေပါ။ ဒီနေရာမှာ တစ်ခုကောက်ချက်ချရမှာက နာမည်ဂုဏ်သတင်းကြီးချင်လို့ မလှူနဲ့ဆိုတာပဲ။ မိမိအလှူကို နာမည်ဂုဏ် သတင်းလောက်ကလေးနဲ့လဲမစားနဲ့ ဆိုတာပဲ။ ဒါမျိုးက မလှူသင့်တဲ့ ဒါန။
နောက်တစ်ချို့သောသူတွေက
နာမည်ဂုဏ်သတင်း ကြီးချင်လို့တော့မဟုတ်ဘူး။ ဒါကိုတော့ သူစိတ်မ၀င်စားပါဘူး။
သူစိတ်ဝင်စားတာက ဒါနရဲ့အကျိုး။ ဥပမာ။ ။လူတစ်ယောက်ကို ထမင်းကျွေးဘူးရင်
နောင်တစ်ချိန် သူလည်းထမင်းပြန်စားရလိမ့်မယ်လို့ ယုံကြည်ချက်နဲ့ လှူတယ်။
အလှူတစ်ခုပြုပြီဆိုရင်တော့ အလှူနဲ့တူတဲ့ ကံတူအကျိုးပေးက ရကိုရမှာပါပဲ။
မလိုချင်လို့မှမရတာ။ မကောင်းမှုလုပ်ရင်လည်း မကောင်းတာကို ပြန်ရမှာပဲ။
ဗေဒင်မေးမနေနဲ့။ ယတြာတွေချေမနေနဲ့။ ကောင်းမှုလုပ်ပြီးရင်လည်း ဘာကိုပြန်ရရပါလို၏လို့
ဆုတောင်းမနေနဲ့။ တူသောအကျိုးကရမှာပဲ။ မကောင်းမှုလုပ်တုန်းကတောင်
ဤမကောင်းမှုကြောင့် မကောင်းတာရ ရပါလို၏ လို့ဆုမတောင်းပဲ ပြည့်နေတာကို
ကောင်းတာလုပ်မှ ဤကောင်းမှုကြောင့် ကောင်းတာရ ရပါလို၏ လို့ဆုတောင်းနေဖို့
မလိုလောက်ဘူးထင်ပါတယ်။ ဒီလိုပုံစံလှူတဲ့သူကို မဇ္ဈိမဒါန အလယ်အလတ်တန်းစာ
ကုသိုလ်ဖြစ်တယ်။ ဒါလည်း အမြတ်စားမဟုတ် သေးပါဘူး။
တစ်ချို့သောသူတွေကတော့
ပါရမီမြောက် ဒါနပြုကြပါတယ်။ သူတို့အလှူကတော့ တစ်ကယ့် ကို မြတ်သောအလှူပါပဲ။
ဘာကြောင့်ပါရမီမြောက်ရတာလဲဆိုတော့ ၁) နိဗ္ဗာန်ကိုဦးတည်
တယ်။ ၂) သူ့အကျိုး ကိုဦးစားပေးရမယ်။ ၃) မိမိအကျိုးကို ဦးစားမပေးရဘူး။
ဆိုလိုတာက ကုသိုလ်တစ်ခုပြုပြီးတိုင်းမှာ နိဗ္ဗာန်မှတစ်ပါး တစ်ခြားသော ဘုံဘ၀တွေ
မတောင့်တနဲ့။ ပကာသနတွေအတွက်နဲ့ ဒါနမလုပ်နဲ့။ လုပ်တဲ့ ဒါနတိုင်းဟာ
နိဗ္ဗာန်ရောက်ကြောင်းတွေပဲ ဖြစ်နေရမယ်။ မြတ်စွာဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်
ကာလတစ်လျှောက် သဗ္ဗညုတဉာဏ်တော်ကြီးကိုပဲ ဦးတည်ပြီး လုပ်တယ်။ လုပ်တဲ့အလှူတွေကလည်း
မိမိအသက်ကို ငဲ့ကွက်မှုတစ်ခုမှ မရှိဘူး။
တစ်ခါတုန်းက
ကျားမကြီးတစ်ကောင် သားလေးတွေနို့စွဲနေလို့ ပိန်းချုံးပြီး အားအင်တွေ ပြတ်တောက်လို့
သေလုမျောပါးဖြစ်နေတယ်။ သူသေရင် သူ့မွေးထားတဲ့သားတွေပါ သေရတော့မယ်။ ဒီအခါမှာ
ဘုရားအလောင်းတော်က ကျားရှေ့မှာအလျားမှောက်လို့ မိမိခန္ဓာကိုယ်ကို
ကျားအစားထိုးပြီးကျွေးခဲ့ဘူးတယ်။ ကြည်ညိုလိုက်ပါဘိ။ မယုံကြည် နိုင်စရာပဲ။
မြတ်စွာဘုရားရှင်ဟာ ဘယ်တုန်းကမှ မိမိအကျိုးအတွက် အလှူဒါန ပြုခဲ့တာမရှိဘူး။
များစွာသော ဝေနေယျသတ္တ၀ါတွေကို ၃၁ ဘုံလှောင်အိမ်အတွင်းက လွတ်ကင်းအောင် ကယ်မဖို့
အသက်ကိုပေးပြီးတော့တောင် ဒါနပြုခဲ့တဲ့ဘ၀တွေဟာ မနည်းပါဘူး။ သူတော် ကောင်းဖြစ်ချင်တဲ့သူဟာ သူတော်ကောင်းတွေ ကျင့်တဲ့အကျင့်ကို
ကျင့်ဖို့ရန် ၀န်းမလေး ရပါဘူး။
တစ်စတစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏။
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ အမိန့်ရှိခဲ့တာပါ။ မှတ်သားဖွယ်ရာအလွန်ကောင်းပါတယ်။ ပစ္စည်း ၀တ္ထုတွေမှာ ငါသာပိုင်၊ ငါသာဆိုင်တယ်ဆိုတဲ့စိတ်နဲ့ ဆုပ်ကိုင်မထားပဲ တစ်စတစ်စ စွန့်လွှတ်နိုင်ရပါမယ်။ ဒီနေရာမှာ ပစ္စည်းဥစ္စာ၊ ရွှေငွေတွေသာမကပဲ ငါပိုင် ငါဆိုင် တယ်ထင်နေတဲ့ အတ္တဆန်တဲ့ စိတ်တွေနဲ့ အတူ၊ ငါ့ကိုယ်ငါ့ဟာဆိုတဲ့ အမြင်မှား ဒိဋ္ဌိတွေကို စွန့်နိုင်ရပါမယ်။ ဒီလိုမကောင်းတဲ့ တရားတွေကိုလည်း တစ်စပြီးတစ်စ စွန့်ပစ်နိုင်ရင် ချမ်းသာပါတယ်။ မစွန့်နိုင်သေးသမျှ မချမ်းသာပါဘူး။ ချမ်းသာတယ်ဆိုတာ ငွေကြေး ဥစ္စာပေါကြွယ်ခြင်းကို ဆိုလိုတာမဟုတ်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိခြင်းကိုသာ ဆိုခြင်းဖြစ်သည်။
ကိုယ့်မှာ
မကောင်းတဲ့အမူအကျင့်တွေရှိနေပါကလည်း တစ်စတစ်စစွန့်နိုင်က ချမ်းသာပါတယ်။ ဘ၀တွေ
ရှိနေဦးမယ်ဆိုရင် အသေ၀နသတ္တိနဲ့ ကုသိုလ်ပြုချင်စိတ်တွေဟာ မွေးစကည်းက
ဖြစ်ပေါ်လို့နေပါလိမ့်မယ်။ အလှူဒါန နဲ့ပတ်သက်ရင် လှူတတ်လေ ချမ်းသာလေပါပဲ။
အလှူမတတ်တဲ့ အခါမှာတော့ အယုတ်၊ အလတ်၊ အမြတ်တွေ ကွဲကုန်ပါတော့တယ်။ ဒီတော့
နည်းနည်းလေးပင်ဖြစ်ပါစေ။ လှူတတ်ပါက နိဗ္ဗာန်ကိုပင်ရရှိနိုင်သောကြောင့် ညောင်စေ့
လောက်လှူပေမယ့် ညောင်ပင်ကြီးလောက်ရတယ်လို့ အရပ်ထဲမှာပြောကြတာပါ။ မလှူတတ် တော့လည်း
ညောင်ပင်းကြီးလောက် လှူပြီးတော့ ညောင်စေ့လောက်တောင်မရတာတွေ ဖြစ်ရပါတယ်။
အချုပ်အားဖြင့်တော့
လှူတဲ့အခါတိုင်း ကျွဲကူးရေပါဖြစ်ဖို့ အရေးကြီးကြောင်း သတိပေးရင်း
နိဂုံးချုပ်လိုက်ပါတယ်။ အလှူအမျိုးအစားတွေကိုတော့ နောက်နေ့မှ ဆက်ပါဦးမယ်။
အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
No comments:
Post a Comment