Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, February 14, 2013

သပ္ပုရိသ ဒါန



မိမိတို့ လှူဒါန်းခဲ့သော အလှူဒါနသည် သူတော်ကောင်းတို့ လှူဒါန်းသော အလှူဒါန၊ ပါရမီမြောက်သောဒါန ဖြစ်နေသည်ဆိုသည်ကို ပြန်လည်သုံးသပ် ဆင်ခြင်နိုင်စေရန် အနည်းငယ် တင်ပြလိုပါသည်။ သူတော်ကောင်းတို့ လှူဒါန်းသော ဒါနကို  သပ္ပုရိသဒါနဟု ခေါ်ဆိုပေသည်။
၁။ သဒ္ဓါယဒေတိ
ရတနာသုံးပါး၊ ကံကံ၏အကျိုးတရားတို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့် ပေးလှူခြင်း ဖြစ်ပါသည်။ မှန်ပေသည်။ ကျွန်တော်တို့သည် ရတနာသုံးပါးနှင့် ကံကံ၏အကျိုးတရားကို ပညာဉာဏ်ဖြင့် ဆင်ခြင် လှူဒါန်းခြင်းဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အလှူရှင်မျိုးမျိုးတို့အား ကိုယ်စိတ်နှစ်ပါး ကြည်လင်ရွှင်ပြ ၀မ်းမြောက်ကြည်နူး ပီတိအထူးဖြင့် နိဗ္ဗာန်သို့ဦးတည်၍ သဒ္ဓါပညာ ရှေ့သွားပြုကာ လှူဒါန်းသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်ပင် သဒ္ဓါယဒေတိနှင့် ပြည့်စုံသည်လည်း ဖြစ်ပေသည်။
၂။ သက္ကစ္စဒါနံဒေတိ
အလှူခံပုဂ္ဂိုလ်ကို ရိုရိုသေသေ မြတ်မြတ်နိုးနိုး တုပ်ဝပ်ကျိုးနွံလျက် လှူဖွယ်အစုစုတို့ကိုလည်း ကောင်းကောင်းမွန်မွန် ပြုပြင်စီမံ၍ လေးလေးစားစား ပေးလှူသည့် ဒါနမျိုးဖြစ်သည်။ ဤအချက်သည်လည်း ပြည့်စုံသည်သာ။ အလှူတစ်ခု စတင်လှူဒါန်းရန် စိတ်ရည်သန်ပြီးချိန်ကတည်းက အလှူအတွက် အကောင်းမွန်ဆုံး ဖြစ်အောင် လေးစားစွာ ဆောင်ရွက်ခဲ့ကြပေသည်။ အလှူခံအမျိုးမျိုးကိုလည်း နေရာအလိုက် အဆင့်အလိုက် ခွဲခြားသတ်မှတ်ခြင်းမရှိပဲ ရိုသေစွာ လှူဒါန်းခဲ့ကြချည်းသာ ဖြစ်သည်။ မိမိသည် ရိုရိုသေသေ လှူဒါန်းခြင်း ကောင်းမွန်စွာ လှူဒါန်းခြင်း လေးစားစွာလှူဒါန်းခြင်းစသော သတ္တိများသည် ကာယကံမြောက် ပြုလုပ်ကိန်းဝပ်ခဲ့သည်ဖြစ်၍ သံသရာတွင်လည်း ထို့နည်းတူ သတ္တိများ ပြန်လည်အကျိုးပေးမည်မှာ သာမာန်အတွေးဖြင့် သိနိုင်သည်မှာ ဧကန်ဖြစ်သည်။

၃။ ကာလေနဒါနံဒေတိ
အခါအားလျော်စွာ ပေးကမ်းလှူဒါန်းခြင်းမျိုးဖြစ်သည်။ ကာလေနဒါန၌ အကျယ်ချဲ့လျှင် အမျိုးစားခွဲ၍ ရေးနိုင်သော်လည်း ဤနေရာတွင် ဆင်းရဲခေါင်းပါးသော နေရာ၌ အစားအသောက်လှူဒါန်းခြင်း၊ နာမကျန်းဖြစ်သူများအား ဆေးဝါးများ ထောက်ပံ့ခြင်းစသော လိုအပ်သောနေရာတွေမှာ လိုအပ်သလိုလှူဒါန်းရန်သာ အခရာ ဖြစ်သည်။ အခြအနေ အချိန်ကာလပေါ်မူတည်၍ လှူဒါန်းခြင်းဖြစ်သည်။ ယခုလက်ရှိ ချမ်းသာသော်လည်း ဆင်းရဲစွာ စားသောက်နေရခြင်း၊ ငွေချမ်းသာသော်လည်း ဆင်းရဲစွာနေထိုင်ရခြင်းမျိုးသည် ကာလေနဒါန ချို့တဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ လူငယ်များအနေနှင့်ကား အလိုအပ်ဆုံးသော နေရာများကို ပညာဉာဏ်ဖြင့် ဆင်ခြင် လှူဒါန်းသည်ဖြစ်သည့်အတွက် ကာလေနဒါနလည်း မြောက်ပေသည်။ ဘုရားတည် ကျောင်းဆောက်ရန်သာ ရည်သန်ခဲ့ကြသည်မဟုတ်ပဲ လိုအပ်သောနေရာများအား ကြိုးစားပန်းစား အားထုတ်လှူဒါန်းခဲ့ကြချည်းသာ ဖြစ်ပါသည်။
၎။ အနဂ္ဂဟိတ စိတ္တောဒါနံ ဒေတိ
လှူဖွယ်ဝတ္ထုပစ္စည်းအပေါ် တွယ်တာငဲ့ညှာမှုမရှိ၊ မစွန်းငြိဘဲ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်းလှူဒါန်းသည့် ဒါနမျိုးဖြစ်သည်။ ဤဒါနမျိုးသည် သိမ့်မွေ့နက်နဲပေသည်။ ဤအမှုမျိုးကိုလည်း ကျွန်တော်တို့ လူငယ်များ ပြုနိုင်ခဲ့ပေသည်။ အကြောင်းမူကား ကျွန်တော်တို့သည် သူတစ်ပါးနှင့် ပြိုင်ဆိုင်လိုသော၊ အနိုင်ယူလိုသော၊ အချီးမွမ်းခံလိုသော၊ အလှူရှင်အဖြစ် ကြွားဝါလိုသော၊ သံသရာတစ်လျှောက်တွင် ဘ၀စည်းစိမ်ကို ရယူလိုသော ရည်ရွယ်ချက်များဖြင့် အကုသိုလ်၊ တဏှာ၊ ရာဂ၊ မာန တရားဆိုးများကို ပယ်သတ်၍ လှူဒါန်းခြင်းဖြစ်သောကြောင့် ဖြစ်သည်။ အမှန်တကယ်လိုအပ်သော နေရာများတွင် အားလုံးအပေါ် ငါစွဲကင်း၍ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ အရင်းခံ၍သာ လှူဒါန်းခြင်းဖြစ်သည်။ အများအကျိုးစီးပွားကို အမှန်တကယ်လိုလားသော ဆန္ဒအမှန်ဖြစ်သည်ကို သစ္စာဖြင့် ပြရဲလောက်အောင် ခိုင်မာသောကြောင့်ဖြစ်သည်။ ယခုလို ရေးသားခြင်းမှာလည်း ကြွားဝါလိုခြင်းမဟုတ်၊ မြှောက်ပင့်လိုခြင်းမဟုတ်ပဲ မိမိတို့လှူဒါန်းခဲ့သော အရာသည် အမှန်ပင် ဤသို့ဖြစ်သည်ဆိုတာကို ထောက်ပြ ပြောပြရုံအဆင့်သာ ဖြစ်ပါသည်။ ဆင်ခြင် စဉ်းစားလျှင် တွေ့မြင်နိုင်ပေမည်။ အမှန်ပင် မိမိအကျိုးကို မဦးတည်ခြင်း၊ အများအကျိုးကို ဦးတည်ခြင်း၊ နိဗ္ဗာန်ကို ဦးတည်ခြင်းဖြစ်၍လည်း ပါရမီမြောက်သည်မှာ သေချာလှပေသည်။ ပါရမီဖြည့်ကျင့်သောသူသည်သာလျှင် လူတော်လူကောင်း သူတော်ကောင်းဖြစ်ရန် ဖြည့်ကျင့်ရာ ကျပေသည်။ ဤသည်ပင်လျှင် ၀ိပဿနာတရားအားထုတ်သည့်နည်းတူ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်နေပါသည်။
၅။ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ
မိမိကိုယ်ကိုလည်း မထိခိုက်စေ၊ မိမိဂုဏ်ကိုလည်း မထိခိုက်စေ၊ သူတစ်ပါးဂုဏ်ရည်ကိုလည်း မထိခိုက်စေဘဲနှင့် လှူဒါန်းခြင်းဖြစ်သည်။ ဤဒါနမျိုးဖြစ်ရန်အတွက် လှူသည့်အခါတွင် မိမိကိုယ်ကို ဘ၀င်မြင့်ခြင်း၊ သူတစ်ပါးကိုယ် နှိပ်ချခြင်းများကို အလျဉ်းရှောင်ကြဉ်ခဲ့ပါသည်။ ဥပမာအနေဖြင့် လှူဒါန်းကြသော အဖွဲ့အုပ်စုများစွာ ရှိသော်လည်း သူတို့အလှူသည် ဘာပြောပလောက်ပါ့၊ တို့များဖြင့် သူတို့ထက်သာပါ့ စသည်ဖြင့် သူတစ်ပါးအား နှိပ်ချပြောဆိုခြင်းများ၊ ကြံစည်ခြင်းများ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်၍ ထိုဒါနနှင့် ပြည်စုံသည်သာဖြစ်ပါသည်။ မိမိတို့ လှူဒါန်းသော အလှူသည် အများကောင်းကျိုးနှင့် နိဗ္ဗာန်သို့ဦးတည်လှူဒါန်းသည်ဟု အထက်ပါ ဖော်ပြချက်ကို ကြည့်ယုံမျှဖြင့် မည်သည်ဂုဏ်ကိုမှ မထိခိုက်စွာ လှူဒါန်းခဲ့သည်မှာ သေချာပါသည်။
ယခုလို ပြုလုပ်ခဲ့သောဒါနများသည် သပ္ပုရိသဒါနခေါ် သူတော်ကောင်းတို့ပြုလုပ်သောဒါန (တစ်နည်း) ပါရမီထိုက်သောဒါန ဖြစ်သည်ကို ပါဝင်လှူဒါန်းကြသော ညီအစ်ကို မောင်နှမအားလုံး ဆင်ခြင်နှလုံးသွင်းတတ်စေရန် နှင့် လှူဒါန်းခဲ့သော မှတ်တမ်းများကိုပါ ကြည့်ရှု၍ သဒ္ဓါတရားပွားများကာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြစေရန် ရည်သန်ရေးသားလိုက်ပါသည်။ နောက်နောက် လများစွာတွင်လည်း ညီအစ်ကိုမောင်နှမများ တက်ညီလက်ညီဖြင့် လက်တွဲကာ အမှန်တကယ် လိုအပ်လျှက်ရှိသော နေရာများအား ဆက်လက်ပါဝင်လှူဒါန်းသွားကြပါရန် မေတ္တာရှေ့ထား၍ တိုက်တွန်းရေးသားအပ်ပါသည်။ စာဖတ်ရှုသူအားလုံး ကိုယ်စိတ်နှဖြာ ရွှင်လန်း ချမ်းမြေ့ပါစေ။
အမောင်(ရေနံ့သာ)

No comments:

Post a Comment