လောကမှ
လူတွေ ကိုယ့်မှာရှိနေတဲ့ လက်တွေကိုကမ်းလို့ မျှဝေသူက မျှဝေနေတယ်၊
တစ်ချို့တွေက မမြင်ချင်ယောင် ဆောင်နေကြတယ်၊ တစ်ချို့တွေက သိကို မသိကြတာ။
မပေးလိုတာ မစွန့်ကြဲလိုတာ မလှူဒါန်းလိုတာတွေက လှူဒါန်းမှုရဲ့
အဆိပ်တောက်တွေပါပဲ။ ဒါနတရားရဲ့ အန္တရာယ်တွေပါပဲ။ လူအများ ဘာအတွက်ကြောင့်
မလှူဖြစ်ကြတာလည်း စဉ်းစား ကြည့်လျှင် အလှူတစ်ခု မပေးလှူဖြစ်ခြင်းဟာ-
(၁) ပစ္စည်းဥစ္စာကို နှမြောဝန်တိုတဲ့ မစ္ဆရိယပုဂ္ဂိုလ်၊
(၂) ကာမဂုဏ်အကြား၌ မေ့လျော့နေသော ပမာဒပုဂ္ဂိုလ် ဆိုပြီး နှစ်မျိုးရှိမှာပါ။
မစ္ဆရိယဆိုတာ
ဝန်တိုခြင်း၊ ၀န်တိုတဲ့ ပုဂ္ဂိုလ်ပါ။ မြန်မာစကားအဓိပ္ပါယ် အနှစ်သားအရ
ဝန်ဆိုတာ သူတစ်ပါး ကြီးပွား ချမ်းသာတာကို ၀မ်းမြောက်ရမည့်တာဝန် ဖြစ်ပါတယ်။
လူတိုင်း လူတိုင်းမှာ တာဝန်အသီးသီးရှိကြရာမှာ ကိုယ့်ထက်သာ လွန်သူကို
အမှန်တကယ် ကျေကျေနပ်နပ် ၀မ်းမြောက်ရမည့်တာဝန် ဆိုတာလည်း ရှိရမှာပါ။
ကိုယ့်ထက်သာလျှင်လည်း ချီးမွမ်းရပါ့မယ်၊ မြှောက်စားရပါ့မယ်၊
ဝမ်းမြောက်ရပါ့မယ်။ ဒါမှ ၀န် ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ပြည့်စုံမှာပါ။ သို့ပေမယ့် ကိုယ့်ထက်သာ မနာလိုကြဘူး၊ ကိုယ်သာဖို့အတွက် သူတစ်ပါးကို နင်းတက်တတ်ကြတယ်။ ဒါဆိုရင် တာဝန်မသိသူ၊ ၀န်ဆိုတာနဲ့ မပြည့်စုံသူတွေပါပဲ။
တို
ဆိုတာကတော့ တွန့်တိုတာ၊ တိုတောင်းတာလို့ ယူရမှာပါ။ ဒီလိုဆိုလျှင်
မစ္ဆရိယစိတ်ရှိတဲ့သူဟာ ကိုယ်သာ ချမ်းသာ လိုတယ်၊ သူတစ်ပါး မချမ်းသာစေချင်ဘူး။
အလှူအရိပ်ရောင် မြင်ရင်ပဲ နည်းမျိုးစုံဖြင့် ရှောင်ကွင်းသွားတတ်တာပါ။
ထိုယ့်ထက်နိမ့်ပါးသူ၊ ဆင်းရဲနွမ်းပါးသူကို ပေးလှူလိုစိတ် မရှိဘူး။
သူတစ်ပါးဆီကလိုချင်တယ်၊ ကိုယ့်ဆီက ပေးဖို့ကျတော့ တွန့်တိုနေတယ်။ ဤအရာတွေသည်
မစ္ဆရိယ၏ သဘောအာနိသင်တွေပါပဲ။ သုတ်မဟာဝါ သက္ကပဉ္စသုတ်မှာ သိကြားမင်း က
ဘုရားရှင်အား-
အရှင်ဘုရား..သတ္တ၀ါတွေဟာ
ပင်ပန်းညှိုးနွမ်းခြင်း၊ ဒဏ်ထိခြင်း၊ ရန်များခြင်း၊ စိတ်မချမ်းသာခြင်း
မဖြစ်လိုပါဘဲလျက် ဖြစ်နေကြရပါတယ်၊ ဤသို့ ဒုက္ခမဖြစ်လိုပါပဲ ဒုက္ခဖြစ်ရခြင်းဟာ
ဘယ်လိုအကြောင်းကြောင့်ပါလဲဘုရား..လို့ လျှောက်ထား တယ်။ ဘုရားရှင်က-
အိုသိကြားမင်း…သတ္တ၀ါတွေဟာ ဒုက္ခမဖြစ်လိုပါပဲ ဒုက္ခဖြစ်ရခြင်းဟာ
တစ်ခြားအကြောင်းကြောင့် မဟုတ်ဘူး။ မစ္ဆရိယဆိုတဲ့ ကိုယ့်ပစ္စည်းအပေါ် မခွဲနိုင်
မခွါရက် တပ်မက်ခြင်းနှင့် ဣသာခေါ်တဲ့ သူတစ်ပါး ကြီးပွားချမ်းသာ တာ
မနာလိုခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဖြေကြားတော်မူပါတယ်။
ထို့ကြောင့်
ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့ ထို မစ္ဆရိယတရား ကင်းပါးအောင် တတ်အားသမျှ
အလှူဒါန ပြုသင့်ပါတယ်။ အလှူဒါန ပြုတယ်ဆိုရာမှာလည်း ဘုရားလောင်းတော်ဆိုလျှင်
ဖန်ခွက်တစ်ခုထဲမှ ရေကို မှောင်သွန်ချလိုက်သလို လှူဒါန်း လိုက်တာပါ။
မိမိကိုယ်တိုင်လည်း ထိုသို့ လှူဒါန်းဘူးသလားဆိုတာ ပြန်လည်
စဉ်းစားစေချင်ပါတယ်။ ဥပမာ- မရှိဆင်းရဲ ဒုက္ခရောက်နေတဲ့ ဘ၀၀ိပါတ်
ဒုက္ခတိရောက်နေတဲ့သူများကို လမ်းမှာ တွေ့ရင် ကိုယ့်ပိုက်ဆံအိတ်ကို
အကုန်မှောက်၍ လှူခဲ့ဘူးပြီလား။ ဘယ်အတိုင်းတာထိပါ လှူဒါန်းဘူးပြီလည်း
စသဖြင့် စဉ်းစားကြည့်စေချင်ပါတယ်။ မင်းကွန်းဆရာတော် ဘုရားကြီး ရွာတစ်ရွာမှာ
ကြွသွားတော့ အဘွားအိုတစ်ယောက်က သူတို့ရွာကို တိပိဋကဓရ ဆရာတော် ကြွလာတာ
ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ ရှိသမျှ ပစ္စည်းလေးကို ပုခုံးထက်က တံဘက်စွန်းမှာ
ချည်ပြီး လာကန်တော့ပါတယ်။ ပြီးတော့ ဆရာတော်ဘုရားကြီးကို
အကုန်လှူလိုက်ပါတယ်။
သူ့မှာ
ရှိသမျှ အကုန်ပါပဲတဲ့။ ဆရာတော်ကြီးက ဒကာမကြီး၏ သဒ္ဓါ တရားကို
ချီးမြှောက်သောအားဖြင့် အဘွားကို တစ်နာရီကြာကြာ တစ်ယောက်တည်း သီးသန့်
တရားချီးမြှင့်တော်မူပါတယ်။ အဘွားလှူလိုက်တာ စိန်၊ ရွှေ၊ လက်ဝတ်လက်စားများ
မဟုတ်ပါ။ သူ့မှာ ပိုင်ဆိုင်သော တစ်ကျပ်နှင့် ခုနှစ်ဆယ့်ငါးပြား မျှသာ
ဖြစ်ပါတယ်။ စဉ်းစားကြည့်လျှင် အရမ်းပီတိဖြစ်စရာ ကောင်းလှပါတယ်။
နည်းတာများတာ ပဓာနမဟုတ် အကုန်သွန်၍ လှူဒါန်းလိုသော စေတနာသာ အဓိက ဖြစ်ပါတယ်။
သို့ပေမယ့် အလှူဒါနတစ်ခုကြောင့် စိတ်ညစ်ညူးမှု မဖြစ်စေလိုပါ။
သူတစ်ပါးတိုက်တွန်းလွန်းလို့သာ လှူလိုက်ရတယ်၊ စိတ်က နှမြောနေတာမျိုးလည်း
မဖြစသင့်ပါ။ လှူမိတာ မှားပေါ့ဆိုတဲ့ အဖြစ်မျိုးလည်း မဖြစ်စေချင်ပါ။
ပစ္စည်းဥစ္စာပေါ် ပြန်လည် နှမြောနေလျှင်လည်း ပစ္စည်းလည်း မမြဲ၊ မိမိလည်း မမြဲ၊
ဘာမှ မမြဲသော သဘောကို ဆင်ခြင်ပါ။ အလှူဝတ္ထု နည်းသည်ဖြစ်စေ၊
အလှူဝတ္ထုညံ့သည်ဖြစ်စေ စေတနာ သဒ္ဓါတရားဆိုတဲ့ အရည်အချင်းကောင်းခဲ့လျှင်
မစ္ဆရိယကို အောင်မြင်နိုင်ပါတယ်။
မလှူဖြစ်သောအရာ
နှစ်မျိုးအနက် ဒုတိယဖြစ်တဲ့ ပမာဒပုဂ္ဂိုလ်ပါပဲ။ ပမာဒဆိုတာ မေ့လျော့နေတဲ့
ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကို မေ့တာလည်းဆိုလျှင် ကုသိုလ်ကောင်းမှု လုပ်ရမှာ
မေ့လျော့နေတာပါ။ မေ့လျော့ခြင်းမှာလည်း အကြောင်းတရား နှစ်မျိုးရှိပြန်ပါတယ်။
(၁)
အချို့သောပုဂ္ဂိုလ်များဟာ တိရစ္ဆန်များလိုပဲ ကုသိုလ်ဆိုတာလည်း မသိဘူး၊
ကုသိုလ်ရဲ့အကျိုးဆိုတာလည်း မသိဘူး၊ အကုသိုလ်ကိုလည်း မသိဘူး၊ အကုသိုလ်ရဲ့
အကျိုးကိုလည်း မသိဘူး၊ မသိတဲ့အတွက် ကုသိုလ်ကို မလုပ်ဘူး၊ ကုသိုလ်လုပ်ဖို့
မေ့နေတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ အ၀ိဇ္ဇာကြောင့် မေ့တဲ့လူ လို့
ခေါ်ဆိုပါတယ်။
(၂)
အချို့သော ပုဂ္ဂိုလ်တွေကတော့ ကံ-ကံရဲ့အကျိုးကို သိသင့်သလောက် သိကြပါတယ်၊
နို့ပေမယ့် စားဝတ်နေရေး အ တွက် ရုန်းကန်နေကြရတာနဲ့ ကုသိုလ်ပြုဖို့
မေ့လျော့နေကြတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ တဏှာကြောင့်မေ့တဲ့သူလို့
ခေါ်ဆိုပါတယ်။
မနုဿဒေါဘဂ္ဂံ ၀ါ ဟိ အပါယုပ္ပတ္တိ ၀ါ သဗ္ဗံ ပမာဒမူလကံ ယေ၀။
ဟိ-မှန်၏၊
မနုဿဒေါဘဂ္ဂံ ၀ါ- ဘုန်းကံမဲ့သော အောက်တန်းစား လူအဖြစ်သည်လည်းကောင်း၊
အပါယုပ္ပတ္တိ ၀ါ- ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်
အပါယ်၌ဖြစ်ရခြင်းသည်လည်းကောင်း၊ သဗ္ဗံ-အလုံးစုံသော ပျက်စီးခြင်းသည်၊
ပမာဒမူလကံ ယေ၀-ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းလျှင်
အကြောင်းရင်းရှိသည်သာတည်း လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖွင့်ပြတော်မူပါတယ်။
သာမာန်ပုဂ္ဂိုလ်တို့သည်
လက်ရှိဘ၀ချမ်းသာမှုကို အတိတ်ကံကြောင့်ဟုလည်း မဆင်ခြင်ဘဲလျက်
ကာမဂုဏ်အာရုံမှာ နစ် မြောကြတာများပါတယ်။ သားရေး၊ သမီးရေးတွေ၊ ကိုယ့်အတွက်
သူ့အတွက်စသဖြင့် မေ့လျော့နေကြတယ်။ ကိုယ့်စိတ် ကိုယ့်သဏ္ဍာန်မှာ ကိလေသာတွေ
ဝင်နေသလား ဘယ်လိုဖြစ်နေတယ်ဆိုတာလည်း ဘေးကနေမကြည့်ကြဘူး၊ မမြင်တတ် ကြဘူး။
ချမ်းသာမှုဒဏ်ကိုလည်း ခံနိုင်ရည်အတော်နည်းကြပါတယ်။ ချမ်းသာလာတယ်၊
အဆင်ပြေလာတာနဲ့အမျှ ကာမဂုဏ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို
မေ့လျော့တတ်ကြတယ်။ ဒီလို မေ့လျော့ခြင်းဆိုတဲ့ပမာဒတရားကို ပယ်ဖျောက်
ပြီးတော့ ဒါနဆိုသောအရာကို ပြုသင့်လှပါတယ်။
အများအတွက်
လှူဒါန်းတဲ့နေရာ၊ အများအတွက် ဆောင်ရွက်တဲ့နေရာမှာ တစ်လောကလုံးမှာ
မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတ စွမ်းဆောင်ရှင်ဖြစ်ပါတယ်။ ပရဟိတ စိတ်နဲ့ပဲ
ခက်ခဲတဲ့ ပါရမီတွေ ဖြည့်ကျင့်ခဲ့တာပါ။ ပရဟိတစေတနာရှင်ဟာ
ကိုယ့်ကျေးဇူးကိုသိလို့ တုန့်ပြန်မှု လုံးဝမျှော်စရာမလိုပါဘူး။
ဘုရားအလောင်းတော်တို့ ပြုကျင့်တဲ့ ပါရမီဆိုတာလည်း သဗ္ဗညုတဉာဏ်ကို
ဦးတည်ပြီးတော့ အများအတွက် အဆင်ပြေပါစေ၊ အကျိုးရှိပါစေတော့ရယ်လို့
ကိုယ့်အတွက် မငဲ့ကွက်ပဲ လှူဒါန်းခဲ့ကြတာချည်းပါပဲ။ ထိုကြောင့်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ-
ဧ၀ဉ္စေ ဘိက္ခဝေ ဇာနေယျံ၊ ဒါနသံဝိဘာဂဿ ၀ိပါကံ ယထာဟံ ဇာနာမိ၊ န ဒတွာ ဘုဉ္စေယျံ၊ န စ နေသံ မစ္ဆေရမလံ စိတ္တံ ပရိယာဒါယ တိဋ္ဌေယျ
ရဟန်းတို့…..ပေးကမ်းစွန့်ကြဲခြင်း
စေတနာရဲ့အကျိုးကို ငါသိသလို သတ္တာဝါများ သိကြမည်ဆိုလျှင် ကိုယ်စားမည့်
ဝတ္ထုထဲက သူတစ်ပါးကို မပေးမကမ်းဘဲ ဘာကိုမျှ စားနိုင်မည် မဟုတ်ဘူး၊
ကိုယ့်ပစ္စည်းကို မပေးရက်တဲ့ မစ္ဆေရစိတ်ဟာ လည်း သတ္တ၀ါတွေကို နှိပ်စက်နိုင်မှာ
မဟုတ်ဘူးလို့ မိန့်ကြားခဲ့တာပါ။ ထို့ကြောင့် မစ္ဆရိယဆိုတဲ့ ၀န်တိုမှု၊
ပမာဒဆိုတဲ့ မေ့လျော့မှု သည်တရားနှစ်ပါးကို ပယ်ခွာလိုက်လျှင်
ဒါနကုသိုလ်ပြုဖို့ အခြေအနေဟာ မိမိရှေ့မှောက်မှာ ရောက်နေမှာပါ။
ဒါနတရားဟာလည်း-
ဒါနံ သဂ္ဂဿ သောပါဏံ= နတ်ပြည်ကို တက်ဖို့ စောင်းတန်းလှေကားနှင့်လည်းတူတယ်။
ဒါနံ ပါထေယျ မုတ္တမံ= သံသရာ လမ်းခရီးမှာ စားသောက် သုံးဆောင်ဖို့ မြတ်သော ရိက္ခာထုပ်ကြီးလည်း ဖြစ်တယ်။
ဒါနံ ဥဇုဂတံ မဂ္ဂံ= နိဗ္ဗာန်သို့ ဖြောင့်ဖြောင့် သွားနိုင်သော ခရီးမှန်လည်း ဖြစ်တယ်။
ဒါနံ မောက္ခပဒံ ၀ရံ= မြတ်သောမဂ်ဖိုလ် နိဗ္ဗာန်ရဲ့အကြောင်းစစ် အကြောင်းမှန်လည်း ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။
ထိုကြောင့်
ဒါနဆိုသော အမှုသည် ပြုသင့်ပြုထိုက်သော၊ ပြုရမည့်
ကောင်းမှုကုသိုလ်ကြီးဖြစ်ပါတယ်။ မိမိတတ်စွမ်းသမျှဖြင့်
ပေးကမ်းစွန့်ကြဲလှူဒါန်းကြရမည် ဖြစ်ပါတယ်။ လှူဒါန်းပေးကမ်းစွန့်ကြဲမှုသည်
မြင့်မြတ်သူတို့အလုပ်ဖြစ်သလို၊ မြင့်မြတ်သော သူတို့သည်လည်း
လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိပါတယ်။ မြင့်မြတ်သော သူတို့သည်
အလှူတစ်ခုကို သာမန်လှူခြင်းအမှု မပြုကြသလို တခါတရံလည်း မဟုတ်ပါဘူး။
အမြဲပြုနေကြခြင်းဖြစ်ပါတယ်။ လှူဒါန်းသည့်နေရာမှာ လည်း သီလရှိသော ပုဂ္ဂိုလ်
ဂုဏ်သတင်းကျော်ကြားသော ပုဂ္ဂိုလ်မှ မဟုတ်ပဲ မည်သည့်ပုဂ္ဂိုလ်ကို မဆို ခဏခဏ
လှူဒါန်း ခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ကို ဦးတည် လှူဒါန်းသော ဒါနပင်ဖြစ်ပါတယ်။
ဤသည်ပင် ဒါနပါရမီမြောက် ဖြည့်ဆည်းတော် မူခြင်းဖြစ်ပါတယ်။
ပါရမီဖြည့်ဆည်းခြင်းဟူသည်မှာလည်း မိမိ၏ အကျိုးစီးပွားအတွက် ပါရမီပြည့်လို၍
ပါရမီဖြည့်ခြင်း မဟုတ်ဘဲ အများ၏ အကျိုးစီးပွားအတွက် ပါရမီပြည့်လို၍
ပါရမီဖြည့်ခြင်းဖြစ်ပါတယ်။
သို့ရာတွင်
အများအတွက် ရည်ရွယ်၍ ဆောင်ရွက်သဖြင့် မိမိအတွက် ရသောအကျိုးသည်
မိမိအတွက်ရည်ရွယ်၍ ဆောင်ရွက်သဖြင့် မိမိအတွက် ရသောအကျိုးထက် အဆပေါင်း
အသင်္ချေ ပိုပါတယ်။ ဤသည်မှာလည်း ကမ္မနိယာမ သဘောပင်ဖြစ်ပါတယ်။ ထို့ကြောင့်
မပေးကမ်း၊ မစွန့်ကြဲ၊ မလှူဒါန်းလိုသော မစ္ဆရိယစိတ်ပယ်ခွါ၊ ကာမဂုဏ်တောမှာ
မေ့မြောနေသော ပမာဒတရားကို ပယ်ခွါ၍ ဒါနဆိုသောပန်းကို လက်လှမ်းနိုင်ကြ၍
လက်ဝယ်သို့ရောက်ရှိကာ ထာဝရသုံးဆောင်နိုင်ကြပါစေ။
ဝိမုတ္တိရသမှ ပြန်လည်ကူးယူမျှဝေသည်
No comments:
Post a Comment